
ဒီဘက်ခေတ်ရဲ့ " ဆောင်း " ဟာ
ကတ္တီပါရောင် မွဲခြောက်ခြောက်နဲ့
လင်္ကာမလှတော့လောက်အောင် ခေတ်ဆန်နေတယ်။
ရာသီစာနဲ့ငါ့ကဗျာ
မနိုင်သူရှုံးစတမ်း၊ ဘဲစားဘဲချေလို
အလွမ်းက " သရေ " ပဲ။
မည်ကာမတ္တလောက် စာချိုးနဲ့
စပ်မိတဲ့ ငါ့ကဗျာ
ယဉ်ကျေးမှုမရှိတဲ့ဒီ " ဆောင်း " လို
ပေါ့ပျက်ပျက်နဲ့။
ငါ့အလွမ်းရင့်ရင့်ကို
သံစဉ်ရှာမိတဲ့ တယောဆရာရဲ့
ဂီတသံတွေဟာ အနောက်တိုင်းဆန်နေတယ်။
ရာသီပုံနက္ခတ်က ထိုးကွင်းနက်တဲ့
ဆေးရောင်ခြယ် တက်တူးလို
စကားလုံးကြီးကြီးနဲ့။
ပီပီပြင်ပြင် လွမ်းဖို့
ဒီ " ဆောင်း " ကနှင်းတွေ ခမ်းနေပေမယ့်
ငါ့အတွေးထဲမှာတော့
မင်းသိပ်လှနေတယ် ဒီဇင်ဘာ။
ဖန်နေ၀န်း
No comments:
Post a Comment