Monday, December 20, 2010

" colourful Thinking "

(၁) " ဘ၀နဲ့ အတွေး "

လူ့ဘ၀ဟာ ပျော်နေသယောင်နဲ့ ပျင်းရိစရာ ကောင်းလာတယ်။ ညစာစားစရာ မရှိတဲ့သူဟာ နေ၀င်ချိန်တွေကို ကဗျာမဆန် နေနိုင်ဘူးလေ။ လွမ်းရေးထက် ၀မ်းရေးကပိုခက်တယ် မလား။ ဘ၀က ကဗျာပီပီ၊ စာပီပီရေးတတ် အောင်မသေမချင်း ချင့်ချိန်နေရမှာပါပဲ။ ရှိတာလေးနဲ့လောက်အောင်စား၊ လှအောင်ဝတ်ကြကြေးဆို လူ့ဘ၀မှာ ပြိုင်ပွဲဆိုတာ မရှိတော့ဘူးပေါ့။ အစွန်းမရောက်တဲ့ မဇ္ဇိုမပဋိပဋာထဲမှာ ရောင့်ရဲတင်းတိမ်ခြင်း ကသပ်သပ်ပါ။ လူက၀တ်ကျေတမ်းကျေ မရယ်ချင်လည်း ရယ်နိုင်သေးတယ်။ ဒါဟာ စက်ရုပ်ထက်သာ တဲ့အချက်ပဲ။ ခင်ဗျား ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ခင်ဗျားဟာ ငွေဝယ်ကျွန်ပါပဲ။

ဘယ်ရှော့ပင်းမောမှာမှ ဈေးကြီးတဲ့ Branded Life တွေအသင့် မရောင်းဘူး။ ဘ၀ဆိုတာ ကိုယ်တိုင် Branded ဖြစ်လာအောင် ဖန်တီးနေရတဲ့ ဈေးသည်လိုပဲ။ လောကကြီးကဘာကို သတိထားရမလဲ ဆိုတာကို ( ! ) မပြဘူး။ ဘ၀ဆိုတာ စီဘောက်ထဲမှာလို စိတ်ကြိုက် ရေးခွင့် မရှိဘူး။ IT ခေတ်မှာ သတင်းစာနာရေး သတင်းထက်အင်တာနက်က အတင်းအဖျင်းတွေက ပိုစိတ်ဝင်စားဖို့ ကောင်းတယ် မလား။ သိပ်လှတဲ့မိန်းကလေးတွေမှာ ချိုင်းမွှေးတွေရှိနေတာ လောကကြီး အပြစ်လား။ တစ်ခါ တစ်ခါလည်း စတော့ကင်(stocking) ၀တ်ထားတဲ့ မိန်းကလေးပေါင်လုံးက ကိုယ့်ထက်တုတ် နေတာကျ လောကကြီးက တယ်မတရားဘူး။ ခုခေတ်မှာ အရက်သောက်တတ်တဲ့ မိန်းကလေးက အပျက်မ မှမဟုတ်တော့တာ။ နေရာတိုင်းမှာ ညနေစောင်း ညဉ့်ငှက်မလေးတွေ ကျက်စားတဲ့ ဒေသဟာ ပိုစည်ကား လေ့ရှိတယ်။ ကုန်ဈေးနှုန်းတွေတက်တော့ သူတို့စက်ရှင်( Section )ခတွေလည်း ကြေးမြင့်ကြရမှာပေါ့။ သူတို့ကိုအပြစ်ပြောဖို့ တော့မရှိပါဘူး။ ကျုပ်ကလည်း သူတော်ကောင်းမှ မဟုတ်ပဲ။


လောကမှာ သူများဦးနှောက် ဖောက်စားတတ်တဲ့ လူကပညာရှိလား၊ အဖောက်စားခံရတဲ့ သူကပညာရှိလား။ တစ်ရက်ကို စာမျိုးစုံ တစ်ဘီလီယံ (သန်းတစ်ထောင်) ကျော်တင်နိုင်အောင် Facebook ကွန်ရက်တီထွင်ခဲ့သူ Mark Zuckerberg ကိုကျုပ်တို့ ကိုးကွယ်ဖို့ လိုအပ်သလား။ ကိုယ်လေးစားရင် ဒူးမညွတ်နိုင်တောင် ဦးညွတ် သင့်တယ်လို့ ကျုပ်ယူဆတယ်။ လူဆိုတာ ဟုတ်တာချည်းပဲ လုပ်နေရင်လည်း လောကကြီးက ပျင်းစရာကောင်း လာတော့မှာပေါ့။

ခုခေတ်စားနေတဲ့ ၀ီကိလိခ် အင်တာနက်ဝဘ်ဆိုက် ထူထောင်တဲ့ Julian Assange တို့လို တစ်လွဲဆံပင်ကောင်း လုပ်မှလည်း ကျုပ်တို့က မျက်စိပွင့်၊ နားပွင့်ရှိမယ်မလား။ နည်းပညာတွေနဲ့ မအားလပ် တဲ့ကြားမှာပဲ သူက ဆွီဒင်နိုင်ငံမှာ အမျိုးသမီး ၂ ဦးကို အလိုမတူဘဲ လိင်ဆက်ဆံမှုလည်း ရှိခဲ့သေးသတဲ့။ လူဆိုတဲ့သတ္တ၀ါမျိုးက အရေးပေါ်မဟုတ်တဲ့ Emergency ထွက်ပေါက်မျိုးကို ရှာဖွေတတ်ကြတာလည်း ခုခေတ်မှာ သိပ်တော့မဆန်း လှပါဘူးလေ။ ကျုပ်လည်း တစ်ခါလောက်တော့ ကမ္ဘာကျော်ဖြစ်ချင် သေးတယ်ဗျ။ ငရဲမင်းနဲ့ ချက်တင်အကြောင်း အေးအေးဆေးဆေး ဆွေးနွေးကြည့်ချင်တယ်။ ကွန်ပြူတာလက်ကွက်နဲ့ ပြောတာကို ခင်ဗျားအပြစ်ရှိတယ်လို့ ယူဆသလားလို့ မေးကြည့်မယ်။ ဘယ်လိုပြစ်မှုကို အထမြောက်တယ် ဆိုတာပါ ဆွေးနွေးမယ်။ ကျုပ်ဒါတွေ ကမ္ဘာကြီးကို ချပြနိုင်ရင် Person of the year လောက်တော့ အရွေးခံရ လောက်တယ်ဗျ။


လောကကြီးနဲ့ကျုပ်ကတော့ ချစ်သူဖြစ်လိုက်၊ ရန်သူဖြစ်လိုက်နဲ့ပါပဲ။ အခန့်မသင့်ရင်လည်း ကျုပ်ကတော့ ငါကိုင်တုတ်တာပဲ။ သူကကျုပ်ကိုဆို မျက်နှာသာသိပ်ပေးတာ မဟုတ်ဘူးဗျ။ ကျုပ်ကအလုပ်ချိန်ကလွဲလို့ အလုပ်သိပ်ရှုပ်နေ တတ်တဲ့ကောင်။ ရုံးဆင်းချိန်နဲ့ အားလပ်ရက်တွေမှာ အမောပြေအလုပ်တွေနဲ့ ဇယ်ဆက် နေရတယ်။ ကျုပ်ကတော့ သိပ်ရှုပ်ထွေးနေတဲ့ ချည်ခင်ကို အစရှာဖို့ဘယ်တော့မှ မကြိုးစားဘူး။ အသစ်တစ်လုံး ပဲထပ်ဝယ်လိုက်မယ်။ အချိန်ကငွေထက် ကြေးကြီးတယ်လို့ ကျုပ်ယူဆမိတယ်။

ကျုပ်က သေမျိုးတွေ အချင်းချင်း မာနတံခွန်တက် နေတာအားကြီး မုန်းတတ်တဲ့ကောင်။ တစ်ကယ်ဆို မြန်မာပြည်ဘွား လန်ဒန်ကကလူလည်း သေမှာပဲ။ နာဂစ်ဖြစ်ပြီး တစ်ကောင်ကြွက် ဖြစ်နေခဲ့တဲ့ လူမြေကြွက် လည်းသေရမှာပဲ။ အသေပြိုင်ပွဲမှာ အလှဆုံး ဆိုတာ သူ့သမိုင်းပဲ ရှိတယ်။ သေမှတော့အခေါင်းကို ကာလာစုံရွေးခိုင်းဖို့ မလိုအပ်ပါဘူး။ စိတ်အေးလက်အေး ဒုန်းဒုန်းချပြီး အသက်ကို ထုတ်ပစ်လိုက်နိုင် ဖို့အရေးအကြီးဆုံးပဲ။ နောက်ဆုံးထွက်သက်ဟာ ညင်သာနေဖို့ပဲ လိုတယ်။ ၀ါကျဆုံးရင်တာ ပုဒ်မ(။) ချလို့ရတယ်။ ဘ၀ဆုံးရင် သူ့အတွက် ပုဒ်မ(။) ဆိုတာ မရှိဘူး။ ကျုပ်က တော့လေ သံသရာကို ကဗျာလုပ်ပြီးရေးရမှာတောင် ကြောက်မိတယ်။ ကျုပ်တို့အတွက် သံသရာကြွေးဆိုတာ နည်းတာမှတ်လို့။ ခင်ဗျားမကျေနပ်ရင် လဲသေလိုက်ရုံပဲ ရှိတော့တယ်။ ခင်ဗျားရဲ့ အကုသိုလ်ကံတွေ အတွက် လျော်ကြေးကို ဘယ်လောကပါလနတ်မင်းကမှ တတ်နိုင်မှာလည်း မဟုတ်ဘူး။ လူတွေက ကောင်းမှုလုပ်ရမှာသာ ၀န်လေးနေသလိုလို၊ မဆိုင်သလိုလို နေတတ်ကြတာ။ အကုသိုလ်များလုပ်ဖို့ဆို သေချာပြင်ဆင်ပြီး အပင်ပန်းခံ တတ်ကြတာမျိုးတွေလေ။


ဘ၀မှာ ပညာကုန်သွယ်ခြင်းက ငွေကုန်သွယ်ခြင်း ထက်မြတ်သတဲ့။ ခုခေတ်ကတော့ ငွေကုန်သွယ်ခြင်းကပဲ ပိုမြတ်နေသလိုပါပဲ။ ရွှေအိုးရှိမှ ပညာရှာလို့ ရတဲ့ခေတ်မလား။ " Life is No money, No beauty." ရာနှုန်းပြည့်တော့ ကျုပ်မဆိုလိုပါဘူး။ ကမ္ဘာ့နံပါတ်တစ်နေရာကို ယူနေကြတဲ့ အချမ်းသာဆုံး ဆိုတဲ့ ပုဂ္ဂိုလ်တွေထက် လူမသိသူမသိ နံပါတ်တစ် နေကြတဲ့လူတွေ မရှိနိုင်ဘူးလို့ ခင်ဗျားတို့ထင်သလား။ " အဟက် " ဒီလိုပဲ လှောင်ရယ်ချင်တော့တယ်။ ပညာတတ်နဲ့ လူချမ်းသာဆိုတာ တစ်ကိုယ်တည်း ပူးနေမှ လူဖြစ်ကျိုးနပ် တဲ့ခေတ်လေ။

ခုခေတ်က Professional နဲ့ ၀ါသနာကို ခွဲတတ်လာကြပြီ။ များသောအားဖြင့် ၀ါသနာပါရာနဲ့ ငွေရှာတာထက်၊ ငွေရှာနေရင်းမှ ၀ါသနာပါရာကို အကောင်အထည် ဖော်နေကြတဲ့ခေတ်လေ။ ဒီခေတ်မှာ စာရိတ္တကောင်းပြီး မွဲတေနေရင်လည်း လူရာမ၀င် နိုင်ပြန်ဘူး။ ဂလိုဘယ်ခေတ်ကြီးထဲမှာ ကျုပ်တို့ဦးနှောက်တွေ ကောင်းနေဖို့၊ သွေးတွေရဲနေဖို့ပဲ လိုအပ်တယ်။ ငယ်ငယ်ကတည်းက ကျောင်းမှာအဆင့်နောက်ဆုံး ရခဲ့လို့ ၀မ်းနည်းစရာ မရှိပါဘူး။ ခပ်တုံးတုံးအတွေးအခေါ် တွေကိုသာ ခေါင်းထဲထည့်မထားဖို့ လိုအပ်တာပါ။ ဘ၀မှာ ခေါင်းကိုက်တာနဲ့ ခေါင်းဖြတ်လိုက်စရာမှ မလိုအပ်တာ။


" ဘ၀ဆိုတာ အတွေးတွေကို တင်ဆောင်ခုတ်မောင်းလာတဲ့ ရထားတစ်စီး လိုပါပဲ။
"

ဖန်နေ၀န်း

1 comment:

chomarmyathaung said...

နေတတ်ရင်ကျေနပ်စရာတွေအပြည့်ပါ....
ငှက်ကလေးတွေကိုကြည့်လိုက်.... ချစ်စရာတီတီတာတာ
သစ်ပင်တွေစိမ်းစိုနေတဲ့ ပတ်ဝန်းကျင်....ချမ်းမြေ့စရာ...
လေညှင်းလေးက မင်းရဲ့စိတ်ကို နူးညံ့အောင်ကျီစယ်နေမှာပါ....
ကြောင်လေးကလည်း ချစ်ခင်ဖွယ်...
ချမ်းမြေ့ပါစေ...
မချိုမာ