Wednesday, December 22, 2010

" colourful Thinking "


(၂) " အချစ်နဲ့ အတွေး "

အချစ်ဆိုတာလည်း တစ်ခါတစ်ခါ လမ်းဘေးလက်ကမ်းကြော်ငြာ ဝေသလို ဝေရရင်ကောင်းမယ်။ ဒါပေမယ့် ယူမိတဲ့ သူကတော့ ပြဿနာတက်သွား နိုင်တာပေါ့။ ကျုပ်အဖြစ်ကလည်း အချစ်ရေးမှာ သမင်မွေးရင်း ကျားစားရင်းနဲ့ပဲ " ချိန်ပါ " ဖြစ်နေခဲ့တာ အဆန်းတကြယ်တောင် မဟုတ်တော့ဘူး။ အိုင်တီ ( IT ) ခေတ်မှာ ရင်ဘတ်အဟောင်းတွေကို Refresh လုပ်တတ်ဖို့က အရေးအကြီးဆုံးပဲ။ သိုးနေတဲ့ ရင်ဘတ်ကြီးနဲ့ အသက်ရှူနေမှတော့ အောက်သိုးသိုး အနံ့ပဲထွက်လာ တော့မှာပေါ့။ အထီးကျန်နေလို့ ခင်ဗျားကို ပြတိုက်ထဲ ထည့်ထားရလောက်အောင်လည်း တန်ဖိုးမှမရှိတာ။ ရင်ခုန်သံက သက်သေပြရလောက်အောင် ကျယ်လောင် မနေဘူး။ အချစ်ဆိုတာ နောက်တစ်ဘူတာမှာ ရှိမယ်လို့ မျှော်မှန်းရင်း ကျုပ်အမြဲ ခရီးဆက်ခဲ့တယ်။ အချစ်ဆိုတဲ့ အသဲပုံ ဖုန်းနံပါတ်ဆီကို ကျုပ်မကြာခဏ မက်ဆေ့ပို့တာ အမြဲနံပါတ်မှားနေခဲ့တယ်။ Shit! လောကကြီး ခင်ဗျားဒါတော့ သက်သက်ယုတ်မာတာပဲ။

ကျုပ်အိပ်နေရင် အချစ်ကအမြဲ တံခါးလာ ခေါက်တတ်တယ်။ ခဏခဏ တံခါးထဖွင့်မိလို့ ကျုပ်အိပ်ရေးပျက်ပေါင်း လည်းများလှပြီ။ မဖွင့်မိပြန်ရင်လည်း အချစ်က သိပ်ကိုဆူညံ နေတော့တာပဲ။ ဘ၀ဆိုတာ အချစ်မဟုတ်ပေမယ့် အချစ်ကတော့ ဘ၀ပါပဲ။ ကျုပ်ကတော့ အချစ်ကို ဒူးမထောက်ပဲ ဦးညွှတ်တတ်တဲ့ လူစားမျိုးပါ။ ဒါဟာ လူသား ပီသမှုတစ်ခုပါ။ အချစ်ကို အပျင်းပြေ ခံစားတာမျိုးလောက် ကျုပ်ခံပြင်းတာ မရှိဘူး။ အရက်ကိုပဲ ရေရောလို့ ကောင်းတာပါ။ အချစ်ကိုရေမရောချင် စမ်းပါနဲ့။ အပျင်းပြေ ဆိုတာ ပျော်တော်ဆက်ပဲ။ သူငယ်ချင်း လို့ပဲ..လို့တော့ မလုပ်ခဲ့ပါနဲ့။ ဒါက မြစ်တို့၏ မာယာခေတ်က ခေတ်သုံး စကားတွေပါ။ အဖြူမဟုတ်ရင် အမဲ သဲသဲကွဲကွဲတော့ လုပ်ခဲ့ပါ။ မိန်းမနဲ့ ယောင်္ကျားသူငယ်ချင်း ဖြစ်ရတာ သိပ်ကိုစည်းများလွန်းတယ်။ သူငယ်ချင်းဟာ ချစ်သူဖြစ်လာ နိုင်ပေမယ့် ချစ်သူကနေ သူငယ်ချင်းဆိုတာကတော့ တစ်ကယ်ကို အောက်သက်သက် နိုင်လွန်းတယ်။ ခင်ဗျားတို့ပြောတဲ့ လူအခွင့်အရေးအသံတွေ စီဝေနေတဲ့ ဒီမိုကရေစီ တောထဲမှာ အချစ်ကတော့ မပါလောက်ဘူး။ လူ့ခန္ဓာကိုယ်ကိုပဲ ဘလက်ကာယ ပြုလို့ရချင်ရမယ်။ ခင်ဗျား တန်ဖိုးထားတဲ့ အချစ်ကို မုဒိန်းကျင့်ပြီး အပိုင်သိမ်းလို့ သေတောင်မရနိုင်ဘူး။ ကိုယ်ချစ်တဲ့သူက ကိုယ်မတရားတာ လုပ်မိခဲ့ရင် ပါးရိုက် လိုက်လို့ရတယ်။ လောကကြီး မတရားခဲ့ရင် ကျုပ်ကကိုယ့်ပါးကိုယ်ပဲ ပြန်ရိုက်ဖို့ရှိတော့တယ်။

ခုခေတ်ကြီးက မိန်းကလေးတွေ ရေလာမြောင်းပေးတဲ့ ခေတ်မဟုတ်တော့ဘူး။ တစ်ကယ်ချစ်တဲ့ ယောင်္ကျား တစ်ယောက်ရှေ့ ဒူးထောက်ပြီး Propose လုပ်ဖို့ဝန်မလေး ကြတော့ပါ။ မဟုတ်ရင် ဦးရာလူဆိုတဲ့ ဖူးစာသူနဲ့ အကြောင်းပါသွားခဲ့ရင် လွမ်းရချည်ရဲ့ မလားလေ။ အချစ်ဆိုတာ ကြိုတင်မဲတို့၊ နောက်ကျဂိုးတို့နဲ့ အနိုင်ပိုင်းလို့ မှမရတာ။ တစ်ချို့ကျ အချစ်ရှိပါတယ်ဆို ပင်နတီရသလို နောက်တိုးအချစ်မျိုးနဲ့ ကြုံတတ်ကြပြန်တယ်။ ဘယ် မိန်းကလေးကမှ " အော်ဆွေး " ( အော်ရယ်ဂျင်နယ်အတိုင်း ဆွေးသွားခြင်း or အပျိုကြီး ) မဖြစ်ချင်ကြပါဘူး။ အချစ်လား သူဖျားနေတယ်ဆိုတာ စာထဲပဲကောင်းတာပါ။ ဒီခေတ်မှာ ထက်မြက်တဲ့သူတွေက သူတို့ အိမ်ထောင်ဖက်ကို ခပ်တုံးတုံးမဖြစ် စေချင်ကြဘူး။ ရင်ခုန်သံဦးကျိုးဖူးတဲ့ သူများကြပြန်တော့ ပေါ့ပျက်ပျက် အချစ်နဲ့ပဲ အသက်ဆက်ကြပြန်တယ်။ သိပ်ချစ်ခဲ့ဖူးတဲ့သူဆိုတာ ဘယ်နေရာ၊ ဘယ်အရွယ်ရောက်ရောက် မေ့လို့မရကြပါဘူး။ ဒါကို အချစ်ဦး လို့ခေါ်မလားပဲ။

တစ်ခါတုန်းက အချစ်နဲ့ပတ်သက်ပြီး ကစားပွဲလေး ရှိခဲ့ဖူးတယ်။ ကောင်လေးနဲ့ကောင်မလေးဟာ အတူတူ ကစားဖော် ကစားဖက် တွေဖြစ်ကြတယ်။ ကောင်မလေးမှာ ချစ်သူရှိတယ်။ ကောင်လေးမှာတော့ သူစုဆောင်းထားတဲ့ စကျင်ကျောက်တွေ ရှိတယ်။ တစ်နေ့တော့ ကောင်လေးက သူ့မှာရှိတဲ့စကျင်ကျောက်တွေနဲ့ ကောင်မလေးရဲ့ ချစ်သူကိုလဲလှယ်ပေးဖို့ တောင်းဆိုခဲ့တယ်။ ကောင်မလေး ကလည်း သဘောတူခဲ့တယ်။ ဒါပေမယ့် ကောင်လေးဟာ အကြီးဆုံးနဲ့ အလှပဆုံး စကျင်ကျောက်တွေကို ဖယ်ထားခဲ့ပြီး ကျန်တာတွေကို ကောင်မလေးကို ပေးခဲ့တယ်။ ကောင်မလေးကတော့ ကတိအတိုင်း သူ့မရဲ့ ချစ်သူကို ပေးခဲ့တယ်။ ထိုနေ့ညမှာ ကောင်မလေးက အေးချမ်းစွာ အိပ်စက်နိုင်ခဲ့ပေမယ့် ကောင်လေးကတော့ ကောင်းစွာ အိပ်မပျော် နိုင်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ကောင်မလေးဟာ သူ့ရဲ့ကွယ်ရာမှာ သူစကျင်ကျောက်တွေ ဖယ်ချန်ထား ခဲ့သလိုသူ့နောက်ကွယ်မှာလည်း ချစ်သူနဲ့ပျော်နေလိမ့်မလား ဆိုပြီး တွေးပူနေခဲ့လို့ပါပဲ။ ဒီကစားပွဲက ရိုးရိုးလေးပါ။ မိမိတို့ဟာ တစ်စုံတစ်ဦးပေါ်မှာ ရာနှုန်းပြည့် ပေးဆပ်နိုင်မှု မရှိခဲ့ရင် သူ့ဘက်မှလည်း ရာနှုန်းပြည့်မိမိကို ယုံကြည်မှုရနိုင်ပါ့ မလားဆိုတာ အမြဲသံသယ မကင်းနိုင်ကြပါဘူး။ ခင်ဗျားတို့လည်း ဘ၀မှာ အရာရာကို ရာနှုန်းပြည့် သူတစ်ပါးပေါ်မှာ ပေးဆပ်နိုင်ခဲ့ရင် ငြိမ်းချမ်းစွာ အိပ်စက် နိုင်မှာသေချာပါတယ်။

အချစ်ဆိုတာ စိတ်ကူးယဉ်ဝင်္ကဘာထဲ ခပ်ထွေထွေလေး လွင့်ရသလိုမျိုးပဲ။ မူးလို့ကောင်းသလို ရူးလို့လည်း ကောင်းတယ်။ တွေးလို့ကောင်းသလို ဆွေးလို့လည်း ကောင်းပြန်တယ်။ ကွေ့ကောက်တတ်တဲ့ မာယာပါတဲ့ မြစ်တစ်ဆင်း လို့ယူဆမိတယ်။ ကျုပ်ကတော့ အချစ်ကို လွင့်ပါးတဲ့စိတ်နဲ့ စိတ်လှိုင်းခတ်သံ ခပ်ပါးပါး တစ်ခါတစ်ခါ ဖတ်ဖြစ်တယ်။ တစ်ခါတစ်လေလည်း ကိုယ့်အတွေးနဲ့ ကိုယ်ပြန်ရှက်နေ တတ်တယ်။ အလိုက် မပေးရတဲ့ ခံစားချက်တွေကို တိမ်တွေလို၊ လေတွေလို လွင့်...မျော...စံစားရင်း စိတ်ကူးနဲ့ပဲ ခပ်မြင့်မြင့်မှာ ၀ဲဝဲလေးလွင့် နေရတာစွန်တစ်ကောင်လို ခံစားရတယ်။ အချစ်အတွက်ဆို အရည်မပျော်မှန်း သိပါရက်နဲ့ ထိုင်စောင့် နေတတ်တယ်။ ကျုပ်ရင်ဘတ်ကြီးက မြစ်ကျိုးအင်းလို ကွေ့သည်တစ်လှည့်၊ ကောက်သည် တစ်လှည့်နဲ့။ အချစ်ယှက်သွယ်နေတဲ့ ညနေခင်းဟာ သိပ်လှခဲ့ဖူးတယ်။ ခံစားချက် ချိုနေတဲ့အချိန်လေး အချစ်ကိုစားသုံးလိုက်ရတာ သိပ်တန်ဖိုးရှိတယ်။ မတော်တဆ လိပ်ပြာတစ်ကောင် ပုခုံးပေါ်လာနားချိန်ဟာ လိပ်ပြာလေး ချစ်တဲ့သစ်ပင် အဖြစ်ဂုဏ်ယူမိတယ်။ ပင်ဝါးရုံက လေယူတိမ်း တတ်တယ်တဲ့။ ကျုပ်စိတ်ကတော့ မထောင်ခင် ကတည်းက ညွှတ်ကွင်း မိနေသလိုမျိုးပဲ။ တစ်ခါ တစ်ခါလည်း ခံစားချက်တွေကို အစိမ်းလိုက် မြိုချမိလို့ ပျို့တောင်ပျို့တယ်။

ကျုပ်ကကြယ်တွေကို ချစ်တယ်။ ကြယ်ကြွေတာကို မနှစ်မြို့ဘူး။ အသဲကွဲတဲ့ညမှာ ကြယ်ကြွေတာဟာ ရင်ဝလှံဆူးတာထက် ပိုဆိုးတယ်။ အချစ်ဒဏ်ဆိုတာ သေရွာပါပဲ။ လူတွေဟာ ချစ်ခြင်းမေတ္တာတွေကို လောဘကြီးရင်း အရနည်းခဲ့ကြတယ်။ လူသေရင် အသုဘလို့ နာမည်ပေးပြီး သေဆုံးခြင်းအခမ်းအနား လုပ်ကြတယ်။ အချစ်ဆုံးတဲ့ ရင်လူးပွဲကျတော့ မစည်ကားပဲ ကြေကွဲကြရတယ်။ လူတွေက အချစ်သခင်ပဲ ဖြစ်ချင် ကြတာပါ။ အချစ်ရဲ့ ကျေးကျွန်ဖြစ်မှာတော့ ကြောက်ကြတာ ချည်းပါပဲ။ အချစ်က သစ်ပင်လို အချိန်တန် ရွက်နုဝေပြီး အမြစ်တွေဆွေးသွားမျိုး မှမဟုတ်တာ။ အချစ်ဆိုတာ " ချစ်တယ် " လို့အကြိမ်ပေါင်း များစွာ အော်ဟစ် နေရုံနဲ့မပြီးပါဘူး။ ရင်ဘတ်နဲ့ရင်းတဲ့ အချစ်ဆိုတာ အနည်းနဲ့အများတော့ အောင့်မှာပဲ။ သူ့အရသာက နဲနဲလောက်တော့ သက်နေလိမ့်မယ်။

တစ်ချို့လူတွေက Bankrupt ဖြစ်မှာကြောက်ရင်း Sick of Love ကိုမလိုအပ်ပဲ ခံစားနေကြရတယ်။ ဒီရာစုသစ် မှာက အချစ်=အချစ်? ဒါမှမဟုတ် အချစ်=ငွေကြေး? ဟောလိဝုဒ်မပြောပါနဲ့လေ။ ကျုပ်တို့ ရွှေပြည်ကြီးက တစ်ချို့ဆို အချစ်ဆိုတာ သိန်းသုံးရာ့ ငါးဆယ်တန် ဟန်းဖုန်း ( သူပြောတာပဲ ဟုတ်လားမဟုတ်လားတော့ မသိ ) ၀ယ်ပေးနိုင်လို့ အဖေအရွယ်ကို အချစ်စစ်လုပ်လို့ ရနိုင်တာပဲ။ ဒီလိုမြောင်းပေးနိုင်ရင် ရေလာတာမှ ခလုတ် တောင်ထဖွင့် စရာမလိုတဲ့ခေတ်လေ။ ယောင်းမမြင်းစီးထွက်တာသာ စကားပုံရှိတာလေ။ ယောက္ခထီး မြင်းစီးထွက်တာကျ ( Small ဆွဲခြင်း ) ဘယ်သူသိတာမှတ်လို့။ ကျုပ်ငယ်ငယ်ကတည်းက ဟတ်ထိတဲ့ သီချင်းလေး ကြားဖူးထားတယ်။ တို့မိန်းမယူရင်ကွယ် ရုပ်ရည်လည်း ချောရမယ်၊ ပိုက်ဆံလည်းပေါရမယ်...တဲ့။ ဖြစ်နိုင်ရင်ကျုပ်ရဲ့ အချစ်စစ်ကို " ၀မရရ " လေးဆီ CV Form ပေးချင်မိပါရဲ့။ ဒါပေမယ့် ကျုပ်ဟမ်ဘာဂါ ဖြစ်မှာတော့ ကြောက်တယ်ဗျ။

ဒီခေတ်မှာ အချစ်ဆိုတာ ဖေ့ဘွတ်မှာ စုံတွဲဓါတ်ပုံတင်ဖို့ အလန်းဇယားနဲ့ လမ်းသလားကြတာ မျိုးများလား။ Love Anniversary နေ့တွေမှာ စုံတွဲပျို ( ကလေးမယူကြသေးသူများ) တို့ ရေသွားကူးကြ တဲ့ပုံတွေကအစ ဝေေ၀ဆာဆာ နဲ့ပါပဲ။
" မမပိုလှလာတယ်.." ကော့်မက့်လိုက်ရုံနဲ့ ရေးချင်ရက်ဂွင်ဝင် ဆိုသလိုပါပဲ။
"ဟုတ်တယ် ရေကူးဝတ်စုံက နဲနဲများကျပ်နေသလားလို့ US ကဘရားသားက ပို့လိုက်တာလေ..." ဒီလို အတင်းကို မဆိုင်လည်း မယ်မယ်ရရလေး ပြန်ဖြေတတ်ပြန်ရော။ ကျုပ်နဲ့မဆိုင်သော်လည်း မနေနိုင်တဲ့လက်က ရေးချင်နေမိတယ်။ စာရေးချင်တဲ့သူတွေများ စကားများထက်လူထက် ကြောက်ဖို့ ပိုကောင်းတယ်။ ဖေ့ဘွတ် ဝေါပေါ်တက်ပြီး အချစ်နဲ့ မောင် နှစ်ပါးသွားတဲ့ အချစ်မျိုးကျပြန်တော့ လူသိရှင်ကြား ချစ်ပြတာမျိုးများလား။ Love is not public! မဟုတ်လားဗျာ။ လူတွေက Sex is not public. လောက်ပဲသိထား ကြတာကိုး။ ဒီလိုသာ ကြော်ငြာကြေးဆို သတင်းစာထဲ " မာယာမပါတဲ့ အချစ် အလိုရှိသည် " လို့ကျုပ်ထည့်ချင်မိပါရဲ့။

ကျုပ်ကတော့ ကျုပ်ကိုပါးရိုက်ပြီးမှ အဖြေပေးမယ့် ချစ်သူမျိုးပဲ မျှော်လင့်မိတော့တယ်။

ဖန်နေ၀န်း



Monday, December 20, 2010

" colourful Thinking "

(၁) " ဘ၀နဲ့ အတွေး "

လူ့ဘ၀ဟာ ပျော်နေသယောင်နဲ့ ပျင်းရိစရာ ကောင်းလာတယ်။ ညစာစားစရာ မရှိတဲ့သူဟာ နေ၀င်ချိန်တွေကို ကဗျာမဆန် နေနိုင်ဘူးလေ။ လွမ်းရေးထက် ၀မ်းရေးကပိုခက်တယ် မလား။ ဘ၀က ကဗျာပီပီ၊ စာပီပီရေးတတ် အောင်မသေမချင်း ချင့်ချိန်နေရမှာပါပဲ။ ရှိတာလေးနဲ့လောက်အောင်စား၊ လှအောင်ဝတ်ကြကြေးဆို လူ့ဘ၀မှာ ပြိုင်ပွဲဆိုတာ မရှိတော့ဘူးပေါ့။ အစွန်းမရောက်တဲ့ မဇ္ဇိုမပဋိပဋာထဲမှာ ရောင့်ရဲတင်းတိမ်ခြင်း ကသပ်သပ်ပါ။ လူက၀တ်ကျေတမ်းကျေ မရယ်ချင်လည်း ရယ်နိုင်သေးတယ်။ ဒါဟာ စက်ရုပ်ထက်သာ တဲ့အချက်ပဲ။ ခင်ဗျား ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ခင်ဗျားဟာ ငွေဝယ်ကျွန်ပါပဲ။

ဘယ်ရှော့ပင်းမောမှာမှ ဈေးကြီးတဲ့ Branded Life တွေအသင့် မရောင်းဘူး။ ဘ၀ဆိုတာ ကိုယ်တိုင် Branded ဖြစ်လာအောင် ဖန်တီးနေရတဲ့ ဈေးသည်လိုပဲ။ လောကကြီးကဘာကို သတိထားရမလဲ ဆိုတာကို ( ! ) မပြဘူး။ ဘ၀ဆိုတာ စီဘောက်ထဲမှာလို စိတ်ကြိုက် ရေးခွင့် မရှိဘူး။ IT ခေတ်မှာ သတင်းစာနာရေး သတင်းထက်အင်တာနက်က အတင်းအဖျင်းတွေက ပိုစိတ်ဝင်စားဖို့ ကောင်းတယ် မလား။ သိပ်လှတဲ့မိန်းကလေးတွေမှာ ချိုင်းမွှေးတွေရှိနေတာ လောကကြီး အပြစ်လား။ တစ်ခါ တစ်ခါလည်း စတော့ကင်(stocking) ၀တ်ထားတဲ့ မိန်းကလေးပေါင်လုံးက ကိုယ့်ထက်တုတ် နေတာကျ လောကကြီးက တယ်မတရားဘူး။ ခုခေတ်မှာ အရက်သောက်တတ်တဲ့ မိန်းကလေးက အပျက်မ မှမဟုတ်တော့တာ။ နေရာတိုင်းမှာ ညနေစောင်း ညဉ့်ငှက်မလေးတွေ ကျက်စားတဲ့ ဒေသဟာ ပိုစည်ကား လေ့ရှိတယ်။ ကုန်ဈေးနှုန်းတွေတက်တော့ သူတို့စက်ရှင်( Section )ခတွေလည်း ကြေးမြင့်ကြရမှာပေါ့။ သူတို့ကိုအပြစ်ပြောဖို့ တော့မရှိပါဘူး။ ကျုပ်ကလည်း သူတော်ကောင်းမှ မဟုတ်ပဲ။


လောကမှာ သူများဦးနှောက် ဖောက်စားတတ်တဲ့ လူကပညာရှိလား၊ အဖောက်စားခံရတဲ့ သူကပညာရှိလား။ တစ်ရက်ကို စာမျိုးစုံ တစ်ဘီလီယံ (သန်းတစ်ထောင်) ကျော်တင်နိုင်အောင် Facebook ကွန်ရက်တီထွင်ခဲ့သူ Mark Zuckerberg ကိုကျုပ်တို့ ကိုးကွယ်ဖို့ လိုအပ်သလား။ ကိုယ်လေးစားရင် ဒူးမညွတ်နိုင်တောင် ဦးညွတ် သင့်တယ်လို့ ကျုပ်ယူဆတယ်။ လူဆိုတာ ဟုတ်တာချည်းပဲ လုပ်နေရင်လည်း လောကကြီးက ပျင်းစရာကောင်း လာတော့မှာပေါ့။

ခုခေတ်စားနေတဲ့ ၀ီကိလိခ် အင်တာနက်ဝဘ်ဆိုက် ထူထောင်တဲ့ Julian Assange တို့လို တစ်လွဲဆံပင်ကောင်း လုပ်မှလည်း ကျုပ်တို့က မျက်စိပွင့်၊ နားပွင့်ရှိမယ်မလား။ နည်းပညာတွေနဲ့ မအားလပ် တဲ့ကြားမှာပဲ သူက ဆွီဒင်နိုင်ငံမှာ အမျိုးသမီး ၂ ဦးကို အလိုမတူဘဲ လိင်ဆက်ဆံမှုလည်း ရှိခဲ့သေးသတဲ့။ လူဆိုတဲ့သတ္တ၀ါမျိုးက အရေးပေါ်မဟုတ်တဲ့ Emergency ထွက်ပေါက်မျိုးကို ရှာဖွေတတ်ကြတာလည်း ခုခေတ်မှာ သိပ်တော့မဆန်း လှပါဘူးလေ။ ကျုပ်လည်း တစ်ခါလောက်တော့ ကမ္ဘာကျော်ဖြစ်ချင် သေးတယ်ဗျ။ ငရဲမင်းနဲ့ ချက်တင်အကြောင်း အေးအေးဆေးဆေး ဆွေးနွေးကြည့်ချင်တယ်။ ကွန်ပြူတာလက်ကွက်နဲ့ ပြောတာကို ခင်ဗျားအပြစ်ရှိတယ်လို့ ယူဆသလားလို့ မေးကြည့်မယ်။ ဘယ်လိုပြစ်မှုကို အထမြောက်တယ် ဆိုတာပါ ဆွေးနွေးမယ်။ ကျုပ်ဒါတွေ ကမ္ဘာကြီးကို ချပြနိုင်ရင် Person of the year လောက်တော့ အရွေးခံရ လောက်တယ်ဗျ။


လောကကြီးနဲ့ကျုပ်ကတော့ ချစ်သူဖြစ်လိုက်၊ ရန်သူဖြစ်လိုက်နဲ့ပါပဲ။ အခန့်မသင့်ရင်လည်း ကျုပ်ကတော့ ငါကိုင်တုတ်တာပဲ။ သူကကျုပ်ကိုဆို မျက်နှာသာသိပ်ပေးတာ မဟုတ်ဘူးဗျ။ ကျုပ်ကအလုပ်ချိန်ကလွဲလို့ အလုပ်သိပ်ရှုပ်နေ တတ်တဲ့ကောင်။ ရုံးဆင်းချိန်နဲ့ အားလပ်ရက်တွေမှာ အမောပြေအလုပ်တွေနဲ့ ဇယ်ဆက် နေရတယ်။ ကျုပ်ကတော့ သိပ်ရှုပ်ထွေးနေတဲ့ ချည်ခင်ကို အစရှာဖို့ဘယ်တော့မှ မကြိုးစားဘူး။ အသစ်တစ်လုံး ပဲထပ်ဝယ်လိုက်မယ်။ အချိန်ကငွေထက် ကြေးကြီးတယ်လို့ ကျုပ်ယူဆမိတယ်။

ကျုပ်က သေမျိုးတွေ အချင်းချင်း မာနတံခွန်တက် နေတာအားကြီး မုန်းတတ်တဲ့ကောင်။ တစ်ကယ်ဆို မြန်မာပြည်ဘွား လန်ဒန်ကကလူလည်း သေမှာပဲ။ နာဂစ်ဖြစ်ပြီး တစ်ကောင်ကြွက် ဖြစ်နေခဲ့တဲ့ လူမြေကြွက် လည်းသေရမှာပဲ။ အသေပြိုင်ပွဲမှာ အလှဆုံး ဆိုတာ သူ့သမိုင်းပဲ ရှိတယ်။ သေမှတော့အခေါင်းကို ကာလာစုံရွေးခိုင်းဖို့ မလိုအပ်ပါဘူး။ စိတ်အေးလက်အေး ဒုန်းဒုန်းချပြီး အသက်ကို ထုတ်ပစ်လိုက်နိုင် ဖို့အရေးအကြီးဆုံးပဲ။ နောက်ဆုံးထွက်သက်ဟာ ညင်သာနေဖို့ပဲ လိုတယ်။ ၀ါကျဆုံးရင်တာ ပုဒ်မ(။) ချလို့ရတယ်။ ဘ၀ဆုံးရင် သူ့အတွက် ပုဒ်မ(။) ဆိုတာ မရှိဘူး။ ကျုပ်က တော့လေ သံသရာကို ကဗျာလုပ်ပြီးရေးရမှာတောင် ကြောက်မိတယ်။ ကျုပ်တို့အတွက် သံသရာကြွေးဆိုတာ နည်းတာမှတ်လို့။ ခင်ဗျားမကျေနပ်ရင် လဲသေလိုက်ရုံပဲ ရှိတော့တယ်။ ခင်ဗျားရဲ့ အကုသိုလ်ကံတွေ အတွက် လျော်ကြေးကို ဘယ်လောကပါလနတ်မင်းကမှ တတ်နိုင်မှာလည်း မဟုတ်ဘူး။ လူတွေက ကောင်းမှုလုပ်ရမှာသာ ၀န်လေးနေသလိုလို၊ မဆိုင်သလိုလို နေတတ်ကြတာ။ အကုသိုလ်များလုပ်ဖို့ဆို သေချာပြင်ဆင်ပြီး အပင်ပန်းခံ တတ်ကြတာမျိုးတွေလေ။


ဘ၀မှာ ပညာကုန်သွယ်ခြင်းက ငွေကုန်သွယ်ခြင်း ထက်မြတ်သတဲ့။ ခုခေတ်ကတော့ ငွေကုန်သွယ်ခြင်းကပဲ ပိုမြတ်နေသလိုပါပဲ။ ရွှေအိုးရှိမှ ပညာရှာလို့ ရတဲ့ခေတ်မလား။ " Life is No money, No beauty." ရာနှုန်းပြည့်တော့ ကျုပ်မဆိုလိုပါဘူး။ ကမ္ဘာ့နံပါတ်တစ်နေရာကို ယူနေကြတဲ့ အချမ်းသာဆုံး ဆိုတဲ့ ပုဂ္ဂိုလ်တွေထက် လူမသိသူမသိ နံပါတ်တစ် နေကြတဲ့လူတွေ မရှိနိုင်ဘူးလို့ ခင်ဗျားတို့ထင်သလား။ " အဟက် " ဒီလိုပဲ လှောင်ရယ်ချင်တော့တယ်။ ပညာတတ်နဲ့ လူချမ်းသာဆိုတာ တစ်ကိုယ်တည်း ပူးနေမှ လူဖြစ်ကျိုးနပ် တဲ့ခေတ်လေ။

ခုခေတ်က Professional နဲ့ ၀ါသနာကို ခွဲတတ်လာကြပြီ။ များသောအားဖြင့် ၀ါသနာပါရာနဲ့ ငွေရှာတာထက်၊ ငွေရှာနေရင်းမှ ၀ါသနာပါရာကို အကောင်အထည် ဖော်နေကြတဲ့ခေတ်လေ။ ဒီခေတ်မှာ စာရိတ္တကောင်းပြီး မွဲတေနေရင်လည်း လူရာမ၀င် နိုင်ပြန်ဘူး။ ဂလိုဘယ်ခေတ်ကြီးထဲမှာ ကျုပ်တို့ဦးနှောက်တွေ ကောင်းနေဖို့၊ သွေးတွေရဲနေဖို့ပဲ လိုအပ်တယ်။ ငယ်ငယ်ကတည်းက ကျောင်းမှာအဆင့်နောက်ဆုံး ရခဲ့လို့ ၀မ်းနည်းစရာ မရှိပါဘူး။ ခပ်တုံးတုံးအတွေးအခေါ် တွေကိုသာ ခေါင်းထဲထည့်မထားဖို့ လိုအပ်တာပါ။ ဘ၀မှာ ခေါင်းကိုက်တာနဲ့ ခေါင်းဖြတ်လိုက်စရာမှ မလိုအပ်တာ။


" ဘ၀ဆိုတာ အတွေးတွေကို တင်ဆောင်ခုတ်မောင်းလာတဲ့ ရထားတစ်စီး လိုပါပဲ။
"

ဖန်နေ၀န်း

Wednesday, December 15, 2010

" သုံးဆယ့်တစ်ရဲ့ နေ၀င်ချိန် "


(၁)
ဒီဇင်ဘာသုံးဆယ့်တစ်ရက်။
လူတိုင်း ဟက်ပီးနယူးယားအတွက် ရင်ခုန်ပျော်ရွှင် တဲ့နေ့တစ်နေ့။ ဒါပေမယ့် ဒေါ်လဲ့ခိုင် အတွက်တော့ အသဲနှလုံးတစ်ခုလုံး နုတ်ယူသွားသလို ကြေကွဲခဲ့စားနေရသည်။ ဒီဇင်ဘာလို ခိုက်ခိုက်တုန်လှတဲ့ ဆောင်းတွင်း ရောက်တိုင်း ရင်ထဲကအပူမီးဟာ ယခုထိတောက်လောင် နေဆဲပင်။ " ဟက်ပီးနယူးယား " ဟုအော်သံ တွေကြားတိုင်း သတိတရား မရှိတော့ လောက်အောင် သူမရင်ကွဲမတတ် ခံစားနေရသည်။ သူမရင်ထဲက အမာရွတ်ကသေရာပါ နေခဲ့ပြီ။ သူမရဲ့ ရင်တွင်းမီးဟာ ဘယ်လိုနည်းနဲ့မှ ငြိမ်းသတ်မရနိုင် လောက်အောင် မီးညွှန့်ကြီးလှသည်။ ဒီဇင်ဘာသုံးဆယ့်တစ်ရက် ရောက်တိုင်း ကြေကွဲမှုတွေက သွက်သွက်ခါ နေတတ်သည်။ သူမလောကဓံတရားရဲ့ လှည့်စားခြင်းကို ခုထိအဖြေရှာ မရနိုင်ပါ။ အဖြစ်အပျက်တွေက မနေ့တစ်နေ့ကလိုပင် အသစ်အတိုင်း လတ်ဆတ်ဆဲ ရှိနေတုန်းဖြစ်သည်။ ခုလည်းမကြာခင် ရောက်လာမယ့် ထိုနေ့အတွက် သူမတွေးရင်း ငိုရပေဦးမည်။ သူမအတွက် မျက်ရည်က ခံစားရသလောက် မကျနိုင်တော့ပါ။

(၂)
အဲဒီနေ့တုန်းကပေါ့။ ဒေါ်လဲ့ခိုင်တို့ လင်မယားနှစ်ယောက် ဧည့်ခန်းထဲ စကားစမည်ပြောရင်း သားအိမ်အပြန်ကို စောင့်နေကြသည်။ မိုးသိပ်မချုပ်စေဖို့ သူမသားကို သေချာမှာ လိုက်သေးသည်။ သားကဆိုင်ကယ်စီးရင် အရှိန်ကို တင်မောင်းတတ်သော အကျင့်ရှိသည်။ ထို့ကြောင့် သူမသားကို အပြင်သွားတိုင်း ရတက်မအေးနိုင် ရှိလှသည်။ ဒီညလို နှစ်ကူးမယ့်ညဆို လူတွေက သိပ်ရှုပ်ထွေးလှသည်။ ဆယ်တန်းစာမေးပွဲဖြေပြီးတာနဲ့ ဂျပန်ဆိုင်ကယ်ဝယ်ပေးဖို့ ကတိပေးမိတာ မှားသွားလား ဟုသူမ မကြာခဏ တွေးမိသည်။ အဖေလုပ်သူ ကတော့ မင်းသားက ယောင်္ကျားလေးပါကွာ ဆိုပြီး သိပ်အပူအပင် မရှိလှ။ သားကခုမှ ဆယ်ကျော်သက်လေးမို့ သူမသိပ်စိတ်မချတာတော့ အမှန်ပင်။ သားသမီး ဆက်မထွန်းကားခဲ့လို့ တစ်ဦးတည်းသောသားကိုပဲ အားကိုးပြီးချစ်နေရသည်။ ညဆယ်နာရီ ထိုးခါနီး အချိန်ထိ သားကအိမ်ပြန်မရောက်သေး။ သားအိမ်ပြန် မရောက်သေးတိုင်း သူမစိတ်ဒုန်းဒုန်း ချပြီးမအိပ်နိုင်ခဲ့ပါ။ မေးကနဲ ငိုက်ကျသွားရာမှ အသံသဲ့သဲ့ ကြား၍ ဒေါ်လဲ့ခိုင်ဆတ်ကနဲ ထထိုင်လိုက်သည်။

" ဟဲ့ သားလေး မိုးချုပ်လှချီလား " သူမလှမ်းမေးလိုက်သည်။ သူမသားကို မမြင်ရသေးပေ။ သူမ မီးခလုတ်ကို ထဖွင့်လိုက်မှ သားကိုမြင်လိုက်ရသည်။ သားမျက်နှာခါတိုင်းလောက် မရွှင်ပြပဲ ညိုးနွမ်း နေသလို သူမ ခံစားနေရသည်။ သူမကို ဘာမှပြန်မပြောပဲ သားလုပ်သူက သူ့အခန်းထဲ ၀င်သွားသည်။ သားသောက်လာတာ သူမအနံ့ရနေသည်။ သားအဖေသိရင် မိုးမီးလောင်မှာဆိုး၍ သူမဘာမှ သားကို ပြောမနေတော့။ သူမ ဧည့်ခန်းမီးကို ပြန်ပိတ်မယ် လုပ်တုန်းသားက သူ့အိပ်ခန်းထဲမှ ပြန်ထွက်လာခဲ့သည်။ သူမရုတ်တရက် ကျက်သေသေသွားသလို တစ်ကိုယ်လုံး ရပ်တန့်သွား၏။ သားက လည်ကတုံးအင်္ကျီအဖြူနဲ့ ကချင်ပုဆိုးကို ၀တ်ပြီးထွက်လာခဲ့သည်။ သူမတို့ မိသားစုသုံးယောက် ဘုရားသွားကျောင်းတက်တိုင်း သားကဒီလို ၀တ်လေ့ရှိသည်။ သူမသားမျက်နှာကို သေချာစိုက်ကြည့် လိုက်သည်။ အံ့သြထိတ်လန့်မှုနဲ့ အတူသူမ မင်သက်သွားခဲ့သည်။ သားမျက်နှာမှာ မျက်ရည်တွေနဲ့ စိုရွှဲနေပါလား။

" သား "

သူမတိုးတိုးလေး ခေါ်လိုက်ပေမယ့် အသံကခပ်ကျယ်ကျယ် ထွက်သွားသည်။ သူမခေါ်သံကြားမှ သားလုပ်သူက သတိဝင်လာသလို ကမန်းကတန်း မျက်ရည်သုတ်လိုက်သည်။ ပြီးတော့ သူမဆီကိုတိုးလာခဲ့ပြီး ပါးပြင်ကိုခပ်ဖွဖွ နမ်းလိုက်သည်။


" သား မေမေနဲ့ဖေဖေကို သိပ်ချစ်တယ် "

သားကပြောပြီး သူမကိုထိုင်ခိုင်းလိုက်သည်။ သူမရှေ့ ရိုကျိုးစွာပဆစ်တုပ် ထိုင်ပြီး သူမနှင့် အိပ်နေတဲ့ အဖေ လုပ်သူကို ကန်တော့လိုက်သည်။ လိမ္မာလိုက်တဲ့ သားလေးလို့ သူမပြော မထွက်နိုင်ခဲ့ဘူး။ သူမရင်ထဲမှာ စကားလုံးတွေ ပြောမရလောက်အောင် ဆို့နှစ်နေခဲ့သည်။ နှစ်သစ်ကို သားလေးက မိဘတွေကို သိတတ်တဲ့ ကုသိုလ်လေးနဲ့ စတင်လိုက်တာ သူမသိလိုက်သည်။ သူမလက်ထဲက စိတ်ပုတီးကို သားကလှမ်းယူလိုက်သည်။


" မေမေ သားပုတီးစိတ်ချင်လို့ပါ "
သူမအတွက်တော့ သားဟာဒီနေ့သိပ်ကို ထူးထူးခြားခြား ချစ်စရာကောင်းလွန်းနေသည်။ သူမ အသက် ထက်တောင် သားလေးအပေါ် မေတ္တာပိုလွန်းနေမိတော့သည်။ သားကပြောပြောဆိုဆိုပင် ဘုရားခန်းဆီကို ဦးတည်သွားခဲ့သည်။ သူမကြည်နူးတဲ့စိတ်က အိပ်ချင်စိတ်မရှိ လောက်တော့ လောက်အောင် လန်းဆန်း နေမိတော့သည်။ သားအဖေကို မနက်ကျမှ ပြောပြဖို့ သူမစိတ်ကူးခဲ့သည်။

(၃)
ဒီလိုနယ်မြို့လေးမှာ မြို့မျက်နှာဖုံးဆိုနိုင်တဲ့ သူဌေးစားရင်းဝင် တွေထဲမှာ ဦးရဲထွန်းနဲ့ ဒေါ်လဲ့ခိုင် ဆိုတာမပါမဖြစ်။ ဆန်ကုန်သည် အကြီးစားတန်းဝင် များဖြစ်သည်။ သူတို့ရှာဖွေရသမျှငွေကြေး များသည် ဒီတစ်သက်စားမကုန် နိုင်ရှိလှသည်။ အရွယ်လွန်မှ အိမ်ထောင်ကျတော့ သားသမီးက ဆက်မထွန်း ကားတော့။ ဘာပဲဖြစ်ဖြစ် သားယောင်္ကျားလေးဆိုတော့ အားကိုးအားထား ရှိလှသည်။ သားနာမည်ကို

" မောင်ချစ်ထွန်းဝေ " လို့ကိုယ့်ဘာသာပဲ ပေးထားခဲ့သည်။ သားကိုဒီနာမည် စိတ်ကြိုက်ပေးတော့ ဗေဒင်ဆရာက သဘောမတူခဲ့။ သူမက ဗေဒင်တွေသိပ်ယုံကြည့်မှု မရှိပေမယ့် သားကိုအကောင်းဆုံး ဆိုတာချည်းပဲ ပေးချင်လို့ မေးဖြစ်ခဲ့တာပါ။ ဗေဒင်ဆရာပေးတဲ့ နာမည်တွေကို သူမတစ်ခုမှ စိတ်ကြိုက် မတွေ့ခဲ့ဘူး။

" ခင်ဗျားသားကို အသက်ရှည်ရှည် မနေစေချင်ဘူး ထင်တယ် " ဒီလိုပြောတဲ့ ဗေဒင်ဆရာကို သူမဒေါ်သတွေ ထွက်လိုက်တာ။ သားအဖေတားရတဲ့ အဆင့်ထိပါပဲ။ သားလေးမွေးကတည်းက သူမအကောင်းဆုံး၊ အသန့်ဆုံးဆိုတာတွေပဲ ပေးခဲ့သည်။ တတ်နိုင်ရင်ရွှေလင်ဗန်းနဲ့တောင် သားရဲ့အချင်းကို ဆေးချင်ခဲ့တဲ့သူပါ။ သားစကားစတတ်တော့ သားက မေမေစမခေါ်ပဲ ဖေဖေလို့စခေါ်ခဲ့လို့ သူမငိုခဲ့ရဖူးသေးသည်။ သူမက သားအဖေကို ကိုကိုရဲ လို့ခေါ်တော့ သားကပါ လူရှေ့သူရှေ့ဆို " ကိုကိုရဲ ကိုကိုရဲ " ဆိုပြီး စကား မပီကလာသံဖြင့် အော်လို့ အရှက်ရဖူးသည်။ သူမဘယ်လောက် အလုပ်တွေရှုပ်နေတောင် သားလေးအ

တွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်အောင် သူမကြိုးစားသည်။ အမေတစ်ယောက်ရဲ့ တာဝန် တစ်စွန်းတစ်စမှ မလစ်ဟင်းရအောင် သတိထားသည်။ သားလေးကို ချစ်တဲ့စိတ်ကသူမအပေါ် လွမ်းမိုးမှုအားကြီးလွန်းလှသည်။ သားလေးဖျားတိုင်း သူမလိုက်ဖျားတတ်၏။ သူမဘ၀မှာ မှတ်မှတ်ရရ သားလေးတစ်နှစ်ခွဲအရွယ်မှာ ကုတင်ပေါ်ကနေ အမှတ်တမဲ့ ပြုတ်ကျဖူးခဲ့သည်။ သားလေးအငိုတတ်သည့် တိုင်သူမအငိုမရပ်နိုင်ခဲ့ပါဘူး။ သူမယူကျိုးမရနိုင်တဲ့အဆုံး အပေါ်ထပ်လှေခါးကနေ သားလေးနာသလို နာရစေမယ်ဆိုပြီး ခုန်ချဖို့ထိ ကြိုးစားခဲ့ဖူးသည်။ ချစ်လွန်း၍ စိတ္တဇဆန်ခဲ့ဖူးသည်။ သတိလက်လွတ်မိတဲ့အထိတောင် မိမိထက်သားကို ပိုချစ်ခဲ့သည်။

တစ်နေ့ကပဲ သားကိုတက္ကသိုလ်ထားမည့် ကိစ္စနှင့် လင်မယားကတောက်ကဆ ဖြစ်ခဲ့သေးသည်။ တစ်ကယ်ဆို သားက ခုမှဆယ်တန်း အောင်စားရင်းတောင် ထွက်သေးတာမဟုတ်။ သားကို ဘယ်တက္ကသိုလ်မှာ ထားရင် အဲဒီမြို့မှာပဲ အိမ်ဝယ်ဖို့၊ စီးပွားရေးလက်ခွဲလုပ်ဖို့ စဉ်းစားနေရတာ သူမရတက်မအေး နိုင်ရှိလှသည်။ သူမအနေနဲ့ သားကိုသိပ်မပင်မပန်းပဲ ဘ၀ကိုရှင်သန်ခွင့်ရအောင် နည်းမျိုးစုံစဉ်းစားထားသည်။ တစ်ခါ တစ်ခါလည်း သူမကိုယ် သူမရယ်ချင်မိသည်။ သူမတို့မောင်နှမ ခုနှစ်ယောက်လုံးကို မိဘတွေဘယ်လိုများ ပူပန်ခဲ့ပါသလဲဆိုပြီးတော့ တွေးမိသည်။ သားအတွက်တော့ သူမပိုသွားတယ်ဆိုတာပဲ ဖြစ်နေစေရမယ်။ တစ်ကယ်လို့ လိုသွားခဲ့ရင် ဆိုတာ သူမအတွေးထဲမှာ တောင်စိတ်မကူး ထားဘူး။ ပြီးခဲ့တဲ့ နွေရာသီသားကို ရှင်ပြုတုန်းက ရိုက်ထားတဲ့ ဗီဒီယိုခွေဆို သူမပြန်ကြည့်တာ ဘယ်နှစ်ခါမြောက်လဲ မရေတွက်နိုင်တော့။ သူတို့လူ့လောကကြီးကနေ ထွက်ခွာသွားချိန် သားလေးကဒီခွေကို တစ်သသနဲ့ ကြည့်နေနိုင်တာပဲ ဆိုပြီးသူမ ပီတိဖြစ်နေခဲ့သည်။ သားလေးအတွက်ပဲ ဇောကပ်လွန်းလို့ ဆရာတော်တစ်ပါးကတောင် တရားဟော ယူခဲ့ရသည်။ ဒီလောက်ထိပြည့်စုံနေတဲ့ မိသားစုဘ၀မှာ ၀ိပဿနာအလုပ်က သားလေးအရွယ်ရောက်ပြီး လက်လွတ်နိုင်မှ စလုပ်တော့မည်ဟု သူမတွေးထားခဲ့သည်။ အဲဒီလောက်ထိတောင် သားကိုချစ်ပါသည်။

(၄)
ညက သားပြန်လာတာ စောင့်ရင်း အာရုံရောက်မှ ဒေါ်လဲ့ခိုင် တစ်ယောက်အိပ်ပျော်သွားခဲ့သည်။ သူမ နိုးလာတော့ အတော်ပင်နေမြင့်နေခဲ့ပြီ။ သားအဖေတောင်ဆိုင်ကို ဘယ်အချိန်သွားလိုက်သလဲ မသိလိုက်တော့။ သူမ ဖုတ်ဖက်ခါထရင်း သားအခန်းထဲကို သွားချောင်းကြည့်လိုက်သည်။ သားက အိပ်မောကျနေတုန်းပင်။ ညကတည်းက အင်္ကျီအဖြူနှင့် ကချင်ပုဆိုးစိမ်းအကွက်တောင် မလဲနိုင်ပဲ အိပ်ပျော်နေရှာသည်။ ညတုန်းက ဘယ်အချိန် လောက်မှ အိပ်ပျော်တယ်မသိဘူး။ သားခြေဖျား၊ လက်ဖျားတွေက အေးစက်နေခဲ့သည်။ သူမသားရဲ့ကိုယ် စောင်းနေတာကို တည့်မှတ်ပေးလိုက်ပြီး ခြေရင်းမှ စောင်ပါးပါးလေးကို ခြုံပေးလိုက်သည်။ သူမမျက်နှာသစ်၊ ဘုရားဝတ်ပြုပြီး မနက်စာအတွက် ပြင်ဆင်နေ ခဲ့သည်။ ဒီနေ့က နှစ်သစ်ဆိုတော့ သူမဆိုင်မသွားပဲ တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်မည်။ သားနှင့် အတူတူ မနက်စားစားမည်။ တစ်နေကုန် အတူတူ သားနှင့်ပဲ အချိန်ဖြုန်း လိုက်တော့မည်ဟု သူမဆုံးဖြတ် ထားလိုက်သည်။ သူမက တစ်နေ့တစ်နေ့ ဆိုင်သွားရ၊ စီးပွားရေးလုံးပန်းရနဲ့ သားနှင့်လွတ်လွတ်လပ်လပ် မနေရသည်မှာ အတော်ပင် ကြာနေခဲ့ပြီ။ အဲဒီအတွက် သူမသားအတွက် စိတ်တော့သိပ် မကောင်းလှပေ။ မနက်ဆယ်နာရီထိုးခါနီး အချိန်ထိ သားကတော်တော်နှင့် မနိုးလာခဲ့။ သူမသန့်ရှင်းရေးလုပ်ရင်းပင် ဗိုက်အတော်ပင်ဆာနေခဲ့သည်။ သားနှင့် အတူစားဖို့ စောင့်နေရင်းအချိန် တော်တော်လင့်သွားခဲ့သည်။ သူမလုပ်လက်စ အလုပ်တွေချပြီး သားကိုနိုးဖို့ သူမသားအခန်းဆီကို သွားခဲ့သည်။

" ခွမ်း "
သူမခြေထောက်က ဘယ်လိုလုပ်ပြီး ပန်းအိုးကို ထိမိလိုက်သည် မသိလိုက်တော့။ သူမကြိုက်လွန်းလို့ ဈေးကြီးပေးပြီး သူမကိုယ်တိုင် စိုက်ပျိုးထားခဲ့တာ။ တစ်နေ့တစ်နေ့ အရိပ်တစ်ကြည့်ကြည့်နဲ့ သူမ ရေလောင်း ပေါင်းသင်လုပ်လာခဲ့တာ။ ခုတော်တော်လေးတောင် ကြီးလာခဲ့ပြီ။ ပန်းမပွင့်နိုင်သေးပေမယ့် မကြာ

ခင်ဖူးတောင်ဖူးနိုင်တော့မယ့် ပန်းပင်လေးပါ။ သူမကိုယ်သူမ ယူကျိုးမရနိုင် ရှိလှသည်။ ပန်းအိုး ကွဲသွား ရုံသာမက ပန်းပင်လေးပါ ပျက်ဆီးကုန်သည်။ သူမကိုယ်တိုင်ပင် အတော်ကိုအံ့သြပြီး အဖြေရှာမရ ဖြစ်နေခဲ့သည်။ အမြစ်လေးတွေတောင် နောက်ထပ်မရှင်သန်နိုင် တော့လောက်အောင် ပျက်ဆီးကုန်သည်။ တစ်ကယ်တော့ သူမအပေါ်ယံသာ ပန်းပင်လေးကို ရေလောင်းပေါင်းသင် လုပ်နေခဲ့တာ အပင်လေးက အတွင်းမှာ ခြစားနေခြင်း ဖြစ်သည်။ သူမတော်တော်လေးကို စိတ်မကောင်းဖြစ်သွားရသည်။ သူမ စိတ်ပျက် လက်ပျက်နဲ့ သားလေး အခန်းဆီပဲ ထွက်လာခဲ့တော့သည်။

အရေးထဲ သားအခန်းတံခါးက ရုတ်တရက်ဘာလို့ ကြပ်သွားတယ်မသိ။ မနည်းကြီးကို တွန်းဖွင့်နေရသည်။ သားကတော့ အိပ်မောကျမြဲ ကျလျက်ပင်။ သူမသားကုတင်ပေါ်မှာ ထိုင်လိုက်ရင်း သားမျက်နှာလေးကို သေချာကြည့် နေခဲ့သည်။ သားနဲ့ တစ်နေ့လုံးအတူနေမယ်ဆိုမှ သားကအိပ်ပုတ်ကြီး နေလိုက်တာလို့ စိတ်ထဲက ပြောနေမိသည်။ သားမျက်နှာလေးနားကပ်ပြီး သူမခပ်ဖွဖွလေး နမ်းလိုက်သည်။ သူမ နှုတ်ခမ်းဖျားတို့ ရေခဲနှင့်ကပ်သွားသလို အေးစက်ကုန်၏။ သူမရုတ်တရက် ရင်ခုန်နှုန်းက မြန်သွားခဲ့သည်။ ပြီးတော့သားနဖူးကို သေချာစမ်းကြည့်လိုက်သည်။

" ဟင် "
မယုံကြည်နိုင်လောက်ကိုပင် အေးစက်နေတော့သည်။ သူမပျာပျာသလဲ သားကိုစောစောကခြုံပေးခဲ့တဲ့ စောင်ပါးကိုခွာချလိုက်သည်။ သားရဲ့လက်တို့ ကွေးကောက်နေ၏။ သူမတုန်ရီစွာနဲ့ သားရဲ့ခြေဖျား၊ လက်ဖျားတွေကို ဆုတ်ကိုင်လိုက်မိသည်။ သူမတစ်ကိုယ်လုံး ဆတ်ဆတ်ခါအောင် တုန်လှုပ်လျက်ရှိသည်။

" သား "
သူမခေါ်သံသည် ပတ်ဝန်းကျင်ကအိမ်တွေတောင် ကြားနေရသည်။ သူမစိတ်ကို တည်ငြိမ်အောင်ထားပြီး သေချာပြန်ကြည့် လိုက်တော့သားရဲ့ဗိုက်က မလှုပ်မယှက် ငြိမ်နေတာ တွေ့လိုက်ရသည်။ သွက်သွက်ခါနေတဲ့ သူမလက်နဲ့ သားနှုတ်ခေါင်းဝကို စမ်းလိုက်တော့ အသက်ရှူသံ ရပ်တန့်နေသည်။

" သား "
သူမ ဘယ်နှစ်ကြိမ်မြောက် ဆက်တိုက် အော်မိမှန်းမသိတဲ့ အော်သံတွေနဲ့ အတူ အသိစိတ်တို့ ယူပစ် လိုက်သလို လွှင့်မျှောကုန်၏။ သူမဘာကိုမှ မသဲကွဲတော့ပါ။ သူမရဲ့ ကိုယ်ပိုင်လိပ်ပြာသည် သူမ၏၀ိညာဉ်ကို ခပ်ဝေးဝေးတစ်နေရာသို့ပို့၍ သူမကို အနားပေးလိုက်သည်။ သူမ၏ စိတ်ဝိညာဉ်ထဲတွင် သူမသည် ပျံဝဲနေခဲ့သည်။ သူမစိတ်ရှိတိုင်း လေယူရာသို့ ယိမ်းနေခဲ့သည်။ သူမကောင်းကင်နှင့် နီးသထက် နီးအောင် ပျံသန်းနိုင်ခဲ့သည်။ သူမလေတိုးသံသဲ့သဲ့မှာ အသိတစ်ချက်တိုးဝင် လာခဲ့သည်။ သူမ လွတ်လပ်ပေါ့ပါး နေခြင်းဟာ တဒင်္ဂရူးသွပ်မူ ဆိုတာပါပဲ။ သူမအမြင့်ဆုံးတစ်နေရာကနေ တစ်ဟုန်ထိုး ဆင်းသက် လိုက်ချိန် သိမ့်ကနဲ သူမခံစားလိုက်ရသည်။ သူမအခုလို ဆက်ပြီးမပျံသန်းနိုင်တော့မှာကို သူမကြောက်လာ ခဲ့သည်။ မတိုးမကျယ်အသံ တွေကသူမကို ခပ်ဝေးဝေးကို မပျံသန်း နိုင်တော့အောင် ဆွဲငင်နေကြသည်။ အိပ်မက်ဆိုတာ တစ်ကယ်မဖြစ်နိုင်မှန်း သူမသိသည်။ ဒီအိပ်မက်က နိုးရင်လည်း ဆက်အိပ်ပျော်ပါစေ။ လောကဓံတရားတွေက အိပ်မက်အဖြစ် မပြောင်းလဲနိုင်မှန်းကို လက်ခံနိုင်ဖို့ သူမကြိုးစားနေရဆဲ ဖြစ်သည်။


မောင်ချစ်ထွန်းဝေ ထိုနေ့က အရက်နှင့် မူးယစ်စေတတ်သော ဆေးတစ်မျိုးရောသောက်၍ ကရောင်ကတန်း ဖြစ်နေခဲ့သည်ကို ဒေါ်လဲ့ခိုင်တစ်ယောက် သိခဲ့ပါမူ………………..။ သုံးဆယ့်တစ်ရဲ့ နေ၀င်ချိန်တိုင်းကတော့ သူမမမျှော်ပဲ နှစ်စဉ်ရောက်လာ ဦးမှာပါ။


ဖန်နေ၀န်း


Sunday, December 12, 2010

Learn From Life - 1



မြို့ကြီးပြကြီး များမှာတော့ ကျနော်သိပ်မပြောတတ်ပါ။ ကျနော်တို့ နယ်မြို့မှာတော့ လက်လုပ်လက်စား ဘ၀တွေဆိုတာ နေ့စဉ်နဲ့အမျှ ရင်ဆိုင်တွေ့ကြုံ နေရတာပါ။ စွန့်ပစ်ပစ္စည်းတွေကို လိုက်ကောက်ပြီးလည်း ဒိုင်တွေဆီမှာ ပြန်ရောင်းမှ နေ့စဉ်ထမင်းစားနိုင်တဲ့ အလုပ်မျိုးလည်း ရှိတယ်။ သူတို့လေးတွေကို လူတွေက " ပလတ်စတစ် ကောက်သမားတွေ " လို့ခေါ်ကြတယ်။ ဘ၀ပေး အခြေအနေအရ သူတို့လေးတွေဟာ ဟောင်းနွမ်းစုတ်ပြတ်တဲ့ အ၀တ်အစားတွေကို ၀တ်ပြီး နေ့စဉ်နှင့်အမျှ အမှိုက်ပုံ၊ အမှိုက်ကြားမှာ ရှင်သန် ကြရတယ်။ သံတို၊ သံစ၊ ပလတ်စတစ်၊ စက္ကူစတဲ့ recycle လုပ်လို့ရတာ မှန်သမျှကို ရှာဖွေပြီး တစ်ဆင့်ရောင်း ကြတယ်။ ကောက်ယူလို့ရသမျှ တွေကိုထမ်းဖို့ အိတ်ကြီးကြီး တစ်လုံးရယ်၊ ပလပ်စတစ်တွေကို လွယ်လင့်တကူ ထိုးလို့ရတဲ့ သံချွန်လို တုတ်တံတွေဟာ သူတို့တွေရဲ့ အဆင်တန်ဆာ ဖြစ်တယ်။ ဒါဟာသူတို့ရဲ့ တစ်ဝမ်းတစ်ခါး အတွက်ဘ၀ကို ကျားကန်နေကြတာပါ။ ဒါပေမယ့် လူတွေရဲ့ အမြင်မှာတော့ သူတို့တွေဟာ သူခိုးတွေ၊ အောက်တန်းစားတွေ၊ လူလစ်ရင်ခိုး တတ်တယ် ဆိုပြီး အမြင်ကျဉ်းတတ်ကြတယ်။ အဆိုးဆုံးက ခွေးနဲ့ရှူးတိုက်ကြမျိုး လုပ်တတ်ကြတယ်။

လူတွေဟာ လူကိုလူလို့မြင်ဖို့ အင်မတန်မှ ၀န်လေးတတ်ကြတဲ့ သတ္တ၀ါမျိုးတွေ မလား။ ဒီလို လမ်းကြိုလမ်းကြား၊အမှိုက်ပုံအမှိုက်ကြားကနေရှာဖွေတာထက် ပိုပြီးအဆင့်မြင့်လာရင်တော့ ရပ်ကွက် ထဲလိုက်ဝယ် တတ်ကြတယ်။ အိမ်တိုင်းမှာလည်း ပုလင်းတွေ၊ ဗက်ထရီအိုးအပျက်တွေ၊ အသုံးမလိုတဲ့ စွန့်ပစ်ပစ္စည်းတွေကို စုထား တတ်ကြတယ်။ စာရေးသူတို့ ဘိုးဘွား၊ မိဘတွေလည်း ဒါမျိုးစုဆောင်း ထားကြတာ သိပ်ဝါသနာပါကြတယ်။ အိမ်မှာအသုံးမလိုတဲ့ ပစ္စည်း၊ ပစ္စယ မှန်သမျှကို သေသေချာချာ သိုလှောင်ထုတ်ပိုးလို့ နောင်ဘ၀အတွက်ပဲ သိမ်းဆည်းထားသယောင် လုပ်တတ် ကြတယ်။ စာရေးသူ အရွယ် မရောက်ခင်ကတည်းက သိပ်ဘ၀င် မကျလှပါဘူး။ ဒါပေမယ့် ကလေး ကလေးလိုနေ ဆိုတာ ကရှိသေးတယ်။ မြန်မာလူမျိုးတို့ရဲ့ ထုံးစံက လူကြီးသူမ စကားဆိုတာ အမြဲပဲ မှန်နေသလို မှတ်ယူ တတ်ကြတယ်။ ထားပါတော့လေ။ အရွယ်မရောက်သေးရင် ဘာမှလွန်ဆန်ချင်လို့ မရဘူးဆိုချင်တာပါ။

အိမ်မှာအသုံးမလိုတာတွေ ပြန်ရောင်းတဲ့အချိန်က နွေရာသီစာမေးပွဲကြီး ပြီးတဲ့အချိန်။ အဲဒီအချိန်ဆို တစ်နှစ်လုံးကျောင်းသုံး ဗလာစာအုပ် အဟောင်းမှန်သမျှကို လေလံတင်ပွဲ ကျင်းပချိန်ပေါ့။ ရပ်ကွက် ထဲမှာလည်း ဒီအချိန်ဆို ဒကောက်တောင်း ခေါင်းပေါ်ရွက်ပြီး လာဝယ်တဲ့ အမျိုးသမီးတွေရဲ့ အသံက မကြာခဏ ဆိုသလို ဆူညံနေတတ်တယ်။

" ဒန်အိုးပေါက်.. ကြေးအိုးပေါက်... ဘတ္တရီအိုးပျက်... ပုလင်းခွံတို့ ၀ယ်တယ် ..." များသောအားဖြင့် အဲဒီလိုအော်ပြီး ၀ယ်ကြတယ်။ ဒီလိုအလုပ်အကိုင်မျိုးကို အမျိုးသမီး အများစုက လုပ်လေ့ရှိကြတယ်။ သူတို့အသံက အိပ်နေရင်တောင် နိုးလာနိုင်တဲ့အထိ တော်တော်ကျယ်တယ်လို့ ပြောလို့ရတယ်။ သူတို့က လက်ထဲမှာ ပိုက်ဆံလိပ်လေးကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထား တတ်ကြတာပါ။ ကိုယ့်အိမ်က ရောင်းချင်တဲ့ အပိုပစ္စည်းမှန်သမျှ ကိုချိန်ခွင်နဲ့ ချိန်ပြီး ပိဿာချိန်နဲ့ လိုက်ဝယ်တဲ့ သဘောပါ။ ၀ယ်ဈေးကလည်း အမျိုးမျိုး ရှိသေးတယ်။ စက္ကူဆို တစ်ပိဿာ ဘယ်လောက်၊ ပုလင်းဆို ဘယ်လောက် စသဖြင့် သူတို့မှာ ၀ယ်ဈေးရှိတယ်။ သူတို့ကရှိလို့ လုပ်စားကြရတာမှ မဟုတ်တာ။ နေပူကြီးထဲမှာ သူတို့မှာရှိတဲ့ ငွေအရင်းအနှီးလောက်နဲ့ လိုက်ဝယ်ပြီး ဒိုင်တွေမှာ ပြန်သွင်းပြီး မိသားစု စားဝတ်နေရေးအတွက် ရုံးကန်နေကြရတာပါ။ သူတို့ရဲ့မျက်နှာတွေဟာ အရွယ်နဲ့ မလိုက်အောင် အိုမင်းနေတတ်ကြတယ်။ အပြောချိုသယောင်နဲ့လည်း ခပ်ကြမ်းကြမ်း ရှိတတ် ကြပြန်တယ်။ ဒါပေမယ့် သူတို့ဟာ ခိုးစားနေကြတာမှ မဟုတ်တာ။ လူဖြစ်နေတဲ့ဘ၀ကို လူပီသအောင် ကြိုးစားနေ ကြရတာပါ။ သူတို့ရဲ့ သားသမီးတွေအတွက်လည်း မိခင်ကောင်း ဆိုလို့ရပါတယ်။

စာရေးသူရဲ့ မိဘဆွေမျိုးတွေ အပါအ၀င် လူအများစုဟာ သူတို့ကို ကပ်သီးကပ်သပ် ဈေးဆစ် တတ်ကြတယ်။ ကလေးတွေအတွက် မုန့်ဖိုး၊ ပဲဖိုးလေးရအောင်လို့ဆို အသံကောင်းဟစ်ပြီး အိမ်မှာ မလိုအပ်တော့တဲ့ စွန့်ပစ်ပစ္စည်းတွေကို ရောင်းကြတယ်။ ကိုယ့်အိမ်ထဲကနေ " လာပါဦး "
တစ်ခွန်းလောက် သက်တောင့်သက်သာလေးခေါ်ပြီး အိမ်တွင်းစီးပွားလုပ်ကြတာပေါ့။ သူတို့ရဲ့ ချိန်ခွင်ကို အလေးခိုးသလား သေချာကြည့်လိုက်သေးတယ်။ လူတွေက ကိုယ့်ထက်လူနေမှု နှိမ့်ကျရင် အလိုလိုသင်္ကာမကင်း ဖြစ်တတ်ကြတယ်။ သူတို့ဝယ်ဈေးထက်ကို ပိုတောင်းကြသေးတယ်။

" ပိုပေးလိုက်ပါလား၊ ဘာဖြစ်သွားမှာမို့လဲ "
စသဖြင့် တောင်းဆိုတတ်ကြတယ်။ ၀ယ်သူခမျာ သူ့မှာရှိစုမဲ့စုငွေကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးလိုက်ဝယ်နေကြရတာ။ ဒီကြားထဲ ၀ယ်ဈေးတိုးဆစ်လို့ မရရင် " တော်ပြီနောက်တစ်ယောက်ကိုပဲ ရောင်းလိုက်တော့မယ် "ဆိုပြီး ခြိမ်းခြောက်တတ်ကြ သေးတယ်။ သူတို့လက်ထဲက ငွေကညစာအတွက်ဆန်ဝယ်ဖို့ ချန်ထားရတာလား၊ အရောင်းအ၀ယ်ဖြစ်ဖို့ လူမြင်အောင် လက်ထဲပိုက်ဆံပြရတာလား သူတို့ပဲသိနိုင်မယ်လေ။

စာရေးသူအရွယ် ရောက်လာတော့ မိဘတွေကို စပြီးပုန်ကန်တတ်လာတယ်။ လူတွေကိုလူလို့ နားလည်အောင် ကြိုးစားတယ်။ ဘ၀မှာအယူအစွဲ မှားယွင်းတာဟာ မိရိုးဖလာ လိုက်လုပ်ရမယ့် အလုပ်မှမဟုတ်တာ။ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေးအဘက်ဘက် မှာပေါ့။ ကိုယ့်အိမ်မှာ ဘာမှအသုံးမလိုတော့ပါဘူး ဆိုနေမှ ပေးလိုက်တော့ ဘာဖြစ်မှာတဲ့လဲ။ သူများမိသားစု ထမင်းတစ်နပ် စားလိုက်ရရင် ကိုယ့်အတွက် နည်းတဲ့ကုသိုလ်ဒါန မဟုတ်ပါဘူး။ လူတိုင်းဒီလိုလိုက် မကျင့်သုံးနိုင်တောင် ကိုယ့်မိသားစု၊ ဆွေမျိုးပတ်ဝန်းကျင်မှာတော့ မရရတဲ့နည်းနဲ့ ဖြောင်းဖြမှာပဲ။

" ခင်ဗျားက ဘယ်လောက်ချမ်းသာနေလို့လဲ.."
ဆိုခဲ့ရင် စာရေးသူက ထမင်းနပ်မှန်အောင် စားဖို့ချမ်းသာပါတယ်လို့ ဖြေချင်ပါတယ်။ ဥပမာ ကိုယ့်အိမ်မှာ မလိုအပ်တာတွေကို အလကား မပေးချင်တောင် ၀ယ်ဈေးဆစ်တာတို့၊ သူတစ်ပါး တဒင်္ဂစိတ်ဆင်းရဲအောင် မလုပ်သင့်ပါဘူး။ သူတို့ခင်ဗျာ နေပူမိုးရွာကြီးထဲမှာ လုပ်ကိုင်စားသောက်နေရတဲ့ ကိုယ်လိုလူချင်း အတူတူတွေပါ။ အတိတ်က အကုသိုလ်ကံကို ရင်စည်းပြီး ပေးဆပ်နေကြရတဲ့ သေမျိုးလူပါပဲ။ ငွေသိန်းပေါင်းများစွာ ကိုအခမ်းအနားနဲ့ လှူနိုင်မှ မြင့်မြတ်တဲ့သူတော်ကောင်းလို့ မခံယူသင့်ပါဘူး။ တစ်နိုင်တစ်ပိုင်ကို တစ်ကယ့်စိတ်ရင်းဒါနနဲ့ ပေါင်းပြီးလိုအပ်တဲ့သူကို ပေးလှူခြင်းဟာလည်း လူပီသတဲ့ သူတော်ကောင်းမျိုးပါပဲ။ သင်ခန်းစာဆိုတာ ယူတတ်မှရတာပါ။ မယူတတ်ရင် အဆိပ်အတောက် တွေကြီးပါပဲ။

အမှတ်တရလေးတစ်ခု ရေးပြချင်ပါတယ်။ စာရေးသူ တက္ကသိုလ်နောက်ဆုံးနှစ်ပြီးချိန်။ ငါးနှစ်လုံးတက်လာခဲ့တဲ့ စာအုပ်တွေ၊ သုံးမလိုတော့တဲ့ ပစ္စည်းတွေက တောင်ပုံရာပုံ ဖြစ်နေခဲ့တာ။ စာရေးသူက ကိုးရီးယားကားထဲမှာ ကျောင်းပြီးရင် ဆိုးလ်မြို့ကို သွားကြသလို ရန်ကုန် ရွှေမြို့တော်ကြီးဆီ ခြေဦးပြင်နေချိန်ပေါ့။ မင်းသားလုပ်ဖို့တော့ မဟုတ်ပါဘူး။ အသုံးမလိုတဲ့ အစုတ်ပလုတ်အားလုံး ကိုအိမ်ရှေ့မှာပုံထားလိုက်တယ်။ ပြီးတော့ဒန်အိုးပေါက်၊ ကြေးအိုးပေါက် လိုက်ဝယ်တဲ့ အမျိုးသမီးကို ခေါ်လိုက်တယ်။ အသက် 50အဒေါ်ကြီးအရွယ်လောက်ပါ။

" အဒေါ် စက္ကူတွေက တစ်ပိဿာ ဘယ်လောက်လဲဗျ "

" 150 ပါ...တူလေး.."

" ဟာဗျာ..ဈေးနဲလိုက်တာ နဲနဲထပ်တိုးပေးပါလားဗျာ "

" တူလေးက ဘယ်လောက်ပေးချင်လို့တုန်းကွယ်.."

" တစ်ပိဿာ 200 ထားလိုက်ပါ အဒေါ်.."

"မလုပ်ပါနဲ့တူလေးရယ်..170နဲ့ယူလိုက်နော်..အလေးမခိုးဘူးစိတ်ချ.. ပြည့်ပြည့်လေးချိန်ပေးမယ်.."

နှစ်ဦးသဘောတူပြီး ချိန်လိုက်တော့ ငါးပိဿာခွဲ ထွက်လာတယ်။ ငါးပိဿာခွဲဆိုတော့ 935ကျပ်ပေါ့။ ဒါနဲ့ စာရေးသူက

" အဒေါ် 950တော့ပေးလိုက်ဗျာ..နော် "

" ဟာငါ့တူရယ် မလုပ်ပါနဲ့....အဒေါ့်မှာ အဲဒီအစွန်းထွက်လေးပဲ စားရတာပါကွယ်..."

" ပေးလိုက်ပါဗျာ..အဒေါ်ကလည်း..ဒီလောက်လေးကိုပဲ..."

" အော်..ငါ့တူရယ်..ငါ့တူတို့အတွက်ကတော့ ဒီလောက်ဆိုပေမယ့်..အဒေါ်တို့အတွက်တော့ ဒါလေးနဲ့စားရတာပါကွယ်..."

ပြောပြောဆိုဆို နေပူကြီးထဲက လာတော့ချွေးတွေက ပြိုက်ပြိုက်ကျနေတယ်။ သူ့ခေါင်းပေါင်းစနဲ့ သူစိတ်လိုလက်ရ သုတ်နေတယ်။ သူမမျက်ဝန်းထဲမှာ ဒါဟာသူမအတွက် ညစာအတွက်လား၊ နက်ဖြန်အတွက် အရင်းအနှီးသစ်လားတွေးနေ ပုံရတယ်။ ကျနော် သူမ မတောင်းပဲ ရေတစ်ခွက်သွားခတ်ပြီး တိုက်လိုက်တယ်။ နေပူကြီးထဲကနေ နေရိပ်ထဲနားလိုက်တာနဲ့ ရေဆာတတ်ကြတာပဲမလား။ ပြီးတော့ ကျနော်က

" အဒေါ့်ကိုနောက်နေတာပါဗျာ..ဒါတွေ
ကိုကျနော် မရောင်းပါဘူး..အဒေါ့်ကိုအလကားပေးလိုက်မှာပါ..."

လို့ပြောတော့ သူမအံ့အားသင့် သွားပုံရတယ်။ ကျနော်တိုက်တဲ့ ရေတစ်ခွက်ထက် ပြောလိုက်တဲ့စကားတစ်ခွန်းက သူမအတွက် ပိုအေးမြသွားသလို သူမမျက်နှာမှာ မြင်လိုက်ရတယ်။ သူမဟာ ကျနော့်ကို ကျန်းမာပါစေ၊ ချမ်းသာပါစေလို့ ဆုတောင်းပေးပြီး မျက်ရည်တွေဝိုင်းလာခဲ့တယ်။ ရုတ်တရက်ပဲ သူမခေါင်းပေါင်းကိုပြင်ပြီး ဒကောက်တောင်းထဲ ပစ္စည်းတွေကို ဆန့်အောင် ပြွတ်သိပ်ထည့်ပြီး ခေါင်းပေါ်ရွက်ဖို့ ကြိုးစားတယ်။ ဇရာထောက်နေတဲ့သူမဟာ ထင်ထားတာထက် ပိုသန်မာနေတာကို မျက်ဝါးထင်ထင် တွေ့လိုက်ရတယ်။ သူမကတော့ ကျောခိုင်းသွားပါပြီ။ ဘာကိုမှလည်း သိပ်ခံစားနေဖို့ အချိန်သိပ်မရသလိုလို သူမထွက်သွားခဲ့တယ်။ စာရေးသူကတော့ တစ်သက် မမေ့နိုင်လောက်အောင် ခံစားဖို့ အချိန်တွေရနေပြီး မျက်ရည်ကျဖြစ်ခဲ့ပါတယ်။ ဘ၀မှာ တစ်ခါလောက်တော့ လူပီသအောင် လုပ်နိုင်ခဲ့လို့ပါ။ ဘ၀မှာ တစ်ချို့လူတွေရဲ့ဘ၀ဟာ နေပူဒဏ်ထက် ပိုပူနေကြတာ ပါလား...လို့တွေးရင်းပဲ ခပ်ဝေးဝေးက အသံလွင့်လွင့်ကို စာရေးသူကြားလိုက်ရတယ်။

" ဒန်အိုးပေါက်.. ကြေးအိုးပေါက်... ဘတ္တရီအိုးပျက်... ပုလင်းခွံတို့ ၀ယ်တယ် ..."



ဖန်နေ၀န်း

Friday, December 10, 2010

" ကြုံဖူးပေါင် ဂုဏ်ထူးဆောင် "



တစ်ခါတစ်ခါလည်း ဘ၀မှာငိုအားထက် ရယ်အားသန်ရမယ့် ကိစ္စတွေက နိဓဓူဝ သူ့ဘာသူပေါ်နေတာကလား။ သူငယ်ချင်းရဲ့ကုမ္ပဏီမှာ မြန်မာအလုပ်သမားနဲ့ အလုပ်ရှင် သူဌေးကြား မကြာခဏ သူမက၀င်ဖြေရှင်း ပေးရသတဲ့။ များသောအားဖြင့်တော့ ရုံးဝန်ထမ်းဖြစ်တဲ့ သူမကအလုပ်သမား အသစ်လေးတွေကို ပိုပြီး နားလည်အောင် ၀င်ပြောပေးတဲ့သဘောပါ။ မြန်မာပြည်ကနေ စရောက်ခါစ ဆိုတော့နားရည် သိပ်မလည် ကြသေး ဘူးပေါ့လေ။ သူငယ်ချင်းကတော့ နားမလည်တောင် ဒီဘော့စ်၊ ဒီအလုပ်နဲ့ ဒီအထာဆိုတာတွေက ရိုး..ဟိုး..နေပြီလို့တောင် ဆိုမယ့် အပါးဝစီနီယာကြီးတောင် ဖြစ်နေပြီလေ။ အဟက်။ သူငယ်ချင်း ကြုံလေ့ရှိတဲ့ စကားအသွားအလာ လေးတွေလည်း ရှိသေးသတဲ့လေ။

" ကျနော်တက်စီတား တာမရပ်လို့ ဘယ်လိုလုပ်ရမလဲ "

" ကျနော်တို့နေရမယ့် တိုက်ကအိမ်သာက ဘယ်နားမှာလဲ "

" ကျနော်ထမင်းဆိုင် ရှာတာရှာမရလို့ ..ဗိုက်တွေတောင်ဆာနေပြီ.."

အဲလိုပေါက်ပေါက် ရှာရှာလေးတွေ မေးတတ်ကြသတဲ့။ သူဌေးနဲ့ဖုန်းပြောပြီးသွားလို့ ဖုန်းကချလိုက်ပြီ။ ပြီးမှ ဘယ်ကိုသွားခိုင်းလိုက်တာလဲ မသိဘူး " go " လို့တော့ပါတယ် ဆိုပြီး ထပ်မေးတာမျိုး လည်းပါသေး။ သူဌေးပြောသမျှကို " Yes " လို့ပြောပြီးမှ သူငယ်ချင်းကို ပြန်မေးတတ်လွန်းလို့ သူကပါ ဘာပြောလဲဆိုတာ နားထောင်ပေးနေရသတဲ့။ ကိုယ့်ချင်းကိုယ့်ချင်း ကူညီပေးတဲ့ သဘောမျိုးပေါ့လေ။

ဒါနဲ့တစ်ရက်တော့ အမေကိုလည်းချစ်၊ အမျိုးကိုလည်းချစ်တဲ့ မျိုးချစ်ပုဂ္ဂိုလ်လေး အသစ်စက်စက် တစ်ယောက် ရောက်လာသတဲ့။ အဲသူလေးကတော့ဖြင့် အင်္ဂလိပ်လို လည်လည်ဝယ်ဝယ် ပြောနိုင်သတဲ့။ နာမည်က
" လင်းသြဘာ " တဲ့။ နာမည်ကခက်လေတော့ တရုတ်ဖရိုနှောင်ဇေးရှင်းနဲ့ဆို လျှာလိပ်တာပေါ့ကွယ်။ ဒါတော့သဘာဝပါပဲလေ။ မစ်စ်တာလင်း လည်းလုပ်လို့မရပြန်ဘူးတဲ့။ ရုံးမှာမစ်လင်းဆိုတဲ့ ကောင်မလေးက ရှိနှင့်နေပြီးသား ဖြစ်နေပြန်ရော။ ဒါနဲ့ပဲ သူဌေးက ဘိုလိုလေးနာမည် အသစ်လေးပေးပြီး ကင်ပွန်းတပ် လိုက်တယ်။ အမယ် သကောင့်သားလေးက လုံးဝ(လုံးဝ) ကိုလက်မခံ နိုင်ပါဘူးတဲ့ကွယ်။ ဒီနာမည်ဟာ မွေးကတည်းက မာတာမိခင်က ကင်ပွန်းတပ်ပြီး မှည့်ခေါ်ထားပါသတဲ့။ သူဌေးက ကျေးဇူးရှင် မျိုးချစ်လေးကို ဒီမှာခေါ်ရလွယ်အောင်ပါလို့ တောင်းတောင်းပန်ပန်လေး ပြောရှာပါသေးသတဲ့။ ဒါပေမယ့် အမေ့သား ဇာနည်ဖွားလေးက ဇာတိသွေးရဲရဲနီပြီး သူ့နာမည်ပဲ ပီပီသသ ခေါ်နိုင်အောင် ကြိုးစားပါလို့ ပြောလိုက် သတဲ့လေ။ နောက်ဆုံးတော့ ဒီလိုအဓိကရုံးတွေ ဖြစ်ပြီးသူဌေးက သူ့ကိုအလုပ်မခန့်ရသေးခင်မှာပဲ
အလုပ် ဖြုတ်ပစ်လိုက်သတဲ့ဗျာ။

ကဲ..ကျုပ်ပြောပါပကောလား။ ကြုံဖူးပေါင် ဂုဏ်ထူးဆောင်ပါပဲလို့။

ဖန်နေ၀န်း

Tuesday, December 7, 2010

" အသဲကွဲစခန်း "



အသဲကွဲသမားတွေ စုဝေးတဲ့
အချစ်ဒုက္ခသည် စခန်းကို
မသွားပါရစေနဲ့။
အချစ်ငတ်သူချင်း မျက်နှာချင်းဆိုင်
ငိုကြွေးရမှာ အားတုံ့အားနာရှိလှတယ်။
နိုင်ငံတစ်ကာမှာလည်း အချစ်ကို
လှူဒါန်းဖို့မပိုလျှံကြဘူး ထင်ပါရဲ့။
အချစ်ကိုအစားထိုးကုသဖို့
နှလုံးသား DNA ချင်းတူရမယ်တဲ့။
အပြည်ပြည်ဆိုင်ရာ အသဲကွဲသမားများနေ့မှာ
ငါအလံတစ်ဝက် မလွင့်ချင်ဘူး။

ဖန်နေ၀န်း



Monday, December 6, 2010

" အချစ်သစ်ပင် "


ငါကိုယ်တိုင်ပျိုးတဲ့ အချစ်သစ်ပင်
အချိန်တန်တော့...
ငါ့ရင်ဘတ်ကို ကျော်ပြီးကြွေတယ်။

အမြစ်တွေ ဆွဲနှုတ်
မရှင်သန်နိုင်တော့အောင် လုပ်မယ်လို့
တွေးရင်း.......ပဲ
ချစ်ခြင်းနဲ့မျက်ရည်သွန်းလို့
တယုတယ ထွန်ယက်နေမိပြန်တယ်။

ငါ့ဒဏ်ရာတွေ ရေတိုက်စားပြီး
သူ့ကိုရှင်သန်စေဖို့
သွန်းလိုက်တဲ့ မိုးကလည်း
စဲ..မစဲနိုင်ဘူးကွယ်။


ဖန်နေ၀န်း

" ခရေချစ်သူ "





ပန်းဦးခရေ၊ မြေမှာဝေလည်း
ရနံ့မယွင်း၊ မွှေးမြဲမွှေးသည်
ပန်ဆင်နှမ၊ သီကုံးလှဖို့
ခရေပင်အောက် တစ်ခေါက်ရောက်သည်
ခရေတစ်လှည့်၊ ကြွေတစ်လှည့်။


ဖန်နေ၀န်း

" အချစ်က တရားခံ "



အချစ်ရှုံးလို့ သုံ့ပန်းလုပ်မယ်ဆို
အချစ်ရေ.....
ဒီကောင်ကို တရားခံရှာလှည့်ပါတော့။


ဖန်နေ၀န်း


Sunday, December 5, 2010

" ကဗျာကိုပေးဖို့ ကဗျာမရေး ဖြစ်သေးပါ "


ကဗျာရေ
နင်နဲ့ငါက " ဟယ်လို " လုပ်ဖို့မလိုတဲ့
သူစိမ်းအရင်း ခေါက်ခေါက်တွေပါ။

ကဗျာရေ
ငါလည်း မြေကြီးနဲ့နီးတဲ့သူပါ
Branded တွေကိုးကွယ်တဲ့ ရုပ်ဝါဒီသမား မဟုတ်ရပါဘူး။

ကဗျာရေ
ငါအချစ်ရဲ့ ဆုံးရှုံးမှုတွေစတေး
အလွမ်းကို အလိုက်ပေးပြီး နမော်နမဲ့နိုင်ခဲ့လွန်းလို့
တစ်ခန်းရပ်ခဲ့တဲ့ ငါ့ပြဇာတ်တွေမှာ
လျော်ကြေးက အရင်းအနှီးထက် များခဲ့ရတယ်။

ကဗျာရေ
ငါကအတိတ် မရှိချင်တဲ့သူ
အတိတ်က ဖုန်သုတ်ပြီး ပြန်ကြည့်ချင် ရလောက်အောင် မလှခဲ့ဘူး
ပစ္စုပ္ပန်ပျို့တာပဲ ငါအန်ချတယ်။

ကဗျာရေ
အတွေ့အကြုံဆိုတာ အငှားချလို့မရပေမယ့်
ကဗျာကုန်သွယ်တဲ့ ဒီရင်ဘတ်ငှားပွဲမှာ
ပူဇော်ခမယူကြေးနော်။

ကဗျာရေ
ဖောင်တိန်ခေတ်က အကြည်ဓါတ်တွေ ခမ်းခဲ့ပေမယ့်
IT ခေတ်မှာ ငါ့ရင်ဘတ်တွေ လိုင်စင်ရသွားခဲ့တယ်။

ကဗျာရေ
လောကကြီးက ၀န်ဆောင်မှု အသစ်စက်စက်တွေနဲ့
အမျိုးမျိုး နှိပ်စက်နေကြတယ်။

ကဗျာရေ
ဘောင်ထဲက ကျပ်လို့ဆိုပြီး
ကပ်သီးကပ်ဖဲ့မပြောပါနဲ့
ငါ့စကားလုံးတွေက
အနှောင့်အသွားလွတ်တဲ့ " ဒဲ့ " ချည်းပဲ။

ကဗျာရေ
ကဗျာတွေ ဋီကာချဲ့ဖို့
ငါသီအိုရီဘာသာနဲ့ တန်းဆင်းခဲ့ရဖူးတယ်။

ကဗျာရေ
အသောမလိုတဲ့ rhythm နဲ့
စကားလုံး ပြွတ်ပြွတ်ခဲခဲတွေကို
အစာသွပ်ဖို့ ကဗျာထုတ်ပိုးမှု ငါမကျွမ်းကျင်ဘူး။

ကဗျာရေ
ငါက ခံစားချက်တွေတင်းကြမ်းနဲ့
ကျပ်ပြည့်နေတဲ့ကောင်ပါ
ခပ်ကျယ်ကျယ်တောင် မရယ်နိုင်ဘူး
ရင်ဘတ်တွေ အောင့်တတ်လွန်းလို့။

ကဗျာရေ
ခုခေတ်စားနေတဲ့ ဒီမိုကရေစီမှာ
အချစ်ပါသတဲ့လားကွယ်။
လောကမှာ အမှန်နဲ့အမှားကိုသိဖို့
အခြေခံကျတဲ့ ဒီမိုကရေစီ လိုအပ်လို့လား။

ကဗျာရေ
နာရီတွေရူးနေကြပြီ
မိနစ်ခြောက်ဆယ် တစ်စက္ကန့် နဲ့
နာရီခြောက်ဆယ် တစ်မိနစ်ဖြစ်လို့
ဒီနာရီတွေသေနေတာမှ ကောင်းလိမ့်ဦးမယ်။

ကဗျာရေ
နင့်မှတ်စုရဲ့ စာမျက်နှာကုန်သွားရင်
အလွတ်တစ်ရွက်တော့ ထပ်တိုးထားပါ
နောက်ဆုံးစာမျက်နှာမှာ မသေခင် ကဗျာတစ်ပုဒ်လောက်
ငါချိတ်ထားခဲ့ချင်လို့။

ကဗျာရေ
အပျစ်အကျဲသိပ်မညီတဲ့ ငါ့စာစပ်က
ကဗျာသူကဗျာသား တွေအတွက်
လက်ချင်းခတ်ဖို့တောင် ၀န်လေးနေကြမလားပဲ။

ကဗျာရေ
သိက္ခာရှိ ကာရံတွေကျွတ်ကျပြီး
ဝတ်လစ်စလစ်ကဗျာတစ်ပုဒ်ကို နင်ဖတ်ဖို့များ ရှက်နေလိမ့်မလား။

ကဗျာရေ
ညတွေမှာ လကသာလိုက်၊ မသာလိုက်နဲ့
ဝတ်ကျေတမ်းကျေ အတွေးလောက်ပေးပြီး
ညဇီးကွက်တစ်ကောင်လို
ငါ့ညတွေ ဘယ်တော့မှ " ဂွတ်နိုဒ် " မရှိခဲ့ဘူး။

ကဗျာရေ
င့ါရင်ဘတ်ကြီး ငိုက်မျည်းတဲ့အထိ
ကဗျာဝိသေသတွေ သွေဖယ်နေဆဲပဲ
ငါ့အိပ်ချိန်တိုင်းဟာ အာရုံဦးရောက်လို့
နင့်ကိုပေးဖို့ ကဗျာတစ်ပုဒ်
ငါရေးမထွက်နိုင်သေးတာ
" Sorry " လို့လည်း ငါမပြောချင်တော့ပါဘူး။

ခုထိလည်း ငါ
ကဗျာကိုပေးဖို့ ကဗျာမရေး ဖြစ်သေးပါ။

ဖန်နေ၀န်း
( ကဗျာသင်္ခါရ ရေ.....ခင်ဗျားရဲ့ ကဗျာတွေကိုတော့ ခင်ဗျားမသိအောင် ကျုပ်စားသုံးခဲ့ဖူးတယ်။ ကျုပ်ကတော့ ကောင်းကောင်း မချက်တတ်လေတော့ ခါးချင်လည်းခါးနေလိမ့်မယ်။ ခင်ဗျားကို တစ်ကူးတစ်က ကျွေးဖို့ ကျုပ်မရဲဘူးဗျာ။ ကြုံရင်တော့ မြည်းကြည့်ပေါ့။ ခင်ဗျားအတွက် ချက်ဖြစ်တဲ့ဟင်းနဲ့ ကျုပ်ဧည့်ခံထားတယ်။ )

Friday, December 3, 2010

" အချစ်ရူးလေး ရူးနေပြီ "



ဒီနေ့နင်ပုံမှန်မဟုတ်ဘူး
နင့်ခံစားချက်တွေငါ့အတွက် ချိုပေါ့ဖြစ်နေတယ်။

အရွက်ကြမ်းတွေကို
ရေကြိုပြီးလာပေးမသောက်ပါနဲ့။

နင်က စိတ်မမှန်တဲ့ ငှက်ဆိုးလိုပဲ

အတောင်ကျိုးနေတာတောင် ရန်ထောင်နေသေး။

တော်ကြာချစ်၊ တော်ကြာပစ်နဲ့
နင်ဟာ အရူးလိုပဲ။

ငါ့အချစ်ကို ကြိုတင်မဲနဲ့အနိုင်ပိုင်းရအောင်
ငါနှလုံးသားက "......." မဟုတ်ဘူး။

အချစ်အတွက် အယူခံဝင်မနေနဲ့
ဒီနေ့ညီလာခံမရှိဘူး ကောင်မလေးရေ။


ရယ်မယ်ဆို မလှောင်ပါနဲ့
လှောင်ချင်နေရင် မရယ်ပြပါနဲ့။

စိန်မခေါ်ပါနဲ့ကွာ
အသဲကောင်းလို့ ပွဲတောင်းရအောင်
အချစ်မှာ ကြိုးဝိုင်းမရှိပါဘူး။


ဒီနေ့အတွက်ပဲ မဟုတ်ဘူး
တစ်ဘ၀လုံးအတွက် ချစ်ခဲ့စမ်းပါ
ဒီမှာ " ငါ " ရူးနေလို့.....။


ဖန်နေ၀န်း

" သတိ- မလုပ်ရ။ "



- နှိုးစက်ကို ပိတ်ပြီးပြန်အိပ်ခြင်း။ အချိန်ကပ်မှ အတင်းထပြီး ၀ရုန်းသုံးကားဖြင့် အလုပ်ကိုအူယားဖားယား ပြေးသွားခြင်း။

- အရေးတစ်ကြီးသွားစရာရှိမှ အ၀တ်အစားကို မနက်သွားခါနီး ပျာယိပျာယာယာ မီးပူထိုးခြင်း။ တစ်ခါတစ်ရံ အရမ်းပူနေ၍ ခဏမ၀တ်သေးပဲ စောင့်နေရခြင်း။ ဖိနပ်မှာကြိုးပါလျှင် ကောက်စွပ်၍ ဓါတ်လှေခါးစီးရင်းမှ ချည်ခြင်း။

- မနက်ရုံးအလုပ်ဖိုင် အရင်မဖွင့်သေးပဲ ဂျီတော့၊ ဂျီမေး၊ ဘလော့၊ ဖေ့ဘွတ်၊ စီဘောက် စသည်များကို မီနီမိုက် အရင်လုပ်ထားခြင်း။

- မနက် ဘရိတ်ဖတ် စားရင်းဖေ့ဘွတ်၊ ဘလော့ဖတ်ခြင်း။ ဘယ်လက်ဖြင့်မုန့်စားရင်း ညာလက်ဖြင့် ဂျီတော့ပြောခြင်း။ ဆင်တူမနက်စာကို နေ့စဉ်ဗိုက်ဝပြီးရော မြိုချခြင်း။ (ဥပမာ- ကော်ဖီနှင့် အံဆွဲထဲက ဘီစကစ်ထုတ်)

- မနက် 8:30 ရုံးတက်သော်လည်း 9:30 မှအလုပ် စလုပ်ခြင်း။ အလုပ်စားပွဲကို တမင်ပွအောင် ဖရိုဖရဲလုပ်ထားခြင်း။ မည်သို့ပင် အလုပ်ရှုပ်နေစေကာမူ ဂျီတော့နှင့် ဖေ့ဘွတ်စတက်တပ်တို့တွင် ခံစားရမှုများကို အချိန်ကိုက် Update လုပ်ခြင်း။ ဖေ့ဘွတ်ပေါ် ရင်းနှီးမှုမပျက်စေရန် ရည်သန်ပြီး ကော့်မက်များ ရေးရခြင်း။

- ရုံးတွင် အလုပ်တစ်ခုမပြီးသေးပဲ နောက်တစ်ခုလာခိုင်းရင် မျက်နှာကို ပုပ်သိုးအောင် လုပ်ထားခြင်း။ ပြီးပြီးသားပရောဂျက်ကို နောက်အသစ်ထပ်ပေးမှာ စိုး၍တမင် အထပ်ထပ်ပြင်နေခြင်း။

- စီဘောက်၊ ဂျီတော့များပြော၍ တစ်ခါတစ်ခါ ပြုံးမိခြင်း၊ ရယ်မိခြင်း။ အရမ်းရယ်ချင်လာလျှင် ဘေးနားရေဗူးမှ ရေကိုမဆာပဲ သောက်ပစ်ခြင်း။

- သူဌေးကဲ့သို့ အရေးကြီးပုဂ္ဂိုလ်များရှေ့တွင် ဟိုဟာလုပ်သလိုလို၊ ဒီဟာရှုပ်သလိုလို နေပြခြင်း။ တစ်နေ့လုံးမင်သေသေဖြင့် အလုပ်ရှုပ်ချင်ယောင်ဆောင် နေခြင်း။

- ရုံးဆင်းခါနီး ဂျီတော့၊ ဂျီမေးတို့မှ ထူးဆန်းသောလင့်ကို ရ၍ရုံးတွင် အချိန်ပို နေခြင်း။ တစ်ကယ်အလုပ်ရှိ၍ အချိန်ပို နေရလျှင်စိတ်တိုလာခြင်း။

- ထမင်းစားချိန်နှင့် ရုံးဆင်းချိန်တို့တွင် အလုပ်တွေရှုပ်နေသယောင် တစ်မင်နောက်ကျမှ ထွက်ခြင်း။ (ဂျီတော့၊ စီဘောက်များတွင် မစားသေးဘူးလား၊ စားပီးပီလား၊ မပြန်သေးဝူးလား၊ တာ့တာဘိုင့်ဘိုင်!@#$%& ဘာညာပြောနေခြင်း။)

- ကင်တင်းသွားစားရင် ထမင်းသာစား၍ အအေးမသောက်ခြင်း။ (ရုံးပြန်ရောက်မှ ရေသောက်ခြင်း။ ခြွေတာရေး။)

- နေ့လည်စာစားပြီးချိန် အိနြေ္ဒမရလောက်အောင် ငိုက်မြည်းခြင်း။ မထိန်းနိုင်တော့လျှင် အိမ်သာထဲဝင်ပြေးပြီး အိပ်ခြင်း။

- ရုံးတွင် စနေ၊ တနင်္ဂနွေကဲ့သို့ အားလပ်ရက်များတွင် လျှောက်လည်ရိုက်ထားသော ဓါတ်ပုံ၊ ဗီဒီယိုများကို ဖေ့ဘွတ်သို့ Upload ခြင်း၊ အတူသွားခဲ့တဲ့ ဘော်ဒါတွေဆီ ပို့ပေးခြင်း။ ပုံကောင်းလေးများ ထွက်ရှိစေရန် အလို့ငှာ Photo shop၊ အစစ သိသမျှအလကား ဆော့ဝဲလ်မှန်သမျှ ဒေါင်း၍ပညာမှောင်ခို ကူးနေခြင်း။

- ရုံးဖုန်းဖြင့်သာ သူငယ်ချင်းများကို ခေါ်ပြောပြီး၊ ကိုယ်ပိုင်ဖုန်းကို Incoming Call သာစောင့်နေခြင်း။ Incoming Call လာလို့ကတော့ တစ်ဖက်က ဒါပဲနော်မပြောမချင်း သစ္စာရှိစွာဖြင့် ခင်ပြခြင်း။

- လက်ရှိကုမ္ပဏီမှပြောင်းလို၍ တစ်ခြားမှ အင်တာဗျူးဖုန်းလာလျှင် အိမ်သာသို့ ရုတ်တရက်ဝင်ပြေးခြင်း။

- မဖျားပဲ MC ယူခြင်း။ Leave ယူပြီး အင်တာဗျူး သွားဖြေခြင်း။

- ရုံးတွင်ကိုယ့်လူမျိုးအချင်းချင်း ဒင်း(လူမျိုးခြား) တို့ကို အတင်းတုတ်လျှင် မြန်မာသရုပ်ဆောင် နာမည်များဖြင့် အစားထိုးခြင်း။ သို့တည်းမဟုတ် ငါ့အရှေ့က၊ နဘေးက၊ ဘိုးတော်(သူဌေး)၊ သူ့မိန်းမ စသဖြင့် နာမ်စားသုံး ပြောဆိုခြင်း။

- ဒစ်စကောင့်မှန်သမျှ ဖလန်းဖလန်းထအောင် အသုံးမလိုပဲ လိုက်ဝယ်တတ်ခြင်း။ အားလပ်ရက်ဆက် လေးများရှိလျှင် ဘယ်သူနဲ့ ဘယ်သဝေထိုးရမလဲတွေးပြီး လူ့တန်းဝင်အောင် မရောက်ဖူးတဲ့ နေရာမှန်သမျှ ထောင့်စေ့အောင် သွားဖို့ ကြံစည်ကြခြင်း။

- ကိုယ်ပိုင်ဘလော့ လေးများရှိရင် ဘယ်သူဖတ်ဖတ်၊ မဖတ်ဖတ် စိတ်ကူးကြံဆပြီး တွေးရ၊ ရေးရခြင်း။
(ဒါသိပ်ဆိုးတယ်။)

- တရားပွဲမက်ဆေ့ဆို သူများတွေကို ဖော်ဝေါ့လုပ်ပေးပြီး ကိုယ်တိုင်မသွားခြင်း။ အိမ်ကနေတိုက်ရိုက်နာသည် ဟုလူကြားကောင်းအောင် ပြောဆိုခြင်း။

- အင်တာနက်ကို မလှုပ်မယှက် နာရီပေါင်းများစွာ ကြည့်နိုင်သော်လည်း အာနာပါနရှုလျှင် တရားသဘောကို သဘောတရားလောက်သာ ရှုမှတ်ခြင်း။ ထိုမျှလောက်သောကုသိုလ်ကို ဘုရား၊တရား လုပ်သည်ဟု ပညတ်မိခြင်း။

- ဖေ့ဘွတ်မှဂိမ်းများအား ညဥ့်နက်သည်အထိ ဆော့ခြင်း။ အိပ်တော့မည်ဟု အကြိမ်ကြိမ်ဆုံးဖြတ်၍ သန်းခေါင်ကျော်အထိ နေမိခြင်း။

- မနက်မှ ဘုရားရှိခိုးတော့မယ်လို့ တွေးပြီးအိပ်ခြင်း။ မသကာ ပုဆိန်ပေါက် သုံးကြိမ်ပေါက်၍ အိပ်ခြင်း။

ဖန်နေ၀န်း

Thursday, December 2, 2010

" မိတ်ဆွေစစ် "


" မိတ်ဆွေစစ် " ဆိုတာ ကံတရားကောင်းခြင်း၊ ဆိုးခြင်းပေါ် မှီခိုပြီး ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ မည်သူမဆို မိမိတို့ရဲ့ နေထိုင်မှုပတ်ဝန်းကျင်၊ အဆင့်အတန်း၊ အခြေအနေပေါ် မူတည်ပြီး မိတ်ဆွေဖွဲ့ဖြစ် ခဲ့ကြတာပါ။ သဘာဝအတိုင်း မိတ်ဆွေဖွဲ့မှုအပေါ် မိမိတို့ပိုင်ဆိုင်မှုကို အငှားချခြင်းမျိုး မဟုတ်ခဲ့ ကြပါဘူး။ ပုဂ္ဂိုလ်ရေးအရ လွတ်လပ်စွာ သက်ရောက်နိုင်တဲ့ သဘောထားအမြင် ကိုပဲ့တင်ထပ် နိုင်ဖို့ပါပဲ။

အထီးကျန်ခြင်းဆိုတာ တစ်ကယ်တော့ တော်တော် ရှားရှားပါးပါး ပြဿနာပါ။ အတွင်းစိတ် သဘောတရားကို လွယ်ကူစွာ အဓိပ္ပာယ်ကောက် နိုင်ခြင်းဟာ မြင့်မြတ်တဲ့တရား တစ်ခုပါ။ ၀မ်းနည်းမှု၊ ပျော်ရွှင်မှု တွေကို ဆိုလိုခြင်း ဖြစ်တယ်။ တစ်ဖက်သား တစ်ယောက်ရဲ့ ပူဆွေးသောကများကို နွေးထွေးခြင်းဖြင့် ဖြည့်ဆည်း ပေးနိုင်ရပါမယ်။ ဒါကိုမိတ်ဆွေကောင်းလို့ ဆိုရပါမယ်။ ဒါဟာ ယုတ္တိတန်တဲ့ အမှန်တရားတစ်ခု ပါပဲ။

မိတ်ဆွေ သူငယ်ချင်းကောင်း ဆိုတာ ရစ်ပတ်နှောင်တွယ်တတ် တဲ့သဘောကို လည်းသက်ရောက် စေပါတယ်။ တစ်ခါတစ်ရံမှာ စကားလုံးတွေ အများကြီးဖော်ညွှန်းပြသဖို့ မလိုအပ်ပါဘူး။ ဖွင့်ဟဖို့မလိုအပ်ပဲ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်ကြဖို့ သာအဓိက ကျပါတယ်။ တစ်ယောက်ပေါ် တစ်ယောက်အာရုံစူးစိုက်မှု ဟာညီမျှမှု၊ မညီမျှမှု နှင့်မသက်ဆိုင်ပါ။

အသက်ရှင်နေသမျှ ကာလပတ်လုံး လူအများကြီးနဲ့ဆက်စပ်ဖို့ လိုအပ်နေမှာ ပါပဲ။ မိတ်ဆွေစစ် ရဖို့ဆိုတာ မိမိကိုယ်တိုင်မှာ ချစ်ခင်တတ်တဲ့စိတ် လေးမွေးဖို့လိုပါတယ်။ စည်းကမ်းရှိတဲ့ အသိအမြင်လေးနဲ့ ကျယ်ပြန့်တဲ့မိတ်ဆွေဖွဲ့မှုကို အူလှိုက်သဲလှိုက် လုပ်ဆောင်ကြဖို့ ၀န်မလေးသင့်ပါဘူး။

သူတစ်ပါးကို ခပ်ပါးပါးလေး ပေးဆပ်ရုံနဲ့တော့ မိတ်ကောင်း ဆွေမွန်ဆိုတာ ကိုယ့်ဆီ ရောက်မလာ တတ်ပါဘူး။ ဒါကြောင့်မို့ ကျနော်တို့ဟာ နက်နဲတဲ့ ဆက်ဆံမှုကို မဆိုင်းမတွ လုပ်ဆောင် သင့်ပါတယ်။
- ကျနော်တို့ စစ်မှန်တဲ့ မိတ်ဆွေသူငယ်ချင်း တွေကိုဘယ်လို တန်ဖိုးထားကြမလဲ..?
- သင့်မြတ်စွာ မိတ်ဆွေဖွဲ့ဖို့ ဆိုတာလွယ်ကူပါ သလား..?
- မမျှော်လင့်ပဲ တွေ့ဆုံဖို့ ဆိုတာရော သင်လွယ်မယ် ထင်ပါသလား..?
- မိတ်ဆွေကောင်းတွေ လာပါ၊ လာပါလို့အော်ခေါ်ဖို့ လွယ်ကူပါလိမ့်မလား..?

" တစ်ကယ်တော့ ကျနော်တို့မှာ ရှိပြီးသား မိတ်ဆွေသူငယ်ချင်းကောင်း များကိုဘယ်လို တန်ဖိုးထားရမယ် ဆိုတဲ့အသိ လေးပဲလိုအပ်နေခဲ့တာပါ။ "

ဖန်နေ၀န်း


Tuesday, November 30, 2010

" ဒီဇင်ဘာ "

ပုရပိုက်မှာ အက္ခရာတင်ဖို့
ဒီဘက်ခေတ်ရဲ့ " ဆောင်း " ဟာ
ကတ္တီပါရောင် မွဲခြောက်ခြောက်နဲ့
လင်္ကာမလှတော့လောက်အောင် ခေတ်ဆန်နေတယ်။

ရာသီစာနဲ့ငါ့ကဗျာ
မနိုင်သူရှုံးစတမ်း၊ ဘဲစားဘဲချေလို
အလွမ်းက " သရေ " ပဲ။

မည်ကာမတ္တလောက် စာချိုးနဲ့
စပ်မိတဲ့ ငါ့ကဗျာ
ယဉ်ကျေးမှုမရှိတဲ့ဒီ " ဆောင်း " လို
ပေါ့ပျက်ပျက်နဲ့။

ငါ့အလွမ်းရင့်ရင့်ကို
သံစဉ်ရှာမိတဲ့ တယောဆရာရဲ့
ဂီတသံတွေဟာ အနောက်တိုင်းဆန်နေတယ်။

ရာသီပုံနက္ခတ်က ထိုးကွင်းနက်တဲ့
ဆေးရောင်ခြယ် တက်တူးလို
စကားလုံးကြီးကြီးနဲ့။

ပီပီပြင်ပြင် လွမ်းဖို့
ဒီ " ဆောင်း " ကနှင်းတွေ ခမ်းနေပေမယ့်
ငါ့အတွေးထဲမှာတော့
မင်းသိပ်လှနေတယ် ဒီဇင်ဘာ။

ဖန်နေ၀န်း

Monday, November 29, 2010

" ဒီဇင်ဘာ သူငယ်ချင်း "


သူမ..
နှင်းတွေကြားမှာ လူးကာလွန့်ကာနဲ့
လောကဒဏ်တွေကို ခံစားဖို့
စမ်းတစ်ဝါးဝါး လူ့လောကကိုခြေချလာခဲ့တယ်။

စုပ်ချက်တွေဆွဲဖို့ မှင်တံတစ်ချောင်း
ဒါမှမဟုတ်..
ရန်စွယ်ကိုတုံ့ပြန်ဖို့.လှံတံ
တစ်ချောင်း
သယ်ဆောင်မလာခဲ့ပေမယ့်
ဘ၀ကိုတိုက်ခိုက်ဖို့ အရည်အချင်းတွေ
ခေါင်းရွက်လာခဲ့တယ်။

မဟုတ်မခံတဲ့ သူမရဲ့နှုတ်ခမ်းတွေဟာ
ဒီဇင်ဘာ မွေးချင်းကိုတောင်
ရေခဲကြောင့်အရည်ပျော်စေနိုင်တယ်။

ဆောင်းတွင်းရဲ့အငွေ့အသက်လို တစ်လူလူလွင့်ရင်း
ကံနဲ့ဥာဏ်ကိုထပ်ကိန်းတင်ရဲတဲ့သူ
ဝီရိယဆိုတာသူမအနာဂတ်အတွက်..
တစ်ခါတစ်ရံတော့လည်း...
နူးညံ့မှုတွေရှိတဲ့နှင်းဆီရိုင်းတစ်ပွင့်ပမာပေါ့။

ဘ၀ဇာတ်ခုံရဲ့ပိတ်ကားတွေမှာ
ရောင်စုံပြောင်းပြီး..အငြိမ့်မင်းသမီးအဖြစ်လည်း
ကကြိုးတွေစုံလင်ခဲ့တယ်..
မိုင်တိုင်တွေဖြတ်သန်းခဲ့တဲ့
ရထားတစ်စင်းရဲ့ခုတ်မောင်းသံတွေကို
ခံစားဖို့ခရီးသည်တစ်ယောက်အသွင်မကပဲ
ကိုယ်တိုင်မောင်းနှင်ဖို့ပါကြိုးစားခဲ့တယ်။

ညှို့ယူဖမ်းစားတဲ့စောင်းကြိုးတွေတီးခတ်ဖို့
အနုပညာတွေအားနည်းခဲ့ပေမယ့်
ဘ၀ရဲ့စည်းကြိုးတွေကို
ရမ်သမ်ညီအောင် ညှိနိုင်ခဲ့တယ်။

လိုအပ်ရင်စိတ်ဓါတ်တွေကိုသံမဏိဖုံးစွပ်ပြီး
မျက်ရည်တွေကိုမြိုသိပ်နိုင်ခဲ့ပေမယ့်
အပြုံးရိပ်တော့မရှားပါးခဲ့ပါဘူး

ဒီဇင်ဘာမှာမွေးလို့သူမရဲ့ရင်ထဲမှာ
နှင်းမိုးတွေရွာချင်ရွာနေလိမ့်မယ်
ဒါပေမယ့်...
သူမရဲ့ဝိဥာဉ်တွေကိုထုဆစ်ထားတဲ့
စိတ်ဓါတ်တွေကတော့ အရည်မပျော်နိုင်တဲ့
မြစ်တစ်စင်းလို တစ်သွင်သွင်နဲ့ပေါ့။


ဖန်နေ၀န်း
( အကြံကုန်ဂဠုန်ဆားချက်တော့ မနှစ်က ရေးပီးသားအဟောင်းပဲ ထပ်တင်ရတော့တာပေါ့...)

Sunday, November 28, 2010

" ခေါင်းလောင်းသံတွေမချိုတော့ဘူးမေမေ..."


ကျနော်ငါးနှစ်
ခရစ္စမတ်ရောက်တိုင်းခုန်ပေါက်ပျော်မြူးလို့
ခရစ္စမတ်ဘိုးဘိုးကြီးဆီမှာ လက်ဆောင်တွေကို
ရင်ခုန်ရင်းစောင့်စားခဲ့တယ်။

ကျနော်ဆယ်နှစ်
ခရစ္စမတ်သီချင်းတွေကောင်းကောင်းဆိုတတ်ခဲ့
ရင်ခုန်မှုပေါင်းစပ်လို့သူငယ်ချင်းတွေနဲ့
လက်ဆောင်တွေလဲပြီး
ဘုရားကျောင်းက ခေါင်းလာင်းသံကြား
ရင်ထဲ ခံစားတတ်လာခဲ့တယ်။

ကျနော်နှစ်ဆယ်
အမေ့လက်ဆောင်ထက် ခရစ္စမတ်မှာ
ချစ်သူရဲ့လက်ဆောင်ကိုမက်မောလာခဲ့
ခရစ္စမတ်ခေါင်းလောင်းသံတွေကို ဆာလန်သီချင်းရဲ့စည်းချက်လုပ်လို့
ချိုသာတဲ့ကရုဏာသံစဉ်များနဲ့
ချစ်သူအတွက်ခရစ္စမတ်အမှတ်တရ
အနမ်းလက်ဆောင်တစ်ပွင့်ဖန်ဆင်းပေးခဲ့တယ်။

ခုကျနော်
ခရစ္စမတ်မှာမှတ်မှတ်ရရ အမေ့ကိုလွမ်းနေမိတယ်
ခရစ္စမတ်သီချင်းတွေကို အိမ်ရဲ့ဝေးရာမှာကြေကွဲစွာဆိုညည်းလို့
တစ်ယောက်တည်း...
ဒီဇင်ဘာရဲ့အစောပိုင်းရက်တွေမှာ
ကျွန်တော်တိတ်တိတ်လေးငိုကြွေးနေမိခဲ့တယ်။

ခရစ္စမတ်ကာလဆယ်နှစ်တိတိအိမ်နဲ့ဝေး...
အမေနဲ့ဝေးလို့...
အသည်းကွဲတဲ့ဒဏ်ရာတွေကြားမှာ
အမေနဲ့အတူမဟာကရုဏာတော်ကို
ရင်ဝယ်ပိုက်ရင်း ခရစ္စမတ်သီချင်းကိုသီကျူးချင်မိရဲ့။

ဒါပေမယ့်..မေမေရေ
ခရစ္စမတ်ခေါင်းလောင်းလေးတွေ တိတ်ဆိတ်နေကြတယ်
အိမ်ပြန်ချင်တဲ့ စိတ်နဲ့
ကျွန်တော့်နားမှာ ခုတော့
ခေါင်းလောင်းသံတွေ မချိုနိုင်တော့ဘူးမေမေရယ်။


ဖန်နေ၀န်း

Saturday, November 27, 2010

" တန်ဖိုး "

အာရုဏ်ဦး..နေ
ကြည်လင်လန်းဆန်းလှပ စိတ်ကြည်နူးစေမှာ..
မြင်ခဲ့ရတဲ့ နောက်ဆုံး ငါ့မနက်ခင်းတောင် ..
ငါ မမှတ်မိတော့ပါ....

နေ၀င်သွားပြန်ပြီ
ပျော်သလိုမအိပ်တဲ့ ညများ အမြဲ သန်းခေါင်ကျော်သွားခဲ့..
တစ်ခုခုလုပ်ဖို့ကျတော့ နေ့ရွှေ့ ညရွှေ့ နဲ့
အရာရာဟာ တစ်ပိုင်းတစ်စ

လွယ်လွယ်တွေးပြီး ဖြစ်သလိုနေခဲ့တော့
နေသလိုသာ ဖြစ်ခဲ့ပြီ
အရှိန်အဟုန်နဲ့ လူတွေ အပြေးအလွှားနဲ့ ကြားမှာ
ငါဟာ ကျန်ရစ်ခဲ့ပြီ





ဘ၀နဲ့ရင်းကာ ငါသိလိုက်တာ ...
အခုအချိန်တိုင်းမှာ တန်ဖိုးရှိတယ် ယုံကြည်ပါ
အိပ်မက်တွေများစွာ အို.. မင်းရှေ့ မှာ
ပြန်မရနိုင်ဘူးကွာ ကုန်လွန်သွားတဲ့ မင်းရဲ့ အချိန်
ရွှေငွေများနဲ့ မင်းပြန်လဲလို့ မယူနိုင်တာ..။

အာရုဏ်ဦး..နေ
ကြည်လင်လန်းဆန်းလှပ စိတ်ကြည်နူးစေမှာ..
မြင်ခဲ့ရတဲ့ နောက်ဆုံး ငါ့မနက်ခင်းတောင် ..
ငါ မမှတ်မိတော့ပါ....

လွယ်လွယ်တွေးပြီး ဖြစ်သလိုနေခဲ့တော့
နေသလိုသာ ဖြစ်ခဲ့ပြီ
အရှိန်အဟုန်နဲ့ လူတွေ အပြေးအလွှားနဲ့ နောက်မှာ
ငါဟာ ကျန်ရစ်ခဲ့ပြီ

ဘ၀နဲ့ရင်းကာ ငါသိလိုက်တာ ...
အခုအချိန်တိုင်းမှာ တန်ဖိုးရှိတယ် ယုံကြည်ပါ
အိပ်မက်တွေများစွာ အို.. မင်းရှေ့ မှာ
ပြန်မရနိုင်ဘူးကွာ ကုန်လွန်သွားတဲ့ မင်းရဲ့ အချိန်
ရွှေငွေများနဲ့ မင်းပြန်လဲလို့ မရနိုင်တာ..။



Thursday, November 25, 2010

" တစ်နေ့နေ့ "


ကျမအလွမ်းတွေ သီကုံးနေခဲ့တာ သံယောဇဉ်ချည်မျှင်တွေတောင် ရိဆွေးလာနေခဲ့ပြီ။ တစ်ကယ်ဆို ကျမက မိုးစက်လေးတွေ ကောက်ပြီးချစ်သူနာမည် ကိုစီချင်နေခဲ့တဲ့ သူပါ။ ချစ်သူနဲ့ ကျမကြားမှာ ဘာအာဃာတ အငြိုးတရားမှ မရှိပါပဲ သက်သက်မဲ့ ကျန်ရစ်ခဲ့ရတာကိုတော့ ကျမသိပ်ပြီး ဘ၀င်မကျ လှပါဘူး။ ကျမလွမ်းလွန်းလို့ ရိုက်မိတဲ့ လက်ကွက်တွေတောင် စပေ့ဘား(Space-Bar)ခြားဖို့ နေရာမကျန်တော့ပါ။ ကျမချစ်သူကို တစ်ဘ၀စာမျှော်လင့် ထားခဲ့တာပါ။ ကျမချစ်သူကို ချစ်ဖို့မစဉ်းစားခင် ကတည်းက ချစ်နေခဲ့ မိတာပါ။ ချစ်တယ် ဆိုတဲ့စကားထက် ကျမပိုတွေး ခဲ့မိတာက ကျမကိုမထားရစ်ခဲ့ဖို့ပါ။ ကျမဘ၀မှာ အကြောက်ဆုံးက သိပ်ချစ်တဲ့သူက ကျမကိုထားရစ် ခဲ့မှာကိုပဲ။
ချစ်သူ
နွေမိုးဆောင်း ဆယ်ခါပြောင်း
အတိတ်တွေ ဟောင်းစေခဲ့ဦးတော့
ငါ့အချစ်က
မပြောင်းလဲနိုင်ခဲ့ပါ...။

သူငယ်ချင်းဘ၀ ကတည်းက ကျမချစ်သူအပေါ်မှာ ဂရုစိုက်မှုတွေ ပိုမိခဲ့တာ ၀န်ခံပါတယ်။ သူငယ်ချင်းတွေက ကျမချစ်တဲ့သူဟာ မချစ်ကောင်းတဲ့သူပါတဲ့။ ကျမဆတ်ဆတ်ထိတောင် မခံနိုင်လွန်း ခဲ့ပါဘူး။ ကျမချစ်သူကို ချစ်တာဟာ အကြွေပန်းမို့လို့ ရွှေနန်းထိုက်ချင် နေတာမျိုးလည်း မဟုတ်ဘူး။ အချစ်အတွက် ခိုင်မာတဲ့ သစ္စာတရားနဲ့ ဂုဏ်သိက္ခာနှစ်ခုကို ပေါင်းစပ်ထားတဲ့ ဥပဒေသလေး တစ်ခုတည်းပါ။ ကျမချစ်သူကို ချစ်လို့ကို ချစ်မိခဲ့တာပါ။ ရုပ်ချောလို့၊ ပညာတတ်လို့၊ နိုင်ငံခြား သွားတော့မှာမို့ ကျမရွေးချယ်ခဲ့တာ မဟုတ်ပါဘူး။ ရှေးရှေးဘ၀တွေက တင်ခဲ့မိတဲ့ အချစ်ကြွေးတစ်ခုကို ပေးဆပ်ရသလို ခံစားပြီး ချစ်ခဲ့မိတာပါ။ ချစ်သူကို နှလုံးသားထဲမှာ ဆီစိမ်ပြီး မပုတ်မသိုးအောင် တိတ်တဆိတ် ကျမသိုလှောင် ထားခဲ့တာပါ။ ကျမချစ်သူနဲ့ ခွဲခွာခဲ့တာ ခရေတွေတောင် ရာသီသုံးခါစာ ကြွေပြီးသွားပြီ။ ကျမဟာ အချစ်အတွက် ဆန္ဒတွေကို အတွေးထဲမှာပဲ သိမ်းထားနိုင် ခဲ့သူပါ။ အချစ်နဲ့ပတ်သက်ရင် ဇာတ်သိမ်းပိုင်းကိုတောင် ရင်မခုန်ရဲဘူး။ ချစ်မိလို့ချစ်ခဲ့တာ လို့ပဲ ကျမထပ်ပြော ပါရစေ။
ချစ်သူ....
ငါ ကိုးကွယ်တဲ့
အဲ့ဒီ အချစ်က
နင် ယိုးမယ်ဖွဲ့
ထားရစ်ခဲ့တောင်
မပုပ်သိုးနိုင်တဲ့ ရှင်သန်မှုမျိုးနဲ့ပါ။

ကျမအချစ်ကို ကိုးကွယ်တဲ့ မိန်းမတစ်ယောက် လို့ဆိုလည်း ခံယူရဲပါတယ်။ ယုံကြည်မှုကိုတောင် အချစ်အတွက် ရဲဆေးတင်ထားတဲ့ သူပါ။ အတ္တနဲ့မာနဆိုတာ ကျမချစ်သူအတွက် အဆိပ်တစ်ခွက် လိုပါ။ ကျမချန်ရစ်ထားခံရတဲ့ ခံစားမှုမျိုးကို မလိုချင်ပါ။ ကျမချစ်သူကို နောက်ဆုံးနှုတ်ဆက်ခွင့် ရတဲ့နေ့ဟာ ကျမအသက်ရှူကြပ်တဲ့ နေ့တစ်နေ့ လိုပါပဲ။ တိမ်တိုက်တွေ ပြိုကွဲနေတာကိုပဲ လူတွေက မြင်တွေ့ခံစား နိုင်ကြတာပါ။ ကျမနှလုံးသား တစ်စစ တိုက်ဆွေးပြီး ကြေမွကုန်တာတော့ ကျမတစ်ဦး ထဲပဲသိနိုင်ပါတယ်။ ချစ်သူချန်ရစ်ထားခဲ့တဲ့ နေ့ကစလို့ ကျမကိုယ်ကျမတောင် privacy မရှိတော့သလို ခံစားနေမိတယ်။ လေလှိုင်းထဲကနေ ဆက်သွယ်မှုရဲ့ ဧရိယာပြင်ပကို ကျမတစတစတွန်းပို့ ခံနေရတယ်။ သိပ်ချစ်ရတဲ့ ကျမရဲ့ချစ်သူကိုယ်တိုင် အကြောင်းပြချက် မဲ့စွာနဲ့တွန်းပို့ နေခဲ့တာပါ။ ကျမချစ်သူနဲ့ ဝေးရာကိုမရောက်သွားဖို့ အားခဲထားရင်း နောက်ဘက်ကို ရွေ့ရွေ့သွားခဲ့ရတယ်။ လူတွေပြောကြတာက ကမ္ဘာကြီးဟာ ရွာဖြစ်နေပါပြီဆို။ ဒါဆိုကျမဟာ ကမ္ဘာရဲ့တစ်ဖက်ခြမ်း ရောက်နေသူပေါ့။

ကျမအတတ်နိုင်ဆုံး ခံစားချက်ကို ကျားကန်ထားရင်း ချစ်သူဆီက
" ဟယ်လို " ကိုရဖို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ပါသေးတယ်။ အချည်းအနှီး ဆိုတဲ့စကားဟာ ကျမအတွက် လိုပါပဲ။ ကျမအတွက်တော့ မဖြစ်နိုင်ဘူးဆိုတာ လောကမှာ မလိုချင်ပဲ အသင့်ရှိနေခဲ့ပါတယ်။ စိတ်ချပါချစ်သူ။ ချစ်သူအပေါ် စိတ်ပျက်ခြင်း မရှိသလို အပြစ်လည်း မမြင်မိပါဘူး။ ကျမချစ်သူကို ချစ်နေမြဲတိုင်း ဆက်ချစ်နေဦးမှာပါ။ ကျမဆက်ချစ်နေဖို့တော့ ကျမကိုယ်ကျမ တာဝန်ယူရဲပါတယ်။ ကျမက လူနှစ်ယောက်ရပ်လို့ မရတော့တဲ့ ချောက်ကမ်းပါးက တံတားပေါ် ရောက်နေခဲ့ရင်တောင် ချစ်သူကိုနေခွင့် ပေးခဲ့မှာပါ။ ဒါပေမယ့် ကျမချစ်သူကို ပြုံးပြုံးလေးတော့ တစ်ဘ၀စာ နမ်းခဲ့လိုက်မယ်။ ချစ်သူအတွက် ကျမ မနေပျော်ချင်နေပါ။ ကျမ သေပျော်ပါတယ်။

ချစ်သူ...
ကစဉ့်ကလျားနဲ့
အပါးက ခွာချင်ပေမယ့်
နှလုံးသား ဥပက္ခာပြုခဲ့ရက်တယ်...။

မိုးရွာတိုင်းလည်း ကျမလွမ်းတယ်။ မြေပေါ်မှာ ကြွေသမျှမိုးစက်တွေ လောက်ထိတောင် ကျမအချစ်ဟာ သိပ်ကိုအနုစိတ်လွန်းပါတယ်။ ချစ်သူဟာ ကျမရဲ့ အချစ်ဆုံးပါ။ အချစ်တွေ ဆုံးသွားဖို့ မဟုတ်ပါဘူး။ ချစ်သူအတွက် ပတ်ဝန်းကျင်ကပေးတဲ့ အဆိပ်တွေကို ကျမမျိုချ နေရတာ ကျမအတွက် သိပ်အခါးကြီး မဟုတ်ပါဘူး။ ခါးသက်သက် လောက်ပါ။ ကျမကို ပိန်သွားလိုက်တာတဲ့ လူတွေကပြောတယ်။ ကျမကို တစ်စုံတစ်ရာရောဂါ များလားဆိုပြီး ပူပန်နေကြတာ။ ဟုတ်တယ်ရှင်။ ကျမ အချစ်ကင်ဆာ ဖြစ်နေတာလို့ ဟက်ဟက်ပက်ပက် ပြောလိုက်ချင်မိပါရဲ့။ ဆရာမဂျူးက အချစ်ဆိုတာ ကြိုးနဲ့သီဖို့ မလိုတဲ့ ပန်းကလေးတွေတဲ့။ ကျမကတော့ အလွမ်းတွေကို ပစ်မထားရက်လို့ ခံစားချက်ကြိုးနဲ့ တုန်ရီစွာပဲ သီမိနေခဲ့ပြီ ဆရာမရယ်။ သီချင်းတွေထဲကလို စမ်းရေထဲ မျှောလိုက်ရမှာလည်း ဥပက္ခာထားရာ ကျလွန်းတယ်။

ကျမက ချစ်သူနဲ့ပတ်သက်ရင် အချစ်စာမျက်နှာရော အလွမ်းစာမျက်နှာပါ တွဲထားချင် တဲ့သူပါ။ အမုန်းအတွက်တော့ အက္ခရာ မရှိပါ။ ချစ်သူ ကမ္ဘာကြီးထဲမှာ အသက်ရှင်လျက် ရှိနေတာ ကြားရရုံနဲ့ ကျမအတွက် လုံလောက်ပါတယ်။ ကျမနဲ့ ပင်လယ်ပဲခြားနေပါစေ။ သမုဒ္ဒရာပဲခြား နေပါစေ။ ချစ်သူမခေါ်ပဲ ကျမ ကူးခတ် မသွားတော့ပါဘူး။ ကျမသိက္ခာရှိရှိပဲ ခပ်ဝေးဝေး ကနေလွမ်းနေပါရစေ။

တစ်နေ့နေ့ ကျမဆီ ပြန်လာလိမ့်မလားလို့.....တမ်းတနေ မိတုန်းပါပဲ။ ကျမရဲ့ဘေးနားမှာ ရှင့်အတွက် အမြဲတစ်နေရာစာ ချန်ထားမယ့်သူပါ။
တစ်နေ့နေ့ပေါ့.....................။
ကျမ...မျှော်လင့်နေဆဲပါ ချစ်သူ။


ဖန်နေ၀န်း

( အချစ်အကြောင်းကို မိန်းကလေးဖက် ကခံစားမှသာလျှင် ပို၍နူးညံ့မည် ထင်သောကြောင့် ပုံစံတစ်မျိုး ရေးကြည့်ပါသည် )