Sunday, December 12, 2010

Learn From Life - 1



မြို့ကြီးပြကြီး များမှာတော့ ကျနော်သိပ်မပြောတတ်ပါ။ ကျနော်တို့ နယ်မြို့မှာတော့ လက်လုပ်လက်စား ဘ၀တွေဆိုတာ နေ့စဉ်နဲ့အမျှ ရင်ဆိုင်တွေ့ကြုံ နေရတာပါ။ စွန့်ပစ်ပစ္စည်းတွေကို လိုက်ကောက်ပြီးလည်း ဒိုင်တွေဆီမှာ ပြန်ရောင်းမှ နေ့စဉ်ထမင်းစားနိုင်တဲ့ အလုပ်မျိုးလည်း ရှိတယ်။ သူတို့လေးတွေကို လူတွေက " ပလတ်စတစ် ကောက်သမားတွေ " လို့ခေါ်ကြတယ်။ ဘ၀ပေး အခြေအနေအရ သူတို့လေးတွေဟာ ဟောင်းနွမ်းစုတ်ပြတ်တဲ့ အ၀တ်အစားတွေကို ၀တ်ပြီး နေ့စဉ်နှင့်အမျှ အမှိုက်ပုံ၊ အမှိုက်ကြားမှာ ရှင်သန် ကြရတယ်။ သံတို၊ သံစ၊ ပလတ်စတစ်၊ စက္ကူစတဲ့ recycle လုပ်လို့ရတာ မှန်သမျှကို ရှာဖွေပြီး တစ်ဆင့်ရောင်း ကြတယ်။ ကောက်ယူလို့ရသမျှ တွေကိုထမ်းဖို့ အိတ်ကြီးကြီး တစ်လုံးရယ်၊ ပလပ်စတစ်တွေကို လွယ်လင့်တကူ ထိုးလို့ရတဲ့ သံချွန်လို တုတ်တံတွေဟာ သူတို့တွေရဲ့ အဆင်တန်ဆာ ဖြစ်တယ်။ ဒါဟာသူတို့ရဲ့ တစ်ဝမ်းတစ်ခါး အတွက်ဘ၀ကို ကျားကန်နေကြတာပါ။ ဒါပေမယ့် လူတွေရဲ့ အမြင်မှာတော့ သူတို့တွေဟာ သူခိုးတွေ၊ အောက်တန်းစားတွေ၊ လူလစ်ရင်ခိုး တတ်တယ် ဆိုပြီး အမြင်ကျဉ်းတတ်ကြတယ်။ အဆိုးဆုံးက ခွေးနဲ့ရှူးတိုက်ကြမျိုး လုပ်တတ်ကြတယ်။

လူတွေဟာ လူကိုလူလို့မြင်ဖို့ အင်မတန်မှ ၀န်လေးတတ်ကြတဲ့ သတ္တ၀ါမျိုးတွေ မလား။ ဒီလို လမ်းကြိုလမ်းကြား၊အမှိုက်ပုံအမှိုက်ကြားကနေရှာဖွေတာထက် ပိုပြီးအဆင့်မြင့်လာရင်တော့ ရပ်ကွက် ထဲလိုက်ဝယ် တတ်ကြတယ်။ အိမ်တိုင်းမှာလည်း ပုလင်းတွေ၊ ဗက်ထရီအိုးအပျက်တွေ၊ အသုံးမလိုတဲ့ စွန့်ပစ်ပစ္စည်းတွေကို စုထား တတ်ကြတယ်။ စာရေးသူတို့ ဘိုးဘွား၊ မိဘတွေလည်း ဒါမျိုးစုဆောင်း ထားကြတာ သိပ်ဝါသနာပါကြတယ်။ အိမ်မှာအသုံးမလိုတဲ့ ပစ္စည်း၊ ပစ္စယ မှန်သမျှကို သေသေချာချာ သိုလှောင်ထုတ်ပိုးလို့ နောင်ဘ၀အတွက်ပဲ သိမ်းဆည်းထားသယောင် လုပ်တတ် ကြတယ်။ စာရေးသူ အရွယ် မရောက်ခင်ကတည်းက သိပ်ဘ၀င် မကျလှပါဘူး။ ဒါပေမယ့် ကလေး ကလေးလိုနေ ဆိုတာ ကရှိသေးတယ်။ မြန်မာလူမျိုးတို့ရဲ့ ထုံးစံက လူကြီးသူမ စကားဆိုတာ အမြဲပဲ မှန်နေသလို မှတ်ယူ တတ်ကြတယ်။ ထားပါတော့လေ။ အရွယ်မရောက်သေးရင် ဘာမှလွန်ဆန်ချင်လို့ မရဘူးဆိုချင်တာပါ။

အိမ်မှာအသုံးမလိုတာတွေ ပြန်ရောင်းတဲ့အချိန်က နွေရာသီစာမေးပွဲကြီး ပြီးတဲ့အချိန်။ အဲဒီအချိန်ဆို တစ်နှစ်လုံးကျောင်းသုံး ဗလာစာအုပ် အဟောင်းမှန်သမျှကို လေလံတင်ပွဲ ကျင်းပချိန်ပေါ့။ ရပ်ကွက် ထဲမှာလည်း ဒီအချိန်ဆို ဒကောက်တောင်း ခေါင်းပေါ်ရွက်ပြီး လာဝယ်တဲ့ အမျိုးသမီးတွေရဲ့ အသံက မကြာခဏ ဆိုသလို ဆူညံနေတတ်တယ်။

" ဒန်အိုးပေါက်.. ကြေးအိုးပေါက်... ဘတ္တရီအိုးပျက်... ပုလင်းခွံတို့ ၀ယ်တယ် ..." များသောအားဖြင့် အဲဒီလိုအော်ပြီး ၀ယ်ကြတယ်။ ဒီလိုအလုပ်အကိုင်မျိုးကို အမျိုးသမီး အများစုက လုပ်လေ့ရှိကြတယ်။ သူတို့အသံက အိပ်နေရင်တောင် နိုးလာနိုင်တဲ့အထိ တော်တော်ကျယ်တယ်လို့ ပြောလို့ရတယ်။ သူတို့က လက်ထဲမှာ ပိုက်ဆံလိပ်လေးကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထား တတ်ကြတာပါ။ ကိုယ့်အိမ်က ရောင်းချင်တဲ့ အပိုပစ္စည်းမှန်သမျှ ကိုချိန်ခွင်နဲ့ ချိန်ပြီး ပိဿာချိန်နဲ့ လိုက်ဝယ်တဲ့ သဘောပါ။ ၀ယ်ဈေးကလည်း အမျိုးမျိုး ရှိသေးတယ်။ စက္ကူဆို တစ်ပိဿာ ဘယ်လောက်၊ ပုလင်းဆို ဘယ်လောက် စသဖြင့် သူတို့မှာ ၀ယ်ဈေးရှိတယ်။ သူတို့ကရှိလို့ လုပ်စားကြရတာမှ မဟုတ်တာ။ နေပူကြီးထဲမှာ သူတို့မှာရှိတဲ့ ငွေအရင်းအနှီးလောက်နဲ့ လိုက်ဝယ်ပြီး ဒိုင်တွေမှာ ပြန်သွင်းပြီး မိသားစု စားဝတ်နေရေးအတွက် ရုံးကန်နေကြရတာပါ။ သူတို့ရဲ့မျက်နှာတွေဟာ အရွယ်နဲ့ မလိုက်အောင် အိုမင်းနေတတ်ကြတယ်။ အပြောချိုသယောင်နဲ့လည်း ခပ်ကြမ်းကြမ်း ရှိတတ် ကြပြန်တယ်။ ဒါပေမယ့် သူတို့ဟာ ခိုးစားနေကြတာမှ မဟုတ်တာ။ လူဖြစ်နေတဲ့ဘ၀ကို လူပီသအောင် ကြိုးစားနေ ကြရတာပါ။ သူတို့ရဲ့ သားသမီးတွေအတွက်လည်း မိခင်ကောင်း ဆိုလို့ရပါတယ်။

စာရေးသူရဲ့ မိဘဆွေမျိုးတွေ အပါအ၀င် လူအများစုဟာ သူတို့ကို ကပ်သီးကပ်သပ် ဈေးဆစ် တတ်ကြတယ်။ ကလေးတွေအတွက် မုန့်ဖိုး၊ ပဲဖိုးလေးရအောင်လို့ဆို အသံကောင်းဟစ်ပြီး အိမ်မှာ မလိုအပ်တော့တဲ့ စွန့်ပစ်ပစ္စည်းတွေကို ရောင်းကြတယ်။ ကိုယ့်အိမ်ထဲကနေ " လာပါဦး "
တစ်ခွန်းလောက် သက်တောင့်သက်သာလေးခေါ်ပြီး အိမ်တွင်းစီးပွားလုပ်ကြတာပေါ့။ သူတို့ရဲ့ ချိန်ခွင်ကို အလေးခိုးသလား သေချာကြည့်လိုက်သေးတယ်။ လူတွေက ကိုယ့်ထက်လူနေမှု နှိမ့်ကျရင် အလိုလိုသင်္ကာမကင်း ဖြစ်တတ်ကြတယ်။ သူတို့ဝယ်ဈေးထက်ကို ပိုတောင်းကြသေးတယ်။

" ပိုပေးလိုက်ပါလား၊ ဘာဖြစ်သွားမှာမို့လဲ "
စသဖြင့် တောင်းဆိုတတ်ကြတယ်။ ၀ယ်သူခမျာ သူ့မှာရှိစုမဲ့စုငွေကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးလိုက်ဝယ်နေကြရတာ။ ဒီကြားထဲ ၀ယ်ဈေးတိုးဆစ်လို့ မရရင် " တော်ပြီနောက်တစ်ယောက်ကိုပဲ ရောင်းလိုက်တော့မယ် "ဆိုပြီး ခြိမ်းခြောက်တတ်ကြ သေးတယ်။ သူတို့လက်ထဲက ငွေကညစာအတွက်ဆန်ဝယ်ဖို့ ချန်ထားရတာလား၊ အရောင်းအ၀ယ်ဖြစ်ဖို့ လူမြင်အောင် လက်ထဲပိုက်ဆံပြရတာလား သူတို့ပဲသိနိုင်မယ်လေ။

စာရေးသူအရွယ် ရောက်လာတော့ မိဘတွေကို စပြီးပုန်ကန်တတ်လာတယ်။ လူတွေကိုလူလို့ နားလည်အောင် ကြိုးစားတယ်။ ဘ၀မှာအယူအစွဲ မှားယွင်းတာဟာ မိရိုးဖလာ လိုက်လုပ်ရမယ့် အလုပ်မှမဟုတ်တာ။ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေးအဘက်ဘက် မှာပေါ့။ ကိုယ့်အိမ်မှာ ဘာမှအသုံးမလိုတော့ပါဘူး ဆိုနေမှ ပေးလိုက်တော့ ဘာဖြစ်မှာတဲ့လဲ။ သူများမိသားစု ထမင်းတစ်နပ် စားလိုက်ရရင် ကိုယ့်အတွက် နည်းတဲ့ကုသိုလ်ဒါန မဟုတ်ပါဘူး။ လူတိုင်းဒီလိုလိုက် မကျင့်သုံးနိုင်တောင် ကိုယ့်မိသားစု၊ ဆွေမျိုးပတ်ဝန်းကျင်မှာတော့ မရရတဲ့နည်းနဲ့ ဖြောင်းဖြမှာပဲ။

" ခင်ဗျားက ဘယ်လောက်ချမ်းသာနေလို့လဲ.."
ဆိုခဲ့ရင် စာရေးသူက ထမင်းနပ်မှန်အောင် စားဖို့ချမ်းသာပါတယ်လို့ ဖြေချင်ပါတယ်။ ဥပမာ ကိုယ့်အိမ်မှာ မလိုအပ်တာတွေကို အလကား မပေးချင်တောင် ၀ယ်ဈေးဆစ်တာတို့၊ သူတစ်ပါး တဒင်္ဂစိတ်ဆင်းရဲအောင် မလုပ်သင့်ပါဘူး။ သူတို့ခင်ဗျာ နေပူမိုးရွာကြီးထဲမှာ လုပ်ကိုင်စားသောက်နေရတဲ့ ကိုယ်လိုလူချင်း အတူတူတွေပါ။ အတိတ်က အကုသိုလ်ကံကို ရင်စည်းပြီး ပေးဆပ်နေကြရတဲ့ သေမျိုးလူပါပဲ။ ငွေသိန်းပေါင်းများစွာ ကိုအခမ်းအနားနဲ့ လှူနိုင်မှ မြင့်မြတ်တဲ့သူတော်ကောင်းလို့ မခံယူသင့်ပါဘူး။ တစ်နိုင်တစ်ပိုင်ကို တစ်ကယ့်စိတ်ရင်းဒါနနဲ့ ပေါင်းပြီးလိုအပ်တဲ့သူကို ပေးလှူခြင်းဟာလည်း လူပီသတဲ့ သူတော်ကောင်းမျိုးပါပဲ။ သင်ခန်းစာဆိုတာ ယူတတ်မှရတာပါ။ မယူတတ်ရင် အဆိပ်အတောက် တွေကြီးပါပဲ။

အမှတ်တရလေးတစ်ခု ရေးပြချင်ပါတယ်။ စာရေးသူ တက္ကသိုလ်နောက်ဆုံးနှစ်ပြီးချိန်။ ငါးနှစ်လုံးတက်လာခဲ့တဲ့ စာအုပ်တွေ၊ သုံးမလိုတော့တဲ့ ပစ္စည်းတွေက တောင်ပုံရာပုံ ဖြစ်နေခဲ့တာ။ စာရေးသူက ကိုးရီးယားကားထဲမှာ ကျောင်းပြီးရင် ဆိုးလ်မြို့ကို သွားကြသလို ရန်ကုန် ရွှေမြို့တော်ကြီးဆီ ခြေဦးပြင်နေချိန်ပေါ့။ မင်းသားလုပ်ဖို့တော့ မဟုတ်ပါဘူး။ အသုံးမလိုတဲ့ အစုတ်ပလုတ်အားလုံး ကိုအိမ်ရှေ့မှာပုံထားလိုက်တယ်။ ပြီးတော့ဒန်အိုးပေါက်၊ ကြေးအိုးပေါက် လိုက်ဝယ်တဲ့ အမျိုးသမီးကို ခေါ်လိုက်တယ်။ အသက် 50အဒေါ်ကြီးအရွယ်လောက်ပါ။

" အဒေါ် စက္ကူတွေက တစ်ပိဿာ ဘယ်လောက်လဲဗျ "

" 150 ပါ...တူလေး.."

" ဟာဗျာ..ဈေးနဲလိုက်တာ နဲနဲထပ်တိုးပေးပါလားဗျာ "

" တူလေးက ဘယ်လောက်ပေးချင်လို့တုန်းကွယ်.."

" တစ်ပိဿာ 200 ထားလိုက်ပါ အဒေါ်.."

"မလုပ်ပါနဲ့တူလေးရယ်..170နဲ့ယူလိုက်နော်..အလေးမခိုးဘူးစိတ်ချ.. ပြည့်ပြည့်လေးချိန်ပေးမယ်.."

နှစ်ဦးသဘောတူပြီး ချိန်လိုက်တော့ ငါးပိဿာခွဲ ထွက်လာတယ်။ ငါးပိဿာခွဲဆိုတော့ 935ကျပ်ပေါ့။ ဒါနဲ့ စာရေးသူက

" အဒေါ် 950တော့ပေးလိုက်ဗျာ..နော် "

" ဟာငါ့တူရယ် မလုပ်ပါနဲ့....အဒေါ့်မှာ အဲဒီအစွန်းထွက်လေးပဲ စားရတာပါကွယ်..."

" ပေးလိုက်ပါဗျာ..အဒေါ်ကလည်း..ဒီလောက်လေးကိုပဲ..."

" အော်..ငါ့တူရယ်..ငါ့တူတို့အတွက်ကတော့ ဒီလောက်ဆိုပေမယ့်..အဒေါ်တို့အတွက်တော့ ဒါလေးနဲ့စားရတာပါကွယ်..."

ပြောပြောဆိုဆို နေပူကြီးထဲက လာတော့ချွေးတွေက ပြိုက်ပြိုက်ကျနေတယ်။ သူ့ခေါင်းပေါင်းစနဲ့ သူစိတ်လိုလက်ရ သုတ်နေတယ်။ သူမမျက်ဝန်းထဲမှာ ဒါဟာသူမအတွက် ညစာအတွက်လား၊ နက်ဖြန်အတွက် အရင်းအနှီးသစ်လားတွေးနေ ပုံရတယ်။ ကျနော် သူမ မတောင်းပဲ ရေတစ်ခွက်သွားခတ်ပြီး တိုက်လိုက်တယ်။ နေပူကြီးထဲကနေ နေရိပ်ထဲနားလိုက်တာနဲ့ ရေဆာတတ်ကြတာပဲမလား။ ပြီးတော့ ကျနော်က

" အဒေါ့်ကိုနောက်နေတာပါဗျာ..ဒါတွေ
ကိုကျနော် မရောင်းပါဘူး..အဒေါ့်ကိုအလကားပေးလိုက်မှာပါ..."

လို့ပြောတော့ သူမအံ့အားသင့် သွားပုံရတယ်။ ကျနော်တိုက်တဲ့ ရေတစ်ခွက်ထက် ပြောလိုက်တဲ့စကားတစ်ခွန်းက သူမအတွက် ပိုအေးမြသွားသလို သူမမျက်နှာမှာ မြင်လိုက်ရတယ်။ သူမဟာ ကျနော့်ကို ကျန်းမာပါစေ၊ ချမ်းသာပါစေလို့ ဆုတောင်းပေးပြီး မျက်ရည်တွေဝိုင်းလာခဲ့တယ်။ ရုတ်တရက်ပဲ သူမခေါင်းပေါင်းကိုပြင်ပြီး ဒကောက်တောင်းထဲ ပစ္စည်းတွေကို ဆန့်အောင် ပြွတ်သိပ်ထည့်ပြီး ခေါင်းပေါ်ရွက်ဖို့ ကြိုးစားတယ်။ ဇရာထောက်နေတဲ့သူမဟာ ထင်ထားတာထက် ပိုသန်မာနေတာကို မျက်ဝါးထင်ထင် တွေ့လိုက်ရတယ်။ သူမကတော့ ကျောခိုင်းသွားပါပြီ။ ဘာကိုမှလည်း သိပ်ခံစားနေဖို့ အချိန်သိပ်မရသလိုလို သူမထွက်သွားခဲ့တယ်။ စာရေးသူကတော့ တစ်သက် မမေ့နိုင်လောက်အောင် ခံစားဖို့ အချိန်တွေရနေပြီး မျက်ရည်ကျဖြစ်ခဲ့ပါတယ်။ ဘ၀မှာ တစ်ခါလောက်တော့ လူပီသအောင် လုပ်နိုင်ခဲ့လို့ပါ။ ဘ၀မှာ တစ်ချို့လူတွေရဲ့ဘ၀ဟာ နေပူဒဏ်ထက် ပိုပူနေကြတာ ပါလား...လို့တွေးရင်းပဲ ခပ်ဝေးဝေးက အသံလွင့်လွင့်ကို စာရေးသူကြားလိုက်ရတယ်။

" ဒန်အိုးပေါက်.. ကြေးအိုးပေါက်... ဘတ္တရီအိုးပျက်... ပုလင်းခွံတို့ ၀ယ်တယ် ..."



ဖန်နေ၀န်း

No comments: