Sunday, June 6, 2010

" သိသင့်သောခေါင်းစဉ်ခွဲများ.."


" ဘုရားလောင်း (၃)မျိုး "

ဘုရား (၃) မျိုးမကွဲပြားပါ။ ပါရမီဖြည့်ကျင့်ပုံချင်း မတူသောကြောင့် ဘုရားလောင်း(၃)မျိုး ကွဲပြားရသည်။ ဗျာဒိတ်ရရန် အင်္ဂါ(၈)ပါး မပြည့်စုံမီ အချိန်ကာလကို အသင်္ချေ (&)x(&) နဲ့တောင် ရေတွက်လို့ မရနိုင် သည့်အတွက် ဘုရားဟောကျမ်းစာမှာ လုံးဝမပါချေ။ သို့သော် ဗျာဒိတ်ရခြင်းအင်္ဂါ(၈)ပါး ပြည့်စုံပြီးချိန်မှာ ဘုရားတစ်ဆူက ယင်းဘုရားလောင်း၏ ဥာဏ်ရည်( ယခုခေတ်အခေါ် I.Q= Intelligence Quotient) ကိုကြည့်ပြီး...

(၁) ပညာဥာဏ်ကို အဓိကထားမည့် ဘုရားလောင်းအား( ပညာဓိက ဘုရားလောင်း) ဟုဗျာဒိတ်ပေးပြီး (၄)သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရ၏။

(၂) ယုံကြည်ခြင်း သဒ္ဒါလွန်ကဲနေသည့် ဘုရားလောင်းအား( သဒ္ဒါဓိက ဘုရားလောင်း )ဟုဗျာဒိတ်ပေးပြီး
(၈) သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရ၏။

(၃) ၀ီရိယကိုသာ အားကိုးအားထားပြုနေသည့် ဘုရားလောင်းအား( ၀ီရိယဓိက ဘုရားလောင်း ) ဟုဗျာဒိတ်ပေးပြီး (၁၆) သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရ၏။

နောင်ပွင့်လတ္တံ့သော အရိမေတ္တယျမြတ်စွာဘုရားသည် ဘုရားလောင်းဘ၀က(၁၆) သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရသည့် ၀ီရိယဓိကဘုရားလောင်း ဖြစ်သည်။
ဂေါတမမြတ်စွာဘုရား လက်ထက်မှာ " အဇိတ " ဟူ၍ မထင်မရှား ရဟန်း ဖြစ်ခဲ့သည်။ ထိုအဇိတရဟန်းသည် ဗိမ္မိသာရမင်း၏ မြေးဖြစ်ပြီး အဇာတသတ်မင်း၏ သားတော်ဖြစ်သည်။



" ဒုက္ခရစရိယာ(၆) နှစ်ကျင့်ရခြင်းအကြောင်း "

ဂေါတမမြတ်စွာဘုရားလောင်းသည် ဒီပင်္ကရာမြတ်စွာဘုရားထံမှ ဗျာဒိတ်ရရှိခဲ့သော်လည်း ဒုက္ကရစရိယာ(၆) နှစ်ဟူ၍ မလာရှိသေးပေ။ ပါရမီဖြည့်လာတာ (၄)သင်္ချေနှင့် ကမ္ဘာတစ်သိန်းပြည့်နေပြီ ဖြစ်တဲ့ ယခု
ဘဒ္ဒကမ္ဘာမှာ ဂေါတမဘုရားမတိုင်မီ ကဿပ မြတ်စွာဘုရားပွင့်ခဲ့သည်။ (ဂေါတမဘုရား ဖြစ်တော့မည့်ဆဲဆဲ ဘုရားလောင်း)ဇောတိပါလ ပုဏ္ဏားလုလင်သည် ထိုကဿပမြတ်စွာဘုရားကို
" ဤဦးပြည်းကတုံးရဟန်းအဖို့ရာ သဗ္ဗညုတရွှေဥာဏ်တော်သည် အဘယ်မှာဖြစ်နိုင်အံ့နည်း၊ သဗ္ဗညုတရွှေဥာဏ်တော်ဟူသည်မှာ အလွန်တရာရခဲသောတရား ဖြစ်သည် " ဟုနှုတ်ဖြင့် ပြစ်မှားဝေဖန်ပြော ကြားခဲ့ဖူးသည်။ (၂၈)ဆူသောဘုရားများအနက် တခြားဘုရားများမှာ ရက်(သို့မဟုတ်) လသာကြာခဲ့ပြီး ဂေါတမမြတ်စွာဘုရားလောင်းမှ ထိုမကောင်းမှုဝစီဝိပါတ်ဝဋ်တော်လိုက်မှုကြောင့် ထူးထူးခြားခြား ဒုက္ကရစရိယာ(၆) နှစ်ကြာအောင် ကျင့်တော်မူရခြင်း ဖြစ်သည်။

" ဂေါတမမြတ်စွာဘုရားသက်တော်(၈၀) ဖြစ်ရခြင်း "

မြတ်စွာဘုရားတို့မည်သည် လူတို့သက်တမ်းအပြည့်နေရိုးမရှိ။ လူတို့သက်တမ်း၏ ၅ ပုံ ၄ ပုံ(၈၀%)သာ တည်တော်မူသည်။ ထို့ကြောင့် ဂေါတမမြတ်စွာဘုရားသည် ၁၀၀ x ၄/၅ =၈၀ နှစ်ဖြင့် ပရိနိဗ္ဗာန်ပြုခဲ့သည်။
ဗုဒ္ဓမြတ်စွာဘုရားများ ပရိနိဗ္ဗာန်ပြုခဲ့ကြသော်လည်း ပရိနိဗ္ဗာန်မပြုသော ဓါတ်ကြီး(၃)ပါး ဤစင်္ကြာဝဠာတွင် ထင်ရှားရှိဘိ၏။ ယင်းဓါတ်ကြီးများကား ဗုဒ္ဓမြတ်စွာဘုရားများ၏ မေတ္တာတော်ဓါတ်၊ မနောဓါတ်၊ အရိယာဓါတ်တို့ပင် ဖြစ်ကြကုန်၏။


ဆရာ S.S ခင်မောင်အေး(သင်္ချာ) ကမှီငြမ်းပြုစုထားသော စာစုမှ ကျနော်စိတ်တွေ့သော အပိုင်းအစများကို ထုတ်နုတ်ဖော်ပြပါသည်။
" အပ္ပမာဒေန သမ္ပာဒေထ "
( မမေ့မလျော့သော သတိတရားဖြင့် ကိစ္စခပ်သိမ်း ပြီးပြည့်စုံအောင် အားထုတ်နိုင်ကြပါစေ...)


ဖန်နေ၀န်း(ဗန်းမော်) ကုသိုလ်ပြုပါသည်။

No comments: