Wednesday, December 15, 2010

" သုံးဆယ့်တစ်ရဲ့ နေ၀င်ချိန် "


(၁)
ဒီဇင်ဘာသုံးဆယ့်တစ်ရက်။
လူတိုင်း ဟက်ပီးနယူးယားအတွက် ရင်ခုန်ပျော်ရွှင် တဲ့နေ့တစ်နေ့။ ဒါပေမယ့် ဒေါ်လဲ့ခိုင် အတွက်တော့ အသဲနှလုံးတစ်ခုလုံး နုတ်ယူသွားသလို ကြေကွဲခဲ့စားနေရသည်။ ဒီဇင်ဘာလို ခိုက်ခိုက်တုန်လှတဲ့ ဆောင်းတွင်း ရောက်တိုင်း ရင်ထဲကအပူမီးဟာ ယခုထိတောက်လောင် နေဆဲပင်။ " ဟက်ပီးနယူးယား " ဟုအော်သံ တွေကြားတိုင်း သတိတရား မရှိတော့ လောက်အောင် သူမရင်ကွဲမတတ် ခံစားနေရသည်။ သူမရင်ထဲက အမာရွတ်ကသေရာပါ နေခဲ့ပြီ။ သူမရဲ့ ရင်တွင်းမီးဟာ ဘယ်လိုနည်းနဲ့မှ ငြိမ်းသတ်မရနိုင် လောက်အောင် မီးညွှန့်ကြီးလှသည်။ ဒီဇင်ဘာသုံးဆယ့်တစ်ရက် ရောက်တိုင်း ကြေကွဲမှုတွေက သွက်သွက်ခါ နေတတ်သည်။ သူမလောကဓံတရားရဲ့ လှည့်စားခြင်းကို ခုထိအဖြေရှာ မရနိုင်ပါ။ အဖြစ်အပျက်တွေက မနေ့တစ်နေ့ကလိုပင် အသစ်အတိုင်း လတ်ဆတ်ဆဲ ရှိနေတုန်းဖြစ်သည်။ ခုလည်းမကြာခင် ရောက်လာမယ့် ထိုနေ့အတွက် သူမတွေးရင်း ငိုရပေဦးမည်။ သူမအတွက် မျက်ရည်က ခံစားရသလောက် မကျနိုင်တော့ပါ။

(၂)
အဲဒီနေ့တုန်းကပေါ့။ ဒေါ်လဲ့ခိုင်တို့ လင်မယားနှစ်ယောက် ဧည့်ခန်းထဲ စကားစမည်ပြောရင်း သားအိမ်အပြန်ကို စောင့်နေကြသည်။ မိုးသိပ်မချုပ်စေဖို့ သူမသားကို သေချာမှာ လိုက်သေးသည်။ သားကဆိုင်ကယ်စီးရင် အရှိန်ကို တင်မောင်းတတ်သော အကျင့်ရှိသည်။ ထို့ကြောင့် သူမသားကို အပြင်သွားတိုင်း ရတက်မအေးနိုင် ရှိလှသည်။ ဒီညလို နှစ်ကူးမယ့်ညဆို လူတွေက သိပ်ရှုပ်ထွေးလှသည်။ ဆယ်တန်းစာမေးပွဲဖြေပြီးတာနဲ့ ဂျပန်ဆိုင်ကယ်ဝယ်ပေးဖို့ ကတိပေးမိတာ မှားသွားလား ဟုသူမ မကြာခဏ တွေးမိသည်။ အဖေလုပ်သူ ကတော့ မင်းသားက ယောင်္ကျားလေးပါကွာ ဆိုပြီး သိပ်အပူအပင် မရှိလှ။ သားကခုမှ ဆယ်ကျော်သက်လေးမို့ သူမသိပ်စိတ်မချတာတော့ အမှန်ပင်။ သားသမီး ဆက်မထွန်းကားခဲ့လို့ တစ်ဦးတည်းသောသားကိုပဲ အားကိုးပြီးချစ်နေရသည်။ ညဆယ်နာရီ ထိုးခါနီး အချိန်ထိ သားကအိမ်ပြန်မရောက်သေး။ သားအိမ်ပြန် မရောက်သေးတိုင်း သူမစိတ်ဒုန်းဒုန်း ချပြီးမအိပ်နိုင်ခဲ့ပါ။ မေးကနဲ ငိုက်ကျသွားရာမှ အသံသဲ့သဲ့ ကြား၍ ဒေါ်လဲ့ခိုင်ဆတ်ကနဲ ထထိုင်လိုက်သည်။

" ဟဲ့ သားလေး မိုးချုပ်လှချီလား " သူမလှမ်းမေးလိုက်သည်။ သူမသားကို မမြင်ရသေးပေ။ သူမ မီးခလုတ်ကို ထဖွင့်လိုက်မှ သားကိုမြင်လိုက်ရသည်။ သားမျက်နှာခါတိုင်းလောက် မရွှင်ပြပဲ ညိုးနွမ်း နေသလို သူမ ခံစားနေရသည်။ သူမကို ဘာမှပြန်မပြောပဲ သားလုပ်သူက သူ့အခန်းထဲ ၀င်သွားသည်။ သားသောက်လာတာ သူမအနံ့ရနေသည်။ သားအဖေသိရင် မိုးမီးလောင်မှာဆိုး၍ သူမဘာမှ သားကို ပြောမနေတော့။ သူမ ဧည့်ခန်းမီးကို ပြန်ပိတ်မယ် လုပ်တုန်းသားက သူ့အိပ်ခန်းထဲမှ ပြန်ထွက်လာခဲ့သည်။ သူမရုတ်တရက် ကျက်သေသေသွားသလို တစ်ကိုယ်လုံး ရပ်တန့်သွား၏။ သားက လည်ကတုံးအင်္ကျီအဖြူနဲ့ ကချင်ပုဆိုးကို ၀တ်ပြီးထွက်လာခဲ့သည်။ သူမတို့ မိသားစုသုံးယောက် ဘုရားသွားကျောင်းတက်တိုင်း သားကဒီလို ၀တ်လေ့ရှိသည်။ သူမသားမျက်နှာကို သေချာစိုက်ကြည့် လိုက်သည်။ အံ့သြထိတ်လန့်မှုနဲ့ အတူသူမ မင်သက်သွားခဲ့သည်။ သားမျက်နှာမှာ မျက်ရည်တွေနဲ့ စိုရွှဲနေပါလား။

" သား "

သူမတိုးတိုးလေး ခေါ်လိုက်ပေမယ့် အသံကခပ်ကျယ်ကျယ် ထွက်သွားသည်။ သူမခေါ်သံကြားမှ သားလုပ်သူက သတိဝင်လာသလို ကမန်းကတန်း မျက်ရည်သုတ်လိုက်သည်။ ပြီးတော့ သူမဆီကိုတိုးလာခဲ့ပြီး ပါးပြင်ကိုခပ်ဖွဖွ နမ်းလိုက်သည်။


" သား မေမေနဲ့ဖေဖေကို သိပ်ချစ်တယ် "

သားကပြောပြီး သူမကိုထိုင်ခိုင်းလိုက်သည်။ သူမရှေ့ ရိုကျိုးစွာပဆစ်တုပ် ထိုင်ပြီး သူမနှင့် အိပ်နေတဲ့ အဖေ လုပ်သူကို ကန်တော့လိုက်သည်။ လိမ္မာလိုက်တဲ့ သားလေးလို့ သူမပြော မထွက်နိုင်ခဲ့ဘူး။ သူမရင်ထဲမှာ စကားလုံးတွေ ပြောမရလောက်အောင် ဆို့နှစ်နေခဲ့သည်။ နှစ်သစ်ကို သားလေးက မိဘတွေကို သိတတ်တဲ့ ကုသိုလ်လေးနဲ့ စတင်လိုက်တာ သူမသိလိုက်သည်။ သူမလက်ထဲက စိတ်ပုတီးကို သားကလှမ်းယူလိုက်သည်။


" မေမေ သားပုတီးစိတ်ချင်လို့ပါ "
သူမအတွက်တော့ သားဟာဒီနေ့သိပ်ကို ထူးထူးခြားခြား ချစ်စရာကောင်းလွန်းနေသည်။ သူမ အသက် ထက်တောင် သားလေးအပေါ် မေတ္တာပိုလွန်းနေမိတော့သည်။ သားကပြောပြောဆိုဆိုပင် ဘုရားခန်းဆီကို ဦးတည်သွားခဲ့သည်။ သူမကြည်နူးတဲ့စိတ်က အိပ်ချင်စိတ်မရှိ လောက်တော့ လောက်အောင် လန်းဆန်း နေမိတော့သည်။ သားအဖေကို မနက်ကျမှ ပြောပြဖို့ သူမစိတ်ကူးခဲ့သည်။

(၃)
ဒီလိုနယ်မြို့လေးမှာ မြို့မျက်နှာဖုံးဆိုနိုင်တဲ့ သူဌေးစားရင်းဝင် တွေထဲမှာ ဦးရဲထွန်းနဲ့ ဒေါ်လဲ့ခိုင် ဆိုတာမပါမဖြစ်။ ဆန်ကုန်သည် အကြီးစားတန်းဝင် များဖြစ်သည်။ သူတို့ရှာဖွေရသမျှငွေကြေး များသည် ဒီတစ်သက်စားမကုန် နိုင်ရှိလှသည်။ အရွယ်လွန်မှ အိမ်ထောင်ကျတော့ သားသမီးက ဆက်မထွန်း ကားတော့။ ဘာပဲဖြစ်ဖြစ် သားယောင်္ကျားလေးဆိုတော့ အားကိုးအားထား ရှိလှသည်။ သားနာမည်ကို

" မောင်ချစ်ထွန်းဝေ " လို့ကိုယ့်ဘာသာပဲ ပေးထားခဲ့သည်။ သားကိုဒီနာမည် စိတ်ကြိုက်ပေးတော့ ဗေဒင်ဆရာက သဘောမတူခဲ့။ သူမက ဗေဒင်တွေသိပ်ယုံကြည့်မှု မရှိပေမယ့် သားကိုအကောင်းဆုံး ဆိုတာချည်းပဲ ပေးချင်လို့ မေးဖြစ်ခဲ့တာပါ။ ဗေဒင်ဆရာပေးတဲ့ နာမည်တွေကို သူမတစ်ခုမှ စိတ်ကြိုက် မတွေ့ခဲ့ဘူး။

" ခင်ဗျားသားကို အသက်ရှည်ရှည် မနေစေချင်ဘူး ထင်တယ် " ဒီလိုပြောတဲ့ ဗေဒင်ဆရာကို သူမဒေါ်သတွေ ထွက်လိုက်တာ။ သားအဖေတားရတဲ့ အဆင့်ထိပါပဲ။ သားလေးမွေးကတည်းက သူမအကောင်းဆုံး၊ အသန့်ဆုံးဆိုတာတွေပဲ ပေးခဲ့သည်။ တတ်နိုင်ရင်ရွှေလင်ဗန်းနဲ့တောင် သားရဲ့အချင်းကို ဆေးချင်ခဲ့တဲ့သူပါ။ သားစကားစတတ်တော့ သားက မေမေစမခေါ်ပဲ ဖေဖေလို့စခေါ်ခဲ့လို့ သူမငိုခဲ့ရဖူးသေးသည်။ သူမက သားအဖေကို ကိုကိုရဲ လို့ခေါ်တော့ သားကပါ လူရှေ့သူရှေ့ဆို " ကိုကိုရဲ ကိုကိုရဲ " ဆိုပြီး စကား မပီကလာသံဖြင့် အော်လို့ အရှက်ရဖူးသည်။ သူမဘယ်လောက် အလုပ်တွေရှုပ်နေတောင် သားလေးအ

တွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်အောင် သူမကြိုးစားသည်။ အမေတစ်ယောက်ရဲ့ တာဝန် တစ်စွန်းတစ်စမှ မလစ်ဟင်းရအောင် သတိထားသည်။ သားလေးကို ချစ်တဲ့စိတ်ကသူမအပေါ် လွမ်းမိုးမှုအားကြီးလွန်းလှသည်။ သားလေးဖျားတိုင်း သူမလိုက်ဖျားတတ်၏။ သူမဘ၀မှာ မှတ်မှတ်ရရ သားလေးတစ်နှစ်ခွဲအရွယ်မှာ ကုတင်ပေါ်ကနေ အမှတ်တမဲ့ ပြုတ်ကျဖူးခဲ့သည်။ သားလေးအငိုတတ်သည့် တိုင်သူမအငိုမရပ်နိုင်ခဲ့ပါဘူး။ သူမယူကျိုးမရနိုင်တဲ့အဆုံး အပေါ်ထပ်လှေခါးကနေ သားလေးနာသလို နာရစေမယ်ဆိုပြီး ခုန်ချဖို့ထိ ကြိုးစားခဲ့ဖူးသည်။ ချစ်လွန်း၍ စိတ္တဇဆန်ခဲ့ဖူးသည်။ သတိလက်လွတ်မိတဲ့အထိတောင် မိမိထက်သားကို ပိုချစ်ခဲ့သည်။

တစ်နေ့ကပဲ သားကိုတက္ကသိုလ်ထားမည့် ကိစ္စနှင့် လင်မယားကတောက်ကဆ ဖြစ်ခဲ့သေးသည်။ တစ်ကယ်ဆို သားက ခုမှဆယ်တန်း အောင်စားရင်းတောင် ထွက်သေးတာမဟုတ်။ သားကို ဘယ်တက္ကသိုလ်မှာ ထားရင် အဲဒီမြို့မှာပဲ အိမ်ဝယ်ဖို့၊ စီးပွားရေးလက်ခွဲလုပ်ဖို့ စဉ်းစားနေရတာ သူမရတက်မအေး နိုင်ရှိလှသည်။ သူမအနေနဲ့ သားကိုသိပ်မပင်မပန်းပဲ ဘ၀ကိုရှင်သန်ခွင့်ရအောင် နည်းမျိုးစုံစဉ်းစားထားသည်။ တစ်ခါ တစ်ခါလည်း သူမကိုယ် သူမရယ်ချင်မိသည်။ သူမတို့မောင်နှမ ခုနှစ်ယောက်လုံးကို မိဘတွေဘယ်လိုများ ပူပန်ခဲ့ပါသလဲဆိုပြီးတော့ တွေးမိသည်။ သားအတွက်တော့ သူမပိုသွားတယ်ဆိုတာပဲ ဖြစ်နေစေရမယ်။ တစ်ကယ်လို့ လိုသွားခဲ့ရင် ဆိုတာ သူမအတွေးထဲမှာ တောင်စိတ်မကူး ထားဘူး။ ပြီးခဲ့တဲ့ နွေရာသီသားကို ရှင်ပြုတုန်းက ရိုက်ထားတဲ့ ဗီဒီယိုခွေဆို သူမပြန်ကြည့်တာ ဘယ်နှစ်ခါမြောက်လဲ မရေတွက်နိုင်တော့။ သူတို့လူ့လောကကြီးကနေ ထွက်ခွာသွားချိန် သားလေးကဒီခွေကို တစ်သသနဲ့ ကြည့်နေနိုင်တာပဲ ဆိုပြီးသူမ ပီတိဖြစ်နေခဲ့သည်။ သားလေးအတွက်ပဲ ဇောကပ်လွန်းလို့ ဆရာတော်တစ်ပါးကတောင် တရားဟော ယူခဲ့ရသည်။ ဒီလောက်ထိပြည့်စုံနေတဲ့ မိသားစုဘ၀မှာ ၀ိပဿနာအလုပ်က သားလေးအရွယ်ရောက်ပြီး လက်လွတ်နိုင်မှ စလုပ်တော့မည်ဟု သူမတွေးထားခဲ့သည်။ အဲဒီလောက်ထိတောင် သားကိုချစ်ပါသည်။

(၄)
ညက သားပြန်လာတာ စောင့်ရင်း အာရုံရောက်မှ ဒေါ်လဲ့ခိုင် တစ်ယောက်အိပ်ပျော်သွားခဲ့သည်။ သူမ နိုးလာတော့ အတော်ပင်နေမြင့်နေခဲ့ပြီ။ သားအဖေတောင်ဆိုင်ကို ဘယ်အချိန်သွားလိုက်သလဲ မသိလိုက်တော့။ သူမ ဖုတ်ဖက်ခါထရင်း သားအခန်းထဲကို သွားချောင်းကြည့်လိုက်သည်။ သားက အိပ်မောကျနေတုန်းပင်။ ညကတည်းက အင်္ကျီအဖြူနှင့် ကချင်ပုဆိုးစိမ်းအကွက်တောင် မလဲနိုင်ပဲ အိပ်ပျော်နေရှာသည်။ ညတုန်းက ဘယ်အချိန် လောက်မှ အိပ်ပျော်တယ်မသိဘူး။ သားခြေဖျား၊ လက်ဖျားတွေက အေးစက်နေခဲ့သည်။ သူမသားရဲ့ကိုယ် စောင်းနေတာကို တည့်မှတ်ပေးလိုက်ပြီး ခြေရင်းမှ စောင်ပါးပါးလေးကို ခြုံပေးလိုက်သည်။ သူမမျက်နှာသစ်၊ ဘုရားဝတ်ပြုပြီး မနက်စာအတွက် ပြင်ဆင်နေ ခဲ့သည်။ ဒီနေ့က နှစ်သစ်ဆိုတော့ သူမဆိုင်မသွားပဲ တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်မည်။ သားနှင့် အတူတူ မနက်စားစားမည်။ တစ်နေကုန် အတူတူ သားနှင့်ပဲ အချိန်ဖြုန်း လိုက်တော့မည်ဟု သူမဆုံးဖြတ် ထားလိုက်သည်။ သူမက တစ်နေ့တစ်နေ့ ဆိုင်သွားရ၊ စီးပွားရေးလုံးပန်းရနဲ့ သားနှင့်လွတ်လွတ်လပ်လပ် မနေရသည်မှာ အတော်ပင် ကြာနေခဲ့ပြီ။ အဲဒီအတွက် သူမသားအတွက် စိတ်တော့သိပ် မကောင်းလှပေ။ မနက်ဆယ်နာရီထိုးခါနီး အချိန်ထိ သားကတော်တော်နှင့် မနိုးလာခဲ့။ သူမသန့်ရှင်းရေးလုပ်ရင်းပင် ဗိုက်အတော်ပင်ဆာနေခဲ့သည်။ သားနှင့် အတူစားဖို့ စောင့်နေရင်းအချိန် တော်တော်လင့်သွားခဲ့သည်။ သူမလုပ်လက်စ အလုပ်တွေချပြီး သားကိုနိုးဖို့ သူမသားအခန်းဆီကို သွားခဲ့သည်။

" ခွမ်း "
သူမခြေထောက်က ဘယ်လိုလုပ်ပြီး ပန်းအိုးကို ထိမိလိုက်သည် မသိလိုက်တော့။ သူမကြိုက်လွန်းလို့ ဈေးကြီးပေးပြီး သူမကိုယ်တိုင် စိုက်ပျိုးထားခဲ့တာ။ တစ်နေ့တစ်နေ့ အရိပ်တစ်ကြည့်ကြည့်နဲ့ သူမ ရေလောင်း ပေါင်းသင်လုပ်လာခဲ့တာ။ ခုတော်တော်လေးတောင် ကြီးလာခဲ့ပြီ။ ပန်းမပွင့်နိုင်သေးပေမယ့် မကြာ

ခင်ဖူးတောင်ဖူးနိုင်တော့မယ့် ပန်းပင်လေးပါ။ သူမကိုယ်သူမ ယူကျိုးမရနိုင် ရှိလှသည်။ ပန်းအိုး ကွဲသွား ရုံသာမက ပန်းပင်လေးပါ ပျက်ဆီးကုန်သည်။ သူမကိုယ်တိုင်ပင် အတော်ကိုအံ့သြပြီး အဖြေရှာမရ ဖြစ်နေခဲ့သည်။ အမြစ်လေးတွေတောင် နောက်ထပ်မရှင်သန်နိုင် တော့လောက်အောင် ပျက်ဆီးကုန်သည်။ တစ်ကယ်တော့ သူမအပေါ်ယံသာ ပန်းပင်လေးကို ရေလောင်းပေါင်းသင် လုပ်နေခဲ့တာ အပင်လေးက အတွင်းမှာ ခြစားနေခြင်း ဖြစ်သည်။ သူမတော်တော်လေးကို စိတ်မကောင်းဖြစ်သွားရသည်။ သူမ စိတ်ပျက် လက်ပျက်နဲ့ သားလေး အခန်းဆီပဲ ထွက်လာခဲ့တော့သည်။

အရေးထဲ သားအခန်းတံခါးက ရုတ်တရက်ဘာလို့ ကြပ်သွားတယ်မသိ။ မနည်းကြီးကို တွန်းဖွင့်နေရသည်။ သားကတော့ အိပ်မောကျမြဲ ကျလျက်ပင်။ သူမသားကုတင်ပေါ်မှာ ထိုင်လိုက်ရင်း သားမျက်နှာလေးကို သေချာကြည့် နေခဲ့သည်။ သားနဲ့ တစ်နေ့လုံးအတူနေမယ်ဆိုမှ သားကအိပ်ပုတ်ကြီး နေလိုက်တာလို့ စိတ်ထဲက ပြောနေမိသည်။ သားမျက်နှာလေးနားကပ်ပြီး သူမခပ်ဖွဖွလေး နမ်းလိုက်သည်။ သူမ နှုတ်ခမ်းဖျားတို့ ရေခဲနှင့်ကပ်သွားသလို အေးစက်ကုန်၏။ သူမရုတ်တရက် ရင်ခုန်နှုန်းက မြန်သွားခဲ့သည်။ ပြီးတော့သားနဖူးကို သေချာစမ်းကြည့်လိုက်သည်။

" ဟင် "
မယုံကြည်နိုင်လောက်ကိုပင် အေးစက်နေတော့သည်။ သူမပျာပျာသလဲ သားကိုစောစောကခြုံပေးခဲ့တဲ့ စောင်ပါးကိုခွာချလိုက်သည်။ သားရဲ့လက်တို့ ကွေးကောက်နေ၏။ သူမတုန်ရီစွာနဲ့ သားရဲ့ခြေဖျား၊ လက်ဖျားတွေကို ဆုတ်ကိုင်လိုက်မိသည်။ သူမတစ်ကိုယ်လုံး ဆတ်ဆတ်ခါအောင် တုန်လှုပ်လျက်ရှိသည်။

" သား "
သူမခေါ်သံသည် ပတ်ဝန်းကျင်ကအိမ်တွေတောင် ကြားနေရသည်။ သူမစိတ်ကို တည်ငြိမ်အောင်ထားပြီး သေချာပြန်ကြည့် လိုက်တော့သားရဲ့ဗိုက်က မလှုပ်မယှက် ငြိမ်နေတာ တွေ့လိုက်ရသည်။ သွက်သွက်ခါနေတဲ့ သူမလက်နဲ့ သားနှုတ်ခေါင်းဝကို စမ်းလိုက်တော့ အသက်ရှူသံ ရပ်တန့်နေသည်။

" သား "
သူမ ဘယ်နှစ်ကြိမ်မြောက် ဆက်တိုက် အော်မိမှန်းမသိတဲ့ အော်သံတွေနဲ့ အတူ အသိစိတ်တို့ ယူပစ် လိုက်သလို လွှင့်မျှောကုန်၏။ သူမဘာကိုမှ မသဲကွဲတော့ပါ။ သူမရဲ့ ကိုယ်ပိုင်လိပ်ပြာသည် သူမ၏၀ိညာဉ်ကို ခပ်ဝေးဝေးတစ်နေရာသို့ပို့၍ သူမကို အနားပေးလိုက်သည်။ သူမ၏ စိတ်ဝိညာဉ်ထဲတွင် သူမသည် ပျံဝဲနေခဲ့သည်။ သူမစိတ်ရှိတိုင်း လေယူရာသို့ ယိမ်းနေခဲ့သည်။ သူမကောင်းကင်နှင့် နီးသထက် နီးအောင် ပျံသန်းနိုင်ခဲ့သည်။ သူမလေတိုးသံသဲ့သဲ့မှာ အသိတစ်ချက်တိုးဝင် လာခဲ့သည်။ သူမ လွတ်လပ်ပေါ့ပါး နေခြင်းဟာ တဒင်္ဂရူးသွပ်မူ ဆိုတာပါပဲ။ သူမအမြင့်ဆုံးတစ်နေရာကနေ တစ်ဟုန်ထိုး ဆင်းသက် လိုက်ချိန် သိမ့်ကနဲ သူမခံစားလိုက်ရသည်။ သူမအခုလို ဆက်ပြီးမပျံသန်းနိုင်တော့မှာကို သူမကြောက်လာ ခဲ့သည်။ မတိုးမကျယ်အသံ တွေကသူမကို ခပ်ဝေးဝေးကို မပျံသန်း နိုင်တော့အောင် ဆွဲငင်နေကြသည်။ အိပ်မက်ဆိုတာ တစ်ကယ်မဖြစ်နိုင်မှန်း သူမသိသည်။ ဒီအိပ်မက်က နိုးရင်လည်း ဆက်အိပ်ပျော်ပါစေ။ လောကဓံတရားတွေက အိပ်မက်အဖြစ် မပြောင်းလဲနိုင်မှန်းကို လက်ခံနိုင်ဖို့ သူမကြိုးစားနေရဆဲ ဖြစ်သည်။


မောင်ချစ်ထွန်းဝေ ထိုနေ့က အရက်နှင့် မူးယစ်စေတတ်သော ဆေးတစ်မျိုးရောသောက်၍ ကရောင်ကတန်း ဖြစ်နေခဲ့သည်ကို ဒေါ်လဲ့ခိုင်တစ်ယောက် သိခဲ့ပါမူ………………..။ သုံးဆယ့်တစ်ရဲ့ နေ၀င်ချိန်တိုင်းကတော့ သူမမမျှော်ပဲ နှစ်စဉ်ရောက်လာ ဦးမှာပါ။


ဖန်နေ၀န်း


No comments: