Friday, July 30, 2010

" အလုပ်ထဲမှခံစားချက်များ "


အလုပ်ထဲမှာပျော်ဖို့ဆိုတာ ကိုယ်လုပ်နေတဲ့အလုပ် မှာစိတ်ပါဝင်စားမှု ရှိဖို့အဓိကပါပဲ။ စိတ်ဝင်စားမှုရှိမှ လေ့လာအားကောင်းလာမယ်။ များများအတွေ့အကြုံ ရလာလေလေ Smart ကျလာလေပေါ့။ အလုပ်ထဲမှာလည်း ဖိအားများတာနဲ့၊ နည်းတာမတူကြဘူးလေ။ ဖိအားဆိုတာကလည်း အမျိုးမျိုးရှိတယ်။ တစ်ချို့က လစာများရင် ပြီးတာပဲ လုပ်လိုက်မယ်။ တစ်ချို့လည်း ကျေနပ်ရုံလစာနဲ့ အတွေ့အကြုံအတွက် ခြေကုတ်တတ်ကြပြန်ရော။ ကိုယ့်အတွက် တွက်ခြေကိုက်တဲ့ ဖိအားမျိုးဆို သေသွားစမ်းပါစေ ဆိုတဲ့ပုဂ္ဂိုလ်တွေလည်း ရှိနိုင်သေးတာပဲလေ။ အတွေ့အကြုံနဲ့ ဒွန်တွဲနေတဲ့ ပညာနဲ့ဝင်ငွေကတော့ ကိုယ်သတ်မှတ်တဲ့ အပေါ်မူတည်ပြီး ကျေနပ်မှု၊မကျေနပ်မှု ဆိုတာဖြစ်လာနိုင်တယ်။ လူဆိုတာကလည်း အမျိုးအမျိုး၊အထွေထွေ ရှိကြတော့ ကိုယ့်ခံယူချက်ပေါ်ပဲမူတည်ပြီး ခံစားမှု ကွဲပြားကြမှာပါ။

စာရေးသူအနေနဲ့ဆို အသက်အရွယ်ပေါ်မူတည် လိမ့်မယ်။ အသက်ငယ်တုန်းမှာ ကိုယ်နဲ့သက်ဆိုင်တဲ့ Professional လက်မှတ်တွေနဲ့အတူ အတွေ့အကြုံများများ ရှာမယ်။ ဒီအချိန်မှာ ကိုယ်နဲ့တန်သလောက်တော့ ၀င်ငွေရနိုင်ပါတယ်။ "တစ်ကယ်တော့ ကိုယ့်ဝမ်းစာက ငွေကြေးထက် ပညာနဲ့ အတွေ့အကြုံက ပိုအရေးကြီးတယ်ဆိုတာ အသက်ကြီးမှသိလာ ကြတာပါ။ " ပြည့်ဝတဲ့အရည်အချင်း တွေကို ထွေးပိုက်ထားနိုင်ပြီဆို ကိုယ်ရပ်တည်နေတဲ့ အလုပ်မှာ မျက်နှာမငယ်ရတော့ ဘူးပေါ့။ ကိုယ့်ပတ်ဝန်းကျင်မှာ လူတွေလေးစားတဲ့ သူဖြစ်လာမှာ ကျိန်းသေပါ။

စာရေးသူငယ်ငယ်က အလုပ်ထဲမှာ Smart ကျတယ်ဆိုတာ အ၀တ်အစား သပ်သပ်ရပ်ရပ် ၀တ်တတ်တာလို့တွေး မိခဲ့တယ်။ တစ်ကယ်တော့ ဘယ်လောက်ထိ အပျံစားဝတ်ထားလည်း အရည်အချင်း မရှိတဲ့သူဟာ မျက်နှာငယ်ရတတ် ပါတယ်။ ကိုယ့်မှာခိုင်လုံတဲ့ အတွေ့အကြုံမျိုး မရှိထားဘူးဆိုရင် အရေးတစ်ခုခု ကြုံလာတိုင်း ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်နေတတ်တယ်။ "လေးစားလောက်တဲ့ ပညာနှလုံးသားနဲ့ ရင့်ကျက်တဲ့အတွေ့အကြုံ ကိုယ့်မှာရှိနေခဲ့ရင် သူများတွေ "ဟင်" ခနဲ "ဟာ" ခနဲဖြစ်စေတဲ့အထိ တည်ငြိမ်မှု အပြည့်နဲ့ ဖြေရှင်းပြနိုင်မှာပါ။ "

အလုပ်တစ်ခုအတွက် ဆွေးနွေးဖို့ အစည်းအဝေးတစ်ခု သွားရတော့မယ်ဆိုပါစို့။ ကိုယ်ရင်းနှီးကျွမ်းဝင်ထားတဲ့ အရာဆိုရင် ဆွေးနွေးဖို့ဝန်လေး မနေတတ်ပါဘူး။ တတ်ယောင်ကန်းနဲ့ သွားတော့မယ်ဆိုလို့ကတော့ ရင်တွေခုန်၊ ဒူးတွေတုန်ပြီး ဘုရားစာလည်း ပြေးသတိရ မိတော့တာပါပဲ။ လက်တွေ့အချိန်မှာ မိမိသာလျှင်ကိုးကွယ်ရာ ဖြစ်ပါတယ်။

စာရေးသူ ကိုယ်တွေ့လေးတစ်ခုသတိရမိတယ်။ အစည်းအဝေးတစ်ခုမှာပေါ့။ အလုပ်ဝင်စအချိန်၊ ဘာကိုမှလည်း မယ်မယ်ရရ မသိ။ သူများတွေနဲ့ အခြေအတင်ဆွေးနွေးဖို့ မဆိုထားနှင့်။ ကိုယ်တိုင်တောင် ခရေစေ့တွင်းကျ သိဖို့ဘာသာပြန်နေတုန်းအချိန်ပါ။ လူပုံအလည် ဘာမှမပြောနိုင်ခဲ့ဘူး။ ဒိုးဒူပေါင်ဖက် ဆွေးနွေးဖို့မပြောနှင့်၊ သူများရဲ့မေးခွန်းတွေကိုတောင် လိမ့်ပတ်လည်အောင် မဖြေနိုင်ခဲ့ပါဘူး။ တစ်ကယ်ဆို သူတို့ကကိုယ့်နဲ့ရွယ် တူသာသာ ရယ်ပါ။ အဲဒီနေ့က အစည်းအဝေးသွားဖို့ သန့်သန့်ပြန့်ပြန့် ဖြစ်အောင်ဆိုပြီး အင်္ကျီအသစ်တောင် ၀တ်သွားသေးတယ်။ ဒါပေမယ့် အရည်အချင်းဆိုတာ မရှိတဲ့ စာရေးသူ မျက်နှာက ညိုးငယ်နေတဲ့ ဇီးရွက်ထက်ကို တုန်လှုပ်မှုတွေ ထင်ဟပ်နေခဲ့တာပါ။ ဒါဟာ များစွာဝမ်းနည်းခဲ့ရတဲ့ သာဓကတစ်ခုပါ။ ဒါကြောင့် အလုပ်ထဲမှာ ကျွမ်းကျင်မှုမရှိခဲ့ရင် ဘယ်လိုမှနေရတာ မပျော်နိုင်ပါဘူး။ ကိုယ်က လုပ်နိုင်၊ကိုင်နိုင်လာပြီဆို
ရင် အလုပ်ထဲမှာ ပျော်လာတော့တာပါပဲ။ "ကိုယ်မကျွမ်းကျင်သေးရင် တစ်နာရီစာအလုပ်ဟာ ရက်ပေါင်းများစွာ ကူးသွားတတ်ပါတယ်။ "စိတ်ကိုလည်း ရှုပ်ထွေးစေပြီးတော့ အလုပ်မှာလည်း ပျော်ပျော်မနေနိုင်ပါဘူး။

အရာရာကို ကြိုးစားရမှာက မိမိတာဝန်၊ ပါရမီပါတာကတော့ ကံတရားနဲ့ ဆိုင်ပါတယ်။ မိမိမှာပါတဲ့ ပါရမီပေါ်ရည်သန်ပြီး ကြိုးစားကြရမှာကတော့ လူတိုင်းရဲ့တာဝန်ပါ။ တစ်ခုခုကို မသေချာ၊ မရေရာဘူးဆို တတ်ယောင်ကန်းမလုပ်ပါနဲ့။ စာအုပ်ထဲမှာရှာပါ။ အတွေ့အကြုံရှိပြီး မိမိထက် တတ်ကျွမ်းတဲ့သူကို ချဉ်းကပ်ပါ။ "လောကမှာဆရာလုပ်ချင်တဲ့သူပဲ ပေါတာပါ။ ဆရာအစစ်ဆိုတာ ရှားပါတယ်။ "အရေးကြီးဆုံးက ကိုယ်တစ်ကယ် မသိသေးတာကို သူများကိုမဝေမျှပါနဲ့။ အမှားကြီးမှားတတ်ပါတယ်။ အလုပ်ထဲမှာလည်း မည်သူမည်ဝါက တတ်ကျွမ်းတယ်ဆိုတာ သုံးသပ်လို့ရပါတယ်။ တစ်ချို့ကပညာတတ်ဆိုတဲ့လက်မှတ် မရှိပေမယ့် အတွေ့အကြုံဆိုတဲ့ မာနရှိကြတယ်။ တစ်ချို့ပုဂ္ဂိုလ်များ ကြပြန်တော့ ပညာတတ်လက်မှတ် ရှိတာကို ဗွေယူတတ်ကြပြန်ရော။ ဒါပေမယ့် အားလုံးက လူတွေပဲမလား။ အောက်ကျို့သင့်ကျို့၊ ချော့သင့်ချော့၊ မြှောက်တန်မြှောက်ပေါ့။ သူတို့အကြိုက်လေးလိုက်ပြီး ကိုယ်သိချင်တဲ့ အဖြေကို သိအောင်လုပ်နိုင်ခဲ့ရင် ကိုယ်ဟာလူတော်ပဲပေါ့။ တစ်ခုတော့ရှိတာပေါ့လေ။ ကဲငါတော့ အားလုံးကိုသိသွားပြီ ဒင်းတို့တွေကတစ်ခုစီပဲသိကြတာ လို့တော့သဘောမထား ကြစတမ်းပေါ့။

ဘယ်နေရာမှာ ဘာအလုပ်ပဲလုပ်လုပ် မိမိစိတ်ချမ်းသာ ပျော်ရွှင်မှုသည်သာ အဓိကပါ။ "အလုပ်ထဲမှာ ဘာမှမဟုတ်ပဲ မာနတွေ၊ အာဃာသတရား တွေကိုဠီကာချဲ့နေရင်တော့ ကိုယ့်ကိုကိုယ် ညှင်းဆဲနေသလိုသာ ဖြစ်နေမှာပါ။" စိတ်ကိုလည်း ပင်ပန်းဆင်းရဲစေပါတယ်။ ပုထုစဉ်တွေအားလုံး ဘယ်သူမှအတိုင်းထက်အလွန်တော့ ခန္တီပါရမီမထား နိုင်ကြပါဘူး။ အထူးအဖြင့် အလုပ်ထဲဆို ပိုဆိုးတော့တာပေါ့။

စာရေးသူကိုယ်တိုင် လည်းဘာမှမဟုတ်သေးတဲ့ သူတစ်ယောက်မို့ နေ့စဉ်နိစ္စဒူဝ တွေ့ကြုံနေရဆဲပါပဲ။
" မင်းကဘာကောင်မို့ ဒါတွေလာရေးနေတာလဲ " ဆိုရင်ဘာကောင်မှ မဟုတ်ပါဘူးလို့။ ဘ၀မှာဖြတ်သန်းလာခဲ့တဲ့ ရက်စွဲတွေကို ခံစားပြီး စာမျက်နှာပေါ်မှာ ရင်ဖွင့်တာက လွဲလို့ မည်သို့မှမရည်ရွယ်ပါ။ ကူးချထားခြင်းလည်း မဟုတ်သလို၊ ဘာသာပြန်ထားခြင်းလည်း မဟုတ်ပဲ ရေးတတ်သလို စာစီထားခြင်းပါလို့။

အလုပ်ထဲမှာပျော်ရွှင်ကြပါစေ။


ဖန်နေ၀န်း

1 comment:

phyu said...

စိတ်ထားကောင်းတဲ့ Senior ကောင်းတစ်ယောက်ကို ရရှိခြင်းကလည်း အလုပ်အတွက်တင်မက စိတ်ဓါတ်ရေးရာအတွက်ပါ အများကြီး အကျိုးကျေးဇူးရှိတယ်ဆိုတာလေး ပြောပြချင်ပါတယ်...ထာဝရကျေးဇူးရှင်ပါ...