Sunday, November 28, 2010

" ခေါင်းလောင်းသံတွေမချိုတော့ဘူးမေမေ..."


ကျနော်ငါးနှစ်
ခရစ္စမတ်ရောက်တိုင်းခုန်ပေါက်ပျော်မြူးလို့
ခရစ္စမတ်ဘိုးဘိုးကြီးဆီမှာ လက်ဆောင်တွေကို
ရင်ခုန်ရင်းစောင့်စားခဲ့တယ်။

ကျနော်ဆယ်နှစ်
ခရစ္စမတ်သီချင်းတွေကောင်းကောင်းဆိုတတ်ခဲ့
ရင်ခုန်မှုပေါင်းစပ်လို့သူငယ်ချင်းတွေနဲ့
လက်ဆောင်တွေလဲပြီး
ဘုရားကျောင်းက ခေါင်းလာင်းသံကြား
ရင်ထဲ ခံစားတတ်လာခဲ့တယ်။

ကျနော်နှစ်ဆယ်
အမေ့လက်ဆောင်ထက် ခရစ္စမတ်မှာ
ချစ်သူရဲ့လက်ဆောင်ကိုမက်မောလာခဲ့
ခရစ္စမတ်ခေါင်းလောင်းသံတွေကို ဆာလန်သီချင်းရဲ့စည်းချက်လုပ်လို့
ချိုသာတဲ့ကရုဏာသံစဉ်များနဲ့
ချစ်သူအတွက်ခရစ္စမတ်အမှတ်တရ
အနမ်းလက်ဆောင်တစ်ပွင့်ဖန်ဆင်းပေးခဲ့တယ်။

ခုကျနော်
ခရစ္စမတ်မှာမှတ်မှတ်ရရ အမေ့ကိုလွမ်းနေမိတယ်
ခရစ္စမတ်သီချင်းတွေကို အိမ်ရဲ့ဝေးရာမှာကြေကွဲစွာဆိုညည်းလို့
တစ်ယောက်တည်း...
ဒီဇင်ဘာရဲ့အစောပိုင်းရက်တွေမှာ
ကျွန်တော်တိတ်တိတ်လေးငိုကြွေးနေမိခဲ့တယ်။

ခရစ္စမတ်ကာလဆယ်နှစ်တိတိအိမ်နဲ့ဝေး...
အမေနဲ့ဝေးလို့...
အသည်းကွဲတဲ့ဒဏ်ရာတွေကြားမှာ
အမေနဲ့အတူမဟာကရုဏာတော်ကို
ရင်ဝယ်ပိုက်ရင်း ခရစ္စမတ်သီချင်းကိုသီကျူးချင်မိရဲ့။

ဒါပေမယ့်..မေမေရေ
ခရစ္စမတ်ခေါင်းလောင်းလေးတွေ တိတ်ဆိတ်နေကြတယ်
အိမ်ပြန်ချင်တဲ့ စိတ်နဲ့
ကျွန်တော့်နားမှာ ခုတော့
ခေါင်းလောင်းသံတွေ မချိုနိုင်တော့ဘူးမေမေရယ်။


ဖန်နေ၀န်း

No comments: