Showing posts with label " colourful Thinking ". Show all posts
Showing posts with label " colourful Thinking ". Show all posts

Wednesday, December 22, 2010

" colourful Thinking "


(၂) " အချစ်နဲ့ အတွေး "

အချစ်ဆိုတာလည်း တစ်ခါတစ်ခါ လမ်းဘေးလက်ကမ်းကြော်ငြာ ဝေသလို ဝေရရင်ကောင်းမယ်။ ဒါပေမယ့် ယူမိတဲ့ သူကတော့ ပြဿနာတက်သွား နိုင်တာပေါ့။ ကျုပ်အဖြစ်ကလည်း အချစ်ရေးမှာ သမင်မွေးရင်း ကျားစားရင်းနဲ့ပဲ " ချိန်ပါ " ဖြစ်နေခဲ့တာ အဆန်းတကြယ်တောင် မဟုတ်တော့ဘူး။ အိုင်တီ ( IT ) ခေတ်မှာ ရင်ဘတ်အဟောင်းတွေကို Refresh လုပ်တတ်ဖို့က အရေးအကြီးဆုံးပဲ။ သိုးနေတဲ့ ရင်ဘတ်ကြီးနဲ့ အသက်ရှူနေမှတော့ အောက်သိုးသိုး အနံ့ပဲထွက်လာ တော့မှာပေါ့။ အထီးကျန်နေလို့ ခင်ဗျားကို ပြတိုက်ထဲ ထည့်ထားရလောက်အောင်လည်း တန်ဖိုးမှမရှိတာ။ ရင်ခုန်သံက သက်သေပြရလောက်အောင် ကျယ်လောင် မနေဘူး။ အချစ်ဆိုတာ နောက်တစ်ဘူတာမှာ ရှိမယ်လို့ မျှော်မှန်းရင်း ကျုပ်အမြဲ ခရီးဆက်ခဲ့တယ်။ အချစ်ဆိုတဲ့ အသဲပုံ ဖုန်းနံပါတ်ဆီကို ကျုပ်မကြာခဏ မက်ဆေ့ပို့တာ အမြဲနံပါတ်မှားနေခဲ့တယ်။ Shit! လောကကြီး ခင်ဗျားဒါတော့ သက်သက်ယုတ်မာတာပဲ။

ကျုပ်အိပ်နေရင် အချစ်ကအမြဲ တံခါးလာ ခေါက်တတ်တယ်။ ခဏခဏ တံခါးထဖွင့်မိလို့ ကျုပ်အိပ်ရေးပျက်ပေါင်း လည်းများလှပြီ။ မဖွင့်မိပြန်ရင်လည်း အချစ်က သိပ်ကိုဆူညံ နေတော့တာပဲ။ ဘ၀ဆိုတာ အချစ်မဟုတ်ပေမယ့် အချစ်ကတော့ ဘ၀ပါပဲ။ ကျုပ်ကတော့ အချစ်ကို ဒူးမထောက်ပဲ ဦးညွှတ်တတ်တဲ့ လူစားမျိုးပါ။ ဒါဟာ လူသား ပီသမှုတစ်ခုပါ။ အချစ်ကို အပျင်းပြေ ခံစားတာမျိုးလောက် ကျုပ်ခံပြင်းတာ မရှိဘူး။ အရက်ကိုပဲ ရေရောလို့ ကောင်းတာပါ။ အချစ်ကိုရေမရောချင် စမ်းပါနဲ့။ အပျင်းပြေ ဆိုတာ ပျော်တော်ဆက်ပဲ။ သူငယ်ချင်း လို့ပဲ..လို့တော့ မလုပ်ခဲ့ပါနဲ့။ ဒါက မြစ်တို့၏ မာယာခေတ်က ခေတ်သုံး စကားတွေပါ။ အဖြူမဟုတ်ရင် အမဲ သဲသဲကွဲကွဲတော့ လုပ်ခဲ့ပါ။ မိန်းမနဲ့ ယောင်္ကျားသူငယ်ချင်း ဖြစ်ရတာ သိပ်ကိုစည်းများလွန်းတယ်။ သူငယ်ချင်းဟာ ချစ်သူဖြစ်လာ နိုင်ပေမယ့် ချစ်သူကနေ သူငယ်ချင်းဆိုတာကတော့ တစ်ကယ်ကို အောက်သက်သက် နိုင်လွန်းတယ်။ ခင်ဗျားတို့ပြောတဲ့ လူအခွင့်အရေးအသံတွေ စီဝေနေတဲ့ ဒီမိုကရေစီ တောထဲမှာ အချစ်ကတော့ မပါလောက်ဘူး။ လူ့ခန္ဓာကိုယ်ကိုပဲ ဘလက်ကာယ ပြုလို့ရချင်ရမယ်။ ခင်ဗျား တန်ဖိုးထားတဲ့ အချစ်ကို မုဒိန်းကျင့်ပြီး အပိုင်သိမ်းလို့ သေတောင်မရနိုင်ဘူး။ ကိုယ်ချစ်တဲ့သူက ကိုယ်မတရားတာ လုပ်မိခဲ့ရင် ပါးရိုက် လိုက်လို့ရတယ်။ လောကကြီး မတရားခဲ့ရင် ကျုပ်ကကိုယ့်ပါးကိုယ်ပဲ ပြန်ရိုက်ဖို့ရှိတော့တယ်။

ခုခေတ်ကြီးက မိန်းကလေးတွေ ရေလာမြောင်းပေးတဲ့ ခေတ်မဟုတ်တော့ဘူး။ တစ်ကယ်ချစ်တဲ့ ယောင်္ကျား တစ်ယောက်ရှေ့ ဒူးထောက်ပြီး Propose လုပ်ဖို့ဝန်မလေး ကြတော့ပါ။ မဟုတ်ရင် ဦးရာလူဆိုတဲ့ ဖူးစာသူနဲ့ အကြောင်းပါသွားခဲ့ရင် လွမ်းရချည်ရဲ့ မလားလေ။ အချစ်ဆိုတာ ကြိုတင်မဲတို့၊ နောက်ကျဂိုးတို့နဲ့ အနိုင်ပိုင်းလို့ မှမရတာ။ တစ်ချို့ကျ အချစ်ရှိပါတယ်ဆို ပင်နတီရသလို နောက်တိုးအချစ်မျိုးနဲ့ ကြုံတတ်ကြပြန်တယ်။ ဘယ် မိန်းကလေးကမှ " အော်ဆွေး " ( အော်ရယ်ဂျင်နယ်အတိုင်း ဆွေးသွားခြင်း or အပျိုကြီး ) မဖြစ်ချင်ကြပါဘူး။ အချစ်လား သူဖျားနေတယ်ဆိုတာ စာထဲပဲကောင်းတာပါ။ ဒီခေတ်မှာ ထက်မြက်တဲ့သူတွေက သူတို့ အိမ်ထောင်ဖက်ကို ခပ်တုံးတုံးမဖြစ် စေချင်ကြဘူး။ ရင်ခုန်သံဦးကျိုးဖူးတဲ့ သူများကြပြန်တော့ ပေါ့ပျက်ပျက် အချစ်နဲ့ပဲ အသက်ဆက်ကြပြန်တယ်။ သိပ်ချစ်ခဲ့ဖူးတဲ့သူဆိုတာ ဘယ်နေရာ၊ ဘယ်အရွယ်ရောက်ရောက် မေ့လို့မရကြပါဘူး။ ဒါကို အချစ်ဦး လို့ခေါ်မလားပဲ။

တစ်ခါတုန်းက အချစ်နဲ့ပတ်သက်ပြီး ကစားပွဲလေး ရှိခဲ့ဖူးတယ်။ ကောင်လေးနဲ့ကောင်မလေးဟာ အတူတူ ကစားဖော် ကစားဖက် တွေဖြစ်ကြတယ်။ ကောင်မလေးမှာ ချစ်သူရှိတယ်။ ကောင်လေးမှာတော့ သူစုဆောင်းထားတဲ့ စကျင်ကျောက်တွေ ရှိတယ်။ တစ်နေ့တော့ ကောင်လေးက သူ့မှာရှိတဲ့စကျင်ကျောက်တွေနဲ့ ကောင်မလေးရဲ့ ချစ်သူကိုလဲလှယ်ပေးဖို့ တောင်းဆိုခဲ့တယ်။ ကောင်မလေး ကလည်း သဘောတူခဲ့တယ်။ ဒါပေမယ့် ကောင်လေးဟာ အကြီးဆုံးနဲ့ အလှပဆုံး စကျင်ကျောက်တွေကို ဖယ်ထားခဲ့ပြီး ကျန်တာတွေကို ကောင်မလေးကို ပေးခဲ့တယ်။ ကောင်မလေးကတော့ ကတိအတိုင်း သူ့မရဲ့ ချစ်သူကို ပေးခဲ့တယ်။ ထိုနေ့ညမှာ ကောင်မလေးက အေးချမ်းစွာ အိပ်စက်နိုင်ခဲ့ပေမယ့် ကောင်လေးကတော့ ကောင်းစွာ အိပ်မပျော် နိုင်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ကောင်မလေးဟာ သူ့ရဲ့ကွယ်ရာမှာ သူစကျင်ကျောက်တွေ ဖယ်ချန်ထား ခဲ့သလိုသူ့နောက်ကွယ်မှာလည်း ချစ်သူနဲ့ပျော်နေလိမ့်မလား ဆိုပြီး တွေးပူနေခဲ့လို့ပါပဲ။ ဒီကစားပွဲက ရိုးရိုးလေးပါ။ မိမိတို့ဟာ တစ်စုံတစ်ဦးပေါ်မှာ ရာနှုန်းပြည့် ပေးဆပ်နိုင်မှု မရှိခဲ့ရင် သူ့ဘက်မှလည်း ရာနှုန်းပြည့်မိမိကို ယုံကြည်မှုရနိုင်ပါ့ မလားဆိုတာ အမြဲသံသယ မကင်းနိုင်ကြပါဘူး။ ခင်ဗျားတို့လည်း ဘ၀မှာ အရာရာကို ရာနှုန်းပြည့် သူတစ်ပါးပေါ်မှာ ပေးဆပ်နိုင်ခဲ့ရင် ငြိမ်းချမ်းစွာ အိပ်စက် နိုင်မှာသေချာပါတယ်။

အချစ်ဆိုတာ စိတ်ကူးယဉ်ဝင်္ကဘာထဲ ခပ်ထွေထွေလေး လွင့်ရသလိုမျိုးပဲ။ မူးလို့ကောင်းသလို ရူးလို့လည်း ကောင်းတယ်။ တွေးလို့ကောင်းသလို ဆွေးလို့လည်း ကောင်းပြန်တယ်။ ကွေ့ကောက်တတ်တဲ့ မာယာပါတဲ့ မြစ်တစ်ဆင်း လို့ယူဆမိတယ်။ ကျုပ်ကတော့ အချစ်ကို လွင့်ပါးတဲ့စိတ်နဲ့ စိတ်လှိုင်းခတ်သံ ခပ်ပါးပါး တစ်ခါတစ်ခါ ဖတ်ဖြစ်တယ်။ တစ်ခါတစ်လေလည်း ကိုယ့်အတွေးနဲ့ ကိုယ်ပြန်ရှက်နေ တတ်တယ်။ အလိုက် မပေးရတဲ့ ခံစားချက်တွေကို တိမ်တွေလို၊ လေတွေလို လွင့်...မျော...စံစားရင်း စိတ်ကူးနဲ့ပဲ ခပ်မြင့်မြင့်မှာ ၀ဲဝဲလေးလွင့် နေရတာစွန်တစ်ကောင်လို ခံစားရတယ်။ အချစ်အတွက်ဆို အရည်မပျော်မှန်း သိပါရက်နဲ့ ထိုင်စောင့် နေတတ်တယ်။ ကျုပ်ရင်ဘတ်ကြီးက မြစ်ကျိုးအင်းလို ကွေ့သည်တစ်လှည့်၊ ကောက်သည် တစ်လှည့်နဲ့။ အချစ်ယှက်သွယ်နေတဲ့ ညနေခင်းဟာ သိပ်လှခဲ့ဖူးတယ်။ ခံစားချက် ချိုနေတဲ့အချိန်လေး အချစ်ကိုစားသုံးလိုက်ရတာ သိပ်တန်ဖိုးရှိတယ်။ မတော်တဆ လိပ်ပြာတစ်ကောင် ပုခုံးပေါ်လာနားချိန်ဟာ လိပ်ပြာလေး ချစ်တဲ့သစ်ပင် အဖြစ်ဂုဏ်ယူမိတယ်။ ပင်ဝါးရုံက လေယူတိမ်း တတ်တယ်တဲ့။ ကျုပ်စိတ်ကတော့ မထောင်ခင် ကတည်းက ညွှတ်ကွင်း မိနေသလိုမျိုးပဲ။ တစ်ခါ တစ်ခါလည်း ခံစားချက်တွေကို အစိမ်းလိုက် မြိုချမိလို့ ပျို့တောင်ပျို့တယ်။

ကျုပ်ကကြယ်တွေကို ချစ်တယ်။ ကြယ်ကြွေတာကို မနှစ်မြို့ဘူး။ အသဲကွဲတဲ့ညမှာ ကြယ်ကြွေတာဟာ ရင်ဝလှံဆူးတာထက် ပိုဆိုးတယ်။ အချစ်ဒဏ်ဆိုတာ သေရွာပါပဲ။ လူတွေဟာ ချစ်ခြင်းမေတ္တာတွေကို လောဘကြီးရင်း အရနည်းခဲ့ကြတယ်။ လူသေရင် အသုဘလို့ နာမည်ပေးပြီး သေဆုံးခြင်းအခမ်းအနား လုပ်ကြတယ်။ အချစ်ဆုံးတဲ့ ရင်လူးပွဲကျတော့ မစည်ကားပဲ ကြေကွဲကြရတယ်။ လူတွေက အချစ်သခင်ပဲ ဖြစ်ချင် ကြတာပါ။ အချစ်ရဲ့ ကျေးကျွန်ဖြစ်မှာတော့ ကြောက်ကြတာ ချည်းပါပဲ။ အချစ်က သစ်ပင်လို အချိန်တန် ရွက်နုဝေပြီး အမြစ်တွေဆွေးသွားမျိုး မှမဟုတ်တာ။ အချစ်ဆိုတာ " ချစ်တယ် " လို့အကြိမ်ပေါင်း များစွာ အော်ဟစ် နေရုံနဲ့မပြီးပါဘူး။ ရင်ဘတ်နဲ့ရင်းတဲ့ အချစ်ဆိုတာ အနည်းနဲ့အများတော့ အောင့်မှာပဲ။ သူ့အရသာက နဲနဲလောက်တော့ သက်နေလိမ့်မယ်။

တစ်ချို့လူတွေက Bankrupt ဖြစ်မှာကြောက်ရင်း Sick of Love ကိုမလိုအပ်ပဲ ခံစားနေကြရတယ်။ ဒီရာစုသစ် မှာက အချစ်=အချစ်? ဒါမှမဟုတ် အချစ်=ငွေကြေး? ဟောလိဝုဒ်မပြောပါနဲ့လေ။ ကျုပ်တို့ ရွှေပြည်ကြီးက တစ်ချို့ဆို အချစ်ဆိုတာ သိန်းသုံးရာ့ ငါးဆယ်တန် ဟန်းဖုန်း ( သူပြောတာပဲ ဟုတ်လားမဟုတ်လားတော့ မသိ ) ၀ယ်ပေးနိုင်လို့ အဖေအရွယ်ကို အချစ်စစ်လုပ်လို့ ရနိုင်တာပဲ။ ဒီလိုမြောင်းပေးနိုင်ရင် ရေလာတာမှ ခလုတ် တောင်ထဖွင့် စရာမလိုတဲ့ခေတ်လေ။ ယောင်းမမြင်းစီးထွက်တာသာ စကားပုံရှိတာလေ။ ယောက္ခထီး မြင်းစီးထွက်တာကျ ( Small ဆွဲခြင်း ) ဘယ်သူသိတာမှတ်လို့။ ကျုပ်ငယ်ငယ်ကတည်းက ဟတ်ထိတဲ့ သီချင်းလေး ကြားဖူးထားတယ်။ တို့မိန်းမယူရင်ကွယ် ရုပ်ရည်လည်း ချောရမယ်၊ ပိုက်ဆံလည်းပေါရမယ်...တဲ့။ ဖြစ်နိုင်ရင်ကျုပ်ရဲ့ အချစ်စစ်ကို " ၀မရရ " လေးဆီ CV Form ပေးချင်မိပါရဲ့။ ဒါပေမယ့် ကျုပ်ဟမ်ဘာဂါ ဖြစ်မှာတော့ ကြောက်တယ်ဗျ။

ဒီခေတ်မှာ အချစ်ဆိုတာ ဖေ့ဘွတ်မှာ စုံတွဲဓါတ်ပုံတင်ဖို့ အလန်းဇယားနဲ့ လမ်းသလားကြတာ မျိုးများလား။ Love Anniversary နေ့တွေမှာ စုံတွဲပျို ( ကလေးမယူကြသေးသူများ) တို့ ရေသွားကူးကြ တဲ့ပုံတွေကအစ ဝေေ၀ဆာဆာ နဲ့ပါပဲ။
" မမပိုလှလာတယ်.." ကော့်မက့်လိုက်ရုံနဲ့ ရေးချင်ရက်ဂွင်ဝင် ဆိုသလိုပါပဲ။
"ဟုတ်တယ် ရေကူးဝတ်စုံက နဲနဲများကျပ်နေသလားလို့ US ကဘရားသားက ပို့လိုက်တာလေ..." ဒီလို အတင်းကို မဆိုင်လည်း မယ်မယ်ရရလေး ပြန်ဖြေတတ်ပြန်ရော။ ကျုပ်နဲ့မဆိုင်သော်လည်း မနေနိုင်တဲ့လက်က ရေးချင်နေမိတယ်။ စာရေးချင်တဲ့သူတွေများ စကားများထက်လူထက် ကြောက်ဖို့ ပိုကောင်းတယ်။ ဖေ့ဘွတ် ဝေါပေါ်တက်ပြီး အချစ်နဲ့ မောင် နှစ်ပါးသွားတဲ့ အချစ်မျိုးကျပြန်တော့ လူသိရှင်ကြား ချစ်ပြတာမျိုးများလား။ Love is not public! မဟုတ်လားဗျာ။ လူတွေက Sex is not public. လောက်ပဲသိထား ကြတာကိုး။ ဒီလိုသာ ကြော်ငြာကြေးဆို သတင်းစာထဲ " မာယာမပါတဲ့ အချစ် အလိုရှိသည် " လို့ကျုပ်ထည့်ချင်မိပါရဲ့။

ကျုပ်ကတော့ ကျုပ်ကိုပါးရိုက်ပြီးမှ အဖြေပေးမယ့် ချစ်သူမျိုးပဲ မျှော်လင့်မိတော့တယ်။

ဖန်နေ၀န်း



Monday, December 20, 2010

" colourful Thinking "

(၁) " ဘ၀နဲ့ အတွေး "

လူ့ဘ၀ဟာ ပျော်နေသယောင်နဲ့ ပျင်းရိစရာ ကောင်းလာတယ်။ ညစာစားစရာ မရှိတဲ့သူဟာ နေ၀င်ချိန်တွေကို ကဗျာမဆန် နေနိုင်ဘူးလေ။ လွမ်းရေးထက် ၀မ်းရေးကပိုခက်တယ် မလား။ ဘ၀က ကဗျာပီပီ၊ စာပီပီရေးတတ် အောင်မသေမချင်း ချင့်ချိန်နေရမှာပါပဲ။ ရှိတာလေးနဲ့လောက်အောင်စား၊ လှအောင်ဝတ်ကြကြေးဆို လူ့ဘ၀မှာ ပြိုင်ပွဲဆိုတာ မရှိတော့ဘူးပေါ့။ အစွန်းမရောက်တဲ့ မဇ္ဇိုမပဋိပဋာထဲမှာ ရောင့်ရဲတင်းတိမ်ခြင်း ကသပ်သပ်ပါ။ လူက၀တ်ကျေတမ်းကျေ မရယ်ချင်လည်း ရယ်နိုင်သေးတယ်။ ဒါဟာ စက်ရုပ်ထက်သာ တဲ့အချက်ပဲ။ ခင်ဗျား ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ခင်ဗျားဟာ ငွေဝယ်ကျွန်ပါပဲ။

ဘယ်ရှော့ပင်းမောမှာမှ ဈေးကြီးတဲ့ Branded Life တွေအသင့် မရောင်းဘူး။ ဘ၀ဆိုတာ ကိုယ်တိုင် Branded ဖြစ်လာအောင် ဖန်တီးနေရတဲ့ ဈေးသည်လိုပဲ။ လောကကြီးကဘာကို သတိထားရမလဲ ဆိုတာကို ( ! ) မပြဘူး။ ဘ၀ဆိုတာ စီဘောက်ထဲမှာလို စိတ်ကြိုက် ရေးခွင့် မရှိဘူး။ IT ခေတ်မှာ သတင်းစာနာရေး သတင်းထက်အင်တာနက်က အတင်းအဖျင်းတွေက ပိုစိတ်ဝင်စားဖို့ ကောင်းတယ် မလား။ သိပ်လှတဲ့မိန်းကလေးတွေမှာ ချိုင်းမွှေးတွေရှိနေတာ လောကကြီး အပြစ်လား။ တစ်ခါ တစ်ခါလည်း စတော့ကင်(stocking) ၀တ်ထားတဲ့ မိန်းကလေးပေါင်လုံးက ကိုယ့်ထက်တုတ် နေတာကျ လောကကြီးက တယ်မတရားဘူး။ ခုခေတ်မှာ အရက်သောက်တတ်တဲ့ မိန်းကလေးက အပျက်မ မှမဟုတ်တော့တာ။ နေရာတိုင်းမှာ ညနေစောင်း ညဉ့်ငှက်မလေးတွေ ကျက်စားတဲ့ ဒေသဟာ ပိုစည်ကား လေ့ရှိတယ်။ ကုန်ဈေးနှုန်းတွေတက်တော့ သူတို့စက်ရှင်( Section )ခတွေလည်း ကြေးမြင့်ကြရမှာပေါ့။ သူတို့ကိုအပြစ်ပြောဖို့ တော့မရှိပါဘူး။ ကျုပ်ကလည်း သူတော်ကောင်းမှ မဟုတ်ပဲ။


လောကမှာ သူများဦးနှောက် ဖောက်စားတတ်တဲ့ လူကပညာရှိလား၊ အဖောက်စားခံရတဲ့ သူကပညာရှိလား။ တစ်ရက်ကို စာမျိုးစုံ တစ်ဘီလီယံ (သန်းတစ်ထောင်) ကျော်တင်နိုင်အောင် Facebook ကွန်ရက်တီထွင်ခဲ့သူ Mark Zuckerberg ကိုကျုပ်တို့ ကိုးကွယ်ဖို့ လိုအပ်သလား။ ကိုယ်လေးစားရင် ဒူးမညွတ်နိုင်တောင် ဦးညွတ် သင့်တယ်လို့ ကျုပ်ယူဆတယ်။ လူဆိုတာ ဟုတ်တာချည်းပဲ လုပ်နေရင်လည်း လောကကြီးက ပျင်းစရာကောင်း လာတော့မှာပေါ့။

ခုခေတ်စားနေတဲ့ ၀ီကိလိခ် အင်တာနက်ဝဘ်ဆိုက် ထူထောင်တဲ့ Julian Assange တို့လို တစ်လွဲဆံပင်ကောင်း လုပ်မှလည်း ကျုပ်တို့က မျက်စိပွင့်၊ နားပွင့်ရှိမယ်မလား။ နည်းပညာတွေနဲ့ မအားလပ် တဲ့ကြားမှာပဲ သူက ဆွီဒင်နိုင်ငံမှာ အမျိုးသမီး ၂ ဦးကို အလိုမတူဘဲ လိင်ဆက်ဆံမှုလည်း ရှိခဲ့သေးသတဲ့။ လူဆိုတဲ့သတ္တ၀ါမျိုးက အရေးပေါ်မဟုတ်တဲ့ Emergency ထွက်ပေါက်မျိုးကို ရှာဖွေတတ်ကြတာလည်း ခုခေတ်မှာ သိပ်တော့မဆန်း လှပါဘူးလေ။ ကျုပ်လည်း တစ်ခါလောက်တော့ ကမ္ဘာကျော်ဖြစ်ချင် သေးတယ်ဗျ။ ငရဲမင်းနဲ့ ချက်တင်အကြောင်း အေးအေးဆေးဆေး ဆွေးနွေးကြည့်ချင်တယ်။ ကွန်ပြူတာလက်ကွက်နဲ့ ပြောတာကို ခင်ဗျားအပြစ်ရှိတယ်လို့ ယူဆသလားလို့ မေးကြည့်မယ်။ ဘယ်လိုပြစ်မှုကို အထမြောက်တယ် ဆိုတာပါ ဆွေးနွေးမယ်။ ကျုပ်ဒါတွေ ကမ္ဘာကြီးကို ချပြနိုင်ရင် Person of the year လောက်တော့ အရွေးခံရ လောက်တယ်ဗျ။


လောကကြီးနဲ့ကျုပ်ကတော့ ချစ်သူဖြစ်လိုက်၊ ရန်သူဖြစ်လိုက်နဲ့ပါပဲ။ အခန့်မသင့်ရင်လည်း ကျုပ်ကတော့ ငါကိုင်တုတ်တာပဲ။ သူကကျုပ်ကိုဆို မျက်နှာသာသိပ်ပေးတာ မဟုတ်ဘူးဗျ။ ကျုပ်ကအလုပ်ချိန်ကလွဲလို့ အလုပ်သိပ်ရှုပ်နေ တတ်တဲ့ကောင်။ ရုံးဆင်းချိန်နဲ့ အားလပ်ရက်တွေမှာ အမောပြေအလုပ်တွေနဲ့ ဇယ်ဆက် နေရတယ်။ ကျုပ်ကတော့ သိပ်ရှုပ်ထွေးနေတဲ့ ချည်ခင်ကို အစရှာဖို့ဘယ်တော့မှ မကြိုးစားဘူး။ အသစ်တစ်လုံး ပဲထပ်ဝယ်လိုက်မယ်။ အချိန်ကငွေထက် ကြေးကြီးတယ်လို့ ကျုပ်ယူဆမိတယ်။

ကျုပ်က သေမျိုးတွေ အချင်းချင်း မာနတံခွန်တက် နေတာအားကြီး မုန်းတတ်တဲ့ကောင်။ တစ်ကယ်ဆို မြန်မာပြည်ဘွား လန်ဒန်ကကလူလည်း သေမှာပဲ။ နာဂစ်ဖြစ်ပြီး တစ်ကောင်ကြွက် ဖြစ်နေခဲ့တဲ့ လူမြေကြွက် လည်းသေရမှာပဲ။ အသေပြိုင်ပွဲမှာ အလှဆုံး ဆိုတာ သူ့သမိုင်းပဲ ရှိတယ်။ သေမှတော့အခေါင်းကို ကာလာစုံရွေးခိုင်းဖို့ မလိုအပ်ပါဘူး။ စိတ်အေးလက်အေး ဒုန်းဒုန်းချပြီး အသက်ကို ထုတ်ပစ်လိုက်နိုင် ဖို့အရေးအကြီးဆုံးပဲ။ နောက်ဆုံးထွက်သက်ဟာ ညင်သာနေဖို့ပဲ လိုတယ်။ ၀ါကျဆုံးရင်တာ ပုဒ်မ(။) ချလို့ရတယ်။ ဘ၀ဆုံးရင် သူ့အတွက် ပုဒ်မ(။) ဆိုတာ မရှိဘူး။ ကျုပ်က တော့လေ သံသရာကို ကဗျာလုပ်ပြီးရေးရမှာတောင် ကြောက်မိတယ်။ ကျုပ်တို့အတွက် သံသရာကြွေးဆိုတာ နည်းတာမှတ်လို့။ ခင်ဗျားမကျေနပ်ရင် လဲသေလိုက်ရုံပဲ ရှိတော့တယ်။ ခင်ဗျားရဲ့ အကုသိုလ်ကံတွေ အတွက် လျော်ကြေးကို ဘယ်လောကပါလနတ်မင်းကမှ တတ်နိုင်မှာလည်း မဟုတ်ဘူး။ လူတွေက ကောင်းမှုလုပ်ရမှာသာ ၀န်လေးနေသလိုလို၊ မဆိုင်သလိုလို နေတတ်ကြတာ။ အကုသိုလ်များလုပ်ဖို့ဆို သေချာပြင်ဆင်ပြီး အပင်ပန်းခံ တတ်ကြတာမျိုးတွေလေ။


ဘ၀မှာ ပညာကုန်သွယ်ခြင်းက ငွေကုန်သွယ်ခြင်း ထက်မြတ်သတဲ့။ ခုခေတ်ကတော့ ငွေကုန်သွယ်ခြင်းကပဲ ပိုမြတ်နေသလိုပါပဲ။ ရွှေအိုးရှိမှ ပညာရှာလို့ ရတဲ့ခေတ်မလား။ " Life is No money, No beauty." ရာနှုန်းပြည့်တော့ ကျုပ်မဆိုလိုပါဘူး။ ကမ္ဘာ့နံပါတ်တစ်နေရာကို ယူနေကြတဲ့ အချမ်းသာဆုံး ဆိုတဲ့ ပုဂ္ဂိုလ်တွေထက် လူမသိသူမသိ နံပါတ်တစ် နေကြတဲ့လူတွေ မရှိနိုင်ဘူးလို့ ခင်ဗျားတို့ထင်သလား။ " အဟက် " ဒီလိုပဲ လှောင်ရယ်ချင်တော့တယ်။ ပညာတတ်နဲ့ လူချမ်းသာဆိုတာ တစ်ကိုယ်တည်း ပူးနေမှ လူဖြစ်ကျိုးနပ် တဲ့ခေတ်လေ။

ခုခေတ်က Professional နဲ့ ၀ါသနာကို ခွဲတတ်လာကြပြီ။ များသောအားဖြင့် ၀ါသနာပါရာနဲ့ ငွေရှာတာထက်၊ ငွေရှာနေရင်းမှ ၀ါသနာပါရာကို အကောင်အထည် ဖော်နေကြတဲ့ခေတ်လေ။ ဒီခေတ်မှာ စာရိတ္တကောင်းပြီး မွဲတေနေရင်လည်း လူရာမ၀င် နိုင်ပြန်ဘူး။ ဂလိုဘယ်ခေတ်ကြီးထဲမှာ ကျုပ်တို့ဦးနှောက်တွေ ကောင်းနေဖို့၊ သွေးတွေရဲနေဖို့ပဲ လိုအပ်တယ်။ ငယ်ငယ်ကတည်းက ကျောင်းမှာအဆင့်နောက်ဆုံး ရခဲ့လို့ ၀မ်းနည်းစရာ မရှိပါဘူး။ ခပ်တုံးတုံးအတွေးအခေါ် တွေကိုသာ ခေါင်းထဲထည့်မထားဖို့ လိုအပ်တာပါ။ ဘ၀မှာ ခေါင်းကိုက်တာနဲ့ ခေါင်းဖြတ်လိုက်စရာမှ မလိုအပ်တာ။


" ဘ၀ဆိုတာ အတွေးတွေကို တင်ဆောင်ခုတ်မောင်းလာတဲ့ ရထားတစ်စီး လိုပါပဲ။
"

ဖန်နေ၀န်း