Wednesday, August 4, 2010

" နှလုံးသားတစ်ခြမ်းပုတ်နေသည် "


" နှလုံးသားတစ်ခြမ်းပုတ်နေသည် “

လူတိုင်း ချစ်တယ် ဆိုတဲ့စကားကို ကြားဖူးကြတယ်တဲ့။ ကျမကတော့ သီချင်းထဲမှာပဲ ကြားဖူးခဲ့တာပါ။ ကျမက အမျက်မကြီးတဲ့ အချစ်ကြီးချစ်တတ်သူပါ။ ကျမ မချစ်နိုင်တဲ့ သူတွေထောင်သောင်းမက ပြောနေကြပါစေ။ ပုံမှန်အသက်ရှူနှုန်းထက် ပိုထူးမလာပါဘူး။ ရင်ဘတ်ထဲမှာ အကြီးကြီးမျှော်လင့်ထားတဲ့ ကျမချစ်ရတဲ့ သူဆီကမှ တစ်ရှိုက်မက်မက် ကြားချင်နေခဲ့မိတာပါ။

“ သူ့ “ ရဲ့နှုတ်ခမ်းက ပုံမှန်အတိုင်း လှုပ်ရှားနေတာတောင် ကျမအတွက် တစ်ခါတစ်ခါ ပြောင်းပြန်အသက် ရှူမိသလို၊ တစ်ခါတစ်ခါလည်း ရပ်တန့်သွားသလို မင်သက်မိပါရဲ့။ ကျမ၀န်ခံပါရစေ။ သူနဲ့ပတ်သက်ရင် အရာရာဟာ အနှိုင်းမဲ့ပါပဲ။ ခံစားရတာ မပြောနှင့်၊ ကြားဖူးသမျှချစ်ခြင်း တွေအားလုံးနဲ့ သူဟာပြည့်စုံနေတယ်။ ပျားပိတုန်းလေး ဖြစ်ခဲ့မယ်ဆို သူ့ဝတ်ရည်တွေကို ကျမ မသောက်သုံးပဲ တစ်ခြားသူတွေကို မာန်မဲမိနေမလား မတွေးတတ်။ သူလိပ်ပြာလေးတစ်ကောင် ဖြစ်နေခဲ့မယ်ဆို ကျမပုခုံးမှာ နားခွင့်ပေးနေ မိမှာပါ။ တစ်ခဏ မဟုတ်တဲ့ ထာဝရ အတွက်ပါ။

ဒါပေမယ့် " ကျမရဲ့အချစ်က သပ်သပ်ရပ်ရပ် ရှိနေခဲ့ပါတယ်။ မြူဆွယ်မှုကင်းတဲ့ အချစ်မျိုးပါ။ သူ့ရှေ့မှာ ကျမကိုယ်ကျမ လှပဖို့ထက် သပ်ရပ်ဖို့ပဲ ကြိုးစားခဲ့တယ်။ ထက်မြတ်တဲ့ မိန်းကလေးဖြစ်အောင် အမြဲနေပြတယ်။ " သူကိုယ်တိုင်ထက် သူ့အချက်အလက်တွေကို အလွတ်ကျက်ထားခဲ့တယ်။ တစ်ကယ်ဆို ကျမကသီချင်းကို ရံဖန်ရံခါနားထောင် တာကလွဲလို့ ၀ါသနာမထုံခဲ့ပါဘူး။ သူကဂစ်တာတီးပြီး သီချင်းဆိုတတ်တဲ့ မိန်းကလေးကို သဘောကျတယ်လို့ လွတ်ခနဲပြောလိုက်မိ ကတည်းက စပြီးကျမ၀ါသနာထဲမှာ နံပါတ်စဉ်ထပ်တိုး လာခဲ့တယ်။ ခက်ခဲတဲ့ ဂီတာကော့ဒ်တွေအတွက် ကျမညဥ့်နက် ခဲ့ရတယ်။ သွားလေရာ MP3 လေးထပ်တိုး လာခဲ့တယ်။ သီချင်းစာသား တွေနဲ့အတူ ဂီတာလက်ကွက် တွေကို ခံစားချက်မဲ့စွာ အလွတ်ကျက်နေခဲ့ဖူးတယ်။ လက်ချောင်းထိတ်လေးတွေ ပဲ့ကုန်ပြီးသွေးစို့တဲ့အထိ ကျမနှလုံးသားတွေ သွေးဆူခဲ့တယ်။

သူ့ကိုချစ်လွန်းလို့ ကျမကိုယ်ကျမ မုန်းတီးမိတယ်။ မိန်းမတစ်ယောက် ဖြစ်ရတာကိုလည်း မုန်းတယ်။ မိန်းမမာယာနဲ့လှည့်စားဖို့ ခပ်ညံ့ညံ့ မိန်းမတစ်ယောက်တော့ ကျမ အဖြစ်မခံနိုင်ဘူး။ အဲဒါသူ့အပေါ်ထားတဲ့ သန့်ရှင်းတဲ့မာနပဲ။ ကျမရဲ့အချစ်က စိတ်နာခြင်း၊ စိတ်ဆိုးခြင်း အလျင်းမရှိတဲ့ ချစ်ခြင်းမျိုးပါ။ ကျမရဲ့နှုတ်ခမ်းတွေဟာ သူ့အတွက် တည်ခင်းထားတဲ့ အချစ်စားပွဲလေးပါ။ သူနဲ့ကစားတဲ့ စစ်တုရင် ကစားပွဲတိုင်းလိုလို အနိုင်ရအောင် ကြိုးစားပေမယ့် မသိစိတ်က အရှုံးပေးချင်နေခဲ့တာပါ။ သူနေမကောင်းရင်တောင် ကျမကတုန်ကရင် နဲ့ကိုယ်တွေ ပူလာသလို ခံစားမိတယ်။

ကျမမှာ နှလုံးသားရေးကံကလွဲလို့ အစစအရာရာ ဘ၀မှာကံကောင်းနေတတ်တယ်။ မိဘအခြေအနေ အရဆို ကျမကသူ့ထက် အစပေါင်းများစွာ ချမ်းသာတယ်လို့ ပြောလို့ရပါတယ်။ မိဘချမ်းသာလို့ ကြွားဝါနေတတ်တဲ့ မိန်းကလေးတွေကို ရွှံမုန်းတတ်သူမို့ ကျမသူ့ရှေ့မှာ အထူးတစ်လည် ထိန်းထိန်းသိမ်းသိမ်း နေခဲ့တယ်။ ကဗျာတွေကို သူနှစ်သက်တတ်မှန်း သိလို့ ကျမကဗျာတွေလည်း စုဆောင်းတယ်။ ဒါပေမယ့် ကျမရဲ့ ညံ့ဖျင်းမှုကြောင့် စပ်မိတဲ့ကဗျာတိုင်း သူ့အတွက်ဟာသ ဖြစ်နေခဲ့တယ်။ စိတ်လည်းမဆိုး တဲ့အပြင် ၀မ်းလည်းမနည်းခဲ့ပါဘူး။ ကျမက သူရယ်နေအောင် အသက်ထက်ဆုံး ဖန်တီးပေးနေချင်လို့ပဲ။

ကျမကံကောင်းတဲ့ တစ်ချက်ကတော့ သူနဲကျမ အသက်မွေးဝမ်းကျောင်း ပညာတူနေခြင်းပါ။ အပျင်းဓါတ်ခံရှိပေမယ့် ဥာဏ်ကောင်းတဲ့ကျမ သူနဲ့တန်းတူ လက်မှတ်ပေါင်းများစွာ သိမ်းပိုက်နိုင်ခဲ့တယ်။ တစ်ပြားသားမှ သူ့ထက်မလျော့ တဲ့အရည်အချင်းတွေ ကျမမှာ ပြည့်နေခဲ့တယ်။ မိန်းမတစ်ယောက် လုပ်နိုင်တာထက်ပိုပြီး သူနဲ့တန်းတူ ကျမကြိုးစား နိုင်ခဲ့တယ်။ သူနဲ့ငြင်းခုံကြတိုင်း အရှုံးပေးမှုထက် လက်တွေ့ကျတဲ့ အဖြေနဲ့ အဆုံးသတ်တယ်။ "ကျမပိုင်ဆိုင်တဲ့ ကွန်ပြူတာ Password ၊ဘဏ်ကဒ်၊ Account ပေါင်းများစွာတို့ရဲ့ လျှို့ဝှက်သင်္ကေတဟာ စဉ်းစားနေစရာမလိုတဲ့ သူ့နာမည်တွေပဲ ဖြစ်နေတတ်တာပါ။ " ကျမကိုယ်တိုင်အံ့သြမှုက သူကြိုက်တာမှန်သမျှ တစ်ခဏချင်း ကြိုက်တတ်လွန်း နေတာပါ။

သူ့ရဲ့ပထမဆုံး ရည်းစားဟာကျမ မဟုတ်ခဲ့ရလို့ ပူဆွေးမနေခဲ့မိဘူး။ ကျမရဲ့အချစ်က စွန့်လွတ်အနစ်နာခံမှု တွေတစ်ပွေ့တစ်ပိုက် နဲ့ပါပဲ။ အသဲကွဲတယ်လို့ ကျမ မခံယူရဲပါ။ မျက်ရည်တော့ ထိန်းမရခဲ့နိုင်ဘူး။ ဒါပေမယ့် မျက်ရည်ကုန်သွားရင် ချစ်တဲ့စိတ်လျော့သွားမလား စိုးရိမ်စိတ်နဲ့ ကျမအငိုတိတ် ခဲ့တယ်။ သူမသိလည်း လွမ်းနေမယ်၊ သူမရှိလည်း လွမ်းနေမယ့်သူပါ။ ဘာကိုမှ ကျမ မမျှော်လင့်ခဲ့ပါဘူး။ ကျမအနားမှာ သူမရှိတော့သည့်တိုင်အောင် သူ့အကြိုက်တွေနဲ့ပဲရှင်သန်နေ မိတယ်။ သူမကြိုက်တဲ့ နံနံပင်က ကျမအတွက်ရန်သူ ဖြစ်နေသလို၊ သူကြိုက်တဲ့ အရာအားလုံးဟာ ကျမအတွက်စွန့်လွတ်ဖို့မလိုတဲ့ မိတ်သဟာရ တွေပါပဲ။

"ကျမချစ်လွန်းလို့တော့ ရူးမသွားနိုင်ပါဘူး။ ဒါပေမယ့် ရူးလောက်အောင်တော့ အသက်ထက်ဆုံး ချစ်နေပါရစေ။ "

ကျန်ရှိနေတဲ့ ကျမရဲ့သက်တမ်းမှာ သူ့ကိုချစ်တဲ့အချစ်တွေဟာ အမြဲကိုနွေးနွေးထွေးထွေးနဲ့ အသစ်ဖြစ်နေစမြဲပါပဲ။ ဒါပေမယ့် ကျမစဉ်းစားမရတဲ့ အဖြေတော့ရှိနေဆဲပါ။ ယောင်္ကျားတစ်ယောက်နဲ့ အရည်အချင်းတန်းတူ ရှိနေတဲ့မိန်းမဟာ အချစ်အတွက်တော့ ရွေးချယ်မခံရတာ ဘာများမှားနေလို့ပါလိမ့်။ ဒါမှမဟုတ် ယောင်္ကျားတွေဟာ သူတို့နဲ့ပညာ၊ ၀င်ငွေတွေတန်းတူ ဖြစ်နေတာကိုက လက်မခံနိုင်တာလား၊ လက်မခံရဲတာလား။ ကျမစဉ်းစားနေဆဲပါ။ သူရင်မခုန်နိုင် လောက်အောင်လည်း ကျမရုပ်မဆိုး နေခဲ့ပါဘူးနော်။

ဘာပဲဖြစ်ဖြစ်ပါ။ ကျမပိုင်ဆိုင်တဲ့ ကောင်းကင်မှာ လင်းလက်ဖူးတဲ့ ကြယ်တာရာဆိုတာ တစ်လုံးထဲပါ။ ကောင်းကင်ကြီးထဲက အဖြူရောင်ကြယ်ပွင့် လေးတွေအရောင်မပြောင်း လဲတတ်ကြသလို ကျမရဲ့နွေးထွေးတဲ့ ချစ်ခြင်းတွေဟာလည်း ဘယ်သောအခါမှ မပြောင်းမလဲ ထာဝရတည်နေမှာပါ။ ဘ၀မှာ ကျမဆက်ပြီး အသက်ရှင်နေဦးမှာပါ။ ကျမအတွက် ဘုရားသခင်ပေးတဲ့ နှလုံးသားကတော့ အေးစက်မာကျော နေပါပြီ။ "အသက်ဆက်ရှင်သန်ဖို့ နှလုံးခုန်နှုန်းတွေ ရမ်သမ်ညီနေပေမယ့် တစ်ခြမ်းကတော့ ကျမခန္တာကိုယ်ထဲမှာ လူမသိသူမသိ ပုတ်နေခဲ့ပါပြီ။"



ဖန်နေ၀န်း


1 comment:

ချော(အစိမ်းရောင်လွင်ပြင်) said...

တစ်ခြမ်းပုတ်လဲ နောက်တစ်ခြမ်းနဲ့ ရှင်သန်နေနိုင်သေးတာဘဲ
ဘ၀ကို အကောင်းဆုံး ရင်ဆိုင်ကြတာပေါ့