Monday, August 30, 2010


“ မအိုသေးပါဘူး အဖေရယ်…”


အဖေက အသက်ကြီးပြီ ဘာမှမလိုဘူး..ဘာမှမပို့နဲ့ “ ဖုန်းဆက်တိုင်း ပြောတယ်။

ကျနော် လူပျိုပေါက် အရွယ်ကတည်းက အဖေက ကျနော်တို့ ညီအစ်ကို နှစ်ယောက်မ၀တ်တော့ တဲ့အ၀တ်များကို သာဝတ်လေ့ရှိတယ်။ တစ်ခါတစ်ရံ အင်္ကျီတွေက အဖေ့အသက်အရွယ်နှင့် မလိုက်မဖက် ဖြစ်နေတော့ “ တော်ကလည်း ဘုန်းကြီးကျောင်းသွားမှာကို ဘာတွေဝတ်နေတာလဲ..” ဆိုပြီးအမေက သတိပေးရတယ်။ အိမ်မှာ အဖေ့ဘော်ဒါတွေ လာလည်ရင် အဖေ့ကို တယ်ခေါတ်မှီသကိုးလို့ နောက်ပြောင်နေမြဲ။ အေးအေးနေပြီး စိုက်ပျိုးရေးဝါသနာပါတဲ့ အဖေက သားသမီးတွေကို ကြတော့ ခေတ်မှီပညာတတ်ကြီးတွေ ဖြစ်စေချင်တယ်။ အရွယ်ရောက်ကတည်းက ကိုယ်တိုင်ထိန်းကျောင်းနိုင်အောင် ပြောပြနေကြ။ အဖေက ရိုးအေးတယ်ဆိုပေမယ့် သားသမီးနဲ့ ပွင့်ပွင့်လင်းလင်း နေလေ့ရှိတယ်။

သားနှစ်ယောက်နဲ့ သမီးအငယ်ဆုံးကို သူငယ်ချင်းလို နေပေးတတ်တယ်။ ကျနော်က အမေတူမို့ အဖေ့ထက်အရပ်ပို ရှည်တယ်။ အဖေကအရွယ်တင်တော့ ညီအစ်ကိုတွေလိုပဲလို့ သူများတွေက ပြောကြတယ်။ ကျနော်တို့ညီအစ်ကိုက လေးနှစ်ကွာပေမယ့် အရွယ်တူပဲ။ သားအဖသုံးယောက် ခရီးထွက်ကြရင် ဆင်တူဝတ် သွားကြတယ်။ လျှာထိုးဦးထုတ်ဆောင်း ပြီးနေကာမျက်မှန်နဲ့ အဖေ့စတိုင် ကတစ်ခါတစ်ရံ ကျနော်တို့ထက် ပိုလန်းနေတတ်တယ်။ အမေကနယ်မှာ အနေများတော့ သူငယ်ချင်းတွေက မတွေ့ဘူးကြဘူး။ ကျနော်တို့နဲ့လာနေရင် သူငယ်ချင်းမိန်းကလေးတွေက ခေါင်ထိအကုန်စားနော် ဆိုပြီးကွယ်ရာမှာ နောက်နေကြ။ အချစ်ရေး အချစ်ရာကအစ၊ ယောင်္ကျားလေးတွေရဲ့ ကျန်းမာရေးအဆုံး အဖေကအစ်ကို တစ်ယောက်လို၊ သူငယ်ချင်းအရင်းလို ပြောပြတတ်သေးတယ်။ အရွယ်ရောက်ကတည်းက သားသမီးတွေကို နယ်မှာမကြီးပြင်းပဲ မြို့ကြီးပြကြီးမှာ နေချင်အောင် သွယ်သွယ်ဝိုက်ဝိုက်လေး ပြောပြတတ်တယ်။ လူကြီးတစ်ယောက်လို ဆုံးမစကားတွေကို မပြောပဲ၊ ရိုးရိုးရှင်းရှင်းလေးနဲ့ နားဝင်လွယ်အောင် အမြဲပြောတတ်တယ်။ အဖေ့ကို ငယ်ငယ်က သာကြောက်တာ။ အရွယ်ရောက်လာကတည်းက လုံးဝမကြောက်တော့ဘူး။ ပိုပိုပြီးချစ်တတ် လာခဲ့တယ်။
သားသမီးသုံးယောက်ရှိတာ တစ်ယောက်မှ အနားမှာ မရှိတာကို သူဂုဏ်ယူနေတတ်တယ်။
ပြောရရင် အဖေကဆယ်တန်းပညာထိပဲ ဆည်းပူးခဲ့ရတာပါ။ အဖေ့ဘ၀ကြမ်းတမ်းလွန်းလို့ သားသမီးတွေကို ဘယ်တော့မှ “ အဖေငယ်ငယ်ကလေ… “ ဆိုတဲ့စကား ကိုအစမချီခဲ့ဘူး။ ကျနော်တို့က နယ်မြို့လေးမှာ ကြီးပြင်းလာကြပေမယ့် အဖေက ရွာတစ်ရွာကပါ။ အမေပြောပြလို့သိရတာ။ အဖေ့ကို ရွာသားမှန်းတောင် ငယ်ငယ်ကတစ်ကယ် မသိခဲ့ဘူး။ ရွာနာမည်ကြားဖူးတာကလွဲလို့ ဘယ်နေရာ၊ ဒေသဆိုတာ ခုထိကျနော် မသိသေးဘူး။ ကျနော်တို့ မမှီလိုက်တဲ့ အဖေ့ရဲ့ မိဘတွေကလည်း အဲဒီ ရွာဇာတိတဲ့။ သားသမီးလိုချင်လွန်းလို့ နည်းလမ်းမျိုးစုံ ကြိုးစားပြီး အဖေ့ကို မွေးခဲ့ရတယ်တဲ့။ သူတို့ ရွာဓလေ့အတိုင်း နတ်မျိုးစုံလည်း ပူဇော်ပသ ခဲ့ရတယ်လို့ အမေကပြောပြဖူးတယ်။


သူတို့တွေက ဗမာလူမျိုးလည်းမဟုတ်ကြဘူး။ ခေါင်းပေါင်းအမည်းကြီးတွေ ပေါင်းတဲ့ရှမ်းနီဆိုတဲ့ အမျိုးအစားလို့တော့ ပြောတာပဲ။ အဘိုးနဲ့အဘွားက ရှမ်းစကားပဲ ပြောကြပြီး ဗမာလိုနဲနဲပါးပါး ပဲပြောတတ်တယ်တဲ့။ အဖေတို့ ရွာမှာ ဓါတ်ပုံပဲမရိုက်တာလား မတွေးတတ်။ ခုထိအဘိုးနဲ့အဘွားကို မမြင်ဖူးဘူး။ ငယ်ငယ်တုန်းကတော့ အမှုမဲ့၊ အမှတ်မဲ့ နေခဲ့ပေမယ့် ကြီးလာတော့ အရမ်းကိုသိချင်၊ မြင်ချင်လာမိခဲ့တယ်။ အဆိုးဆုံးက သူတို့ရဲ့ရှမ်းနာမည်တွေကို ဘယ်လိုပြောပြော မမှတ်မိတာပဲ။ ဒီအရွယ်ထိ အဖေ့ဘက်က အမျိုးအရင်း ဆိုတာ ဘယ်သူတွေမှန်းတောင် မသိ၊ မမြင်ဖူးဘူး။ အမေနဲ့ အဖေစကား ကတောက်ကဆ ဖြစ်ကြရင် အမေပြောတတ်တဲ့ “ တစ်ကောင်ကြွက် “ ဆိုတာ တစ်ကယ်ပဲလား။ အိမ်ကိုတစ်ခါတစ်ရံ ရောက်လာတတ်တဲ့ အဖေ့ဧည့်သည် တွေက ရှမ်းလိုတွေ ပြောနေလိုက်ကြတာ တစ်လုံးမှနားမလည်ဘူး။ တစ်ခါတစ်လေလည်း သူတို့တွေက ကိုယ်တွေ မောင်နှမတွေကို ကြည့်လိုက်၊ ပြောလိုက်နဲ့ပါပဲ။ အဲဒီအရွယ်ကတည်းက ဖာသိဖာသာ နေလာပေမယ့် စိတ်ထဲတော့ တစ်နုပ်နုပ်နဲ့ပါ။

အဖေက ကျောင်းနေတဲ့ အရွယ်ကြတော့ မြို့ကျောင်းမှာ ငါးတန်းကနေ လာတက်ရတယ်တဲ့။ အဖေမြို့ကျောင်းတက် ပြီးမကြာခင်မှာပဲ အဘိုးဆုံးသွားခဲ့တယ်တဲ့။ အမေတစ်ခု သားတစ်ခုဘ၀နဲ့ ကျောင်းဆက်တက် နေခဲ့ရတဲ့ အဖေ။ ဘယ်လောက်များ ခံစားခဲ့ရမလဲ ဆိုတာစဉ်းစား မိတိုင်း အဖေ့ထက်ဝမ်းနည်း နေမိတယ်။ နောက်တစ်နှစ်မှာပဲ အဘွားထပ်ဆုံးပါး သွားခဲ့တယ်တဲ့လေ။ အဖေဘယ်လိုများ ငိုကြွေးနေခဲ့ပါလိမ့်။ ဘယ်လောက်တောင် ၀မ်းနည်းနေလိမ့် မလဲ။ ကျနော်ဆို အသက်တောင် ဆက်ရှင်သန်နိုင်ပါဦးမလား။ တွေးမိတိုင်း မျက်ရည်ကျမိတယ်။

မိဘမဲ့သွားခဲ့တဲ့ အဖေ။ ဆွေမျိုးအရင်းအချာ လည်းမရှိ။ ဘိုးဘွား၊ မိဘပိုင် လယ်ယာတွေဆိုတာ အဖေကဘာမှ နားမလည်သေးတဲ့ အရွယ်မို့ အဖေ့အတွက် ပိုင်ဆိုင်မှုဆိုတာ သုညပဲကျန်တော့တယ်တဲ့။ အဖေ့ကိုသနားလိုက် တာအဖေရယ်။ အဖေဘယ်လိုများ လောကကြီးမှာ ဆက်လက်ရပ်တည် ခဲ့သလဲ။ အမြဲငိုကြွေးနေခဲ့တာလား။ ညညဆို အိပ်ရောပျော်ခဲ့ရဲ့လား။ ဘယ်လိုများစားသောက် နေခဲ့တာလဲ။ လူပျိုပေါက်အရွယ်မှာ သူများတွေလို ၀တ်ကောင်းစားလှတွေ မလိုချင်ခဲ့ဘူးလား။ သိချင်လိုက် တာအဖေရယ်။ အဖေ့ကို မေးချင်လိုက်တာ အကြိမ်ကြိမ်ပဲ။ ဘယ်လိုမေးရက်မှာ လဲအဖေရယ်။ အဖေ့နေရာမှာ ကိုယ်ချင်းစာပြီး စိတ်ကူးထဲမှာတောင် မရှင်သန်နိုင်ဘူး။ ၀မ်းနည်းလွန်းလို့ပါ။ ဒါကြောင့် အဖေက အမေ့လို အဖေငယ်ငယ်တုန်းကလေ လို့ဘယ်တော့မှ အစမချီခဲ့တာမလား။ ဒီအကြောင်းတွေကို သိလိုက်တဲ့ အရွယ်ကတည်းက အဖေ့ကိုကလန်ကဆန် လုပ်ချင်စိတ်တွေ၊ ဆိုးချင်စိတ်တွေ လုံးဝကို ပျောက်ဆုံး သွားခဲ့ပါပြီနော်။

ဒီလိုနဲ့ အဖေက ကျောင်းကထွက်ပြီး ရွာပြန်တော့မယ်တဲ့။ သားဆိုလည်း အဲလိုပဲစိတ်ကူး မိမှာပါပဲ။ ဒါပေမယ့် အဖေ့ကိုသနား ကြင်နာကြတဲ့ ဆရာ၊ ဆရာမတွေက ၀ိုင်းစဉ်းစား ပေးကြတယ်တဲ့။ ကျောင်းစရိတ်၊ စားစရိတ်၊ အ၀တ်အထည် ကအစ ပေးကြတယ်တဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ အဖေရယ်။ ဘယ်သူကမှတော့ အသစ်ပေးမှာ မဟုတ်ပါဘူး။ အဟောင်းပဲ ပေးကြမှာပေါ့။ အဖေ့ရဲ့ ရောင့်ရဲတတ်မှုဟာ အဲဒီကတည်းက စခဲ့တာမလား။ သားတို့ကို အင်္ကျီအသစ်တွေ လိုချင်တယ်လို့ ပူဆာရင်
အ၀တ်တစ်ထည်ကို လက်နှီးဖြစ်သွားတဲ့ အထိဝတ် ၊ စုတ်သွားရင် အဖေသားတို့ လိုချင်တာဝယ် ပေးမယ်” တဲ့။ အဲလိုပြောလို့ အဖေ့ကို မုန်းမိသေးတယ်။ သူများအဖေတွေဆို သူတို့သားသမီးတွေကို ချစ်လိုက်ကြတာ။ ပူဆာလိုက်တာနဲ့ ရပြီ။ ငါတို့အဖေက တော့ဝယ်မပေးဘူး ဆိုပြီး အဖေ့ကို စိတ်တိုဖူးခဲ့တယ်။ အဖေ့ကို ရှောင်ဖယ်ရှောင်ဖယ် နေတော့ အဖေက ၀ယ်ပေးတာပါပဲ။ အဲဒီတုန်းက သားက ကလေးပဲရှိသေးလို့ပါနော် အဖေ။ ခုချိန်မှာ အဖေ့ကိုပြန်ပြီး အ၀တ်အစား အသစ်တွေ အများကြီး ၀ယ်ပေးလည်း အဖေက မလိုဘူး ဆိုတာကြီးပဲ။ “အဖေက အသက်ကြီးပြီ..အိုနေပြီ “ တဲ့။ အဲလိုမပြောပါနဲ့ အဖေရယ်။ အဖေမအို သေးပါဘူးနော်။

အဖေကလေ ငယ်ငယ်ကလေးနဲ့ ကျောင်းစောင့်လုပ်ခဲ့ ရတယ်တဲ့။ ဒရ၀မ် လို့အဖေ့သူငယ်ချင်းတွေက စကြသတဲ့။ အဲဒီကောင်တွေကို အဖေလက်သီးနဲ့ ပိတ်ထိုးပစ် လိုက်ပါလား။ ဟုတ်တာပြောကြပေမယ့် သားလုံးဝမခံ နိုင်ဘူးအဖေ။ အဲဒီက ရတဲ့လခနဲ့ ကျောင်းဆက်နေတာပေါ့။ ကျောင်းဝန်းကြီးထဲက ရေနံချေးတွေသုတ်ထားတဲ့ အိမ်အမည်းရောင် သေးသေးလေးထဲမှာ အဖေတစ်ယောက်တည်း နေခဲ့ရတာတဲ့။ သားဆိုအရမ်း ကြောက်နေမိမှာ။ အဲဒါကြောင့် အဖေကလုံးဝ ကြောက်စိတ်ဆိုတာ မရှိသလောက် ဖြစ်နေခဲ့တာကိုး။ အဲဒီခောတ်တုန်းက ဖယောင်းတိုင် ရှားတဲ့ခောတ်လေ။ အဖေဘယ်လို စာကျက်ခဲ့သလဲ။ သားကြားဖူးသလို ဓါတ်မီးတိုင် အောက်မှာလား။ ဒါဆို လမ်းက ဓါတ်မီးတိုင် တွေမီးမလာရင် အိမ်စာတွေ စောစောလုပ်ထားတာလား။ အဲဒါကြောင့် အဖေကစာမတော်တော့ တာလား။

အဖေရယ် အဖေ့ရဲ့ စိတ်ဓါတ်တွေကို သိချင်လိုက်တာ။ သားတို့စာကျက်ရင် အဖေကဖရောင်းတိုင် မလောက်မှာ စိတ်ပူခဲ့တာ အဲဒါတွေတွေး မိလို့လားဟင်။ အဖေ့မျက်မှန်ပါဝါတွေ တိုးသွားတာ အဖေငယ်ငယ် ကတည်းက အလင်းရောင်နည်းခဲ့လို့မလား။ အဖေကပညာကို ဆုံးခန်းမတိုင်ခဲ့လို့ သားသမီးတွေကို ပညာတတ်ကြီးတွေ ဖြစ်စေချင်နေ ခဲ့တာမလား။ အဖေ့တုန်းက ပညာဆီမီးတွေ ခန်းခဲ့ပေမယ့် သားသမီးတွေကို အလင်းရောင်တွေ တတ်နိုင်သလောက် ပေးခဲ့တာမလား။

သားအလယ်တန်းလောက် တုန်းကလေ။ သူငယ်ချင်းရဲ့ အဖေတွေက ဆရာဝန်၊ အင်ဂျင်နီယာ တွေ အရာရှိကြီးတွေ၊ ပြီးတော့ ပိုက်ဆံလည်း ချမ်းသာကြတယ်။ သားလေအားကျ ခဲ့မိတယ်။ အဲလိုမျိုးအဖေ လိုချင်ခဲ့မိတယ်။ ငါ့အဖေဖြစ်လိုက်ရင်လို့ ခဏခဏ တွေးမိခဲ့ဖူးတယ်။ ဒီလိုလူမျိုးတွေကိုမှ အဖေလို့ သတ်မှတ်ခဲ့မိပါတယ် အဖေ။ သားကိုခွင့်မလွတ်ပါနဲ့။
လူပျိုဝင်စမှာ သားဘာမှသိပ်နားမလည် သေးလို့ပါ အဖေရယ်။ သားရဲ့ အောက်လက်မှတ်က အဖေ့အလုပ်အကိုင် နေရာမှာ တောင်သူ လို့ရေးရတိုင်း တစ်ခုခုလိုအပ်နေခဲ့တယ်။ အဖေ့ကို ခုဆိုအမေ့ထက်တောင် ပိုချစပါတယ်နော်။ ဒါပေမယ့် “ အဖေ့ကို ချစ်တယ် “ လို့ဒီအရွယ် အထိပြောရမှာ ရှက်နေသလို၊ လောကွတ်ချော်နေသလို၊ ဘယ်လိုမှန်းကို မသိပါဘူး အဖေ။ နားလည်ပေးပါနော်။ သားက အဖေ့ကို အချစ်ဆုံးပါ။

အဖေနဲ့ အမေတွေ့ကြပုံကလည်း သိပ်တော့မထူးဆန်းပါဘူး။ ဖူးစာလို့ဆိုလို့ရတယ်။ အမေတို့က အိမ်ကြီးရခိုင်နဲ့ ကျောင်းဝန်းရှေ့ လမ်းတစ်ဖက်မှာ နေကြတယ်။ အမေတို့ ကတော့ဗမာစစ်စစ်တွေပါ။ အဘိုးက ရဲဘက်ကအရာရှိ။ ဒါကြောင့် အဘွားကိုဆရာကတော် လို့အဲဒီခေါတ်ကခေါ် ကြသတဲ့။ အိမ်ကမနီးအဝေး မျက်နှာချင်းဆိုင်ဆိုတော့ အမေနဲ့စတွေ့ကြတာပဲပေါ့။ အမေတို့က ညီအစ်မတွေ အများကြီး။ အဲဒီထဲကမှ ဆံပင်ရှည်၊ အရပ်မြင့်တဲ့ အစ်မေ့ကို တစ်မူးသာလို့ အဖေကချစ်မိ သွားပုံရတယ်။ အဖေနဲ့ အမေကအတန်းတူမို့ အမေကသနားတာတဲ့။ ဒီအကြောင်းတွေကို အမေကလျှိုထားတာ။ အဒေါ်အငယ်ရဲ့ လက်ချက်နဲ့ သိရတာပါ။ အမေကအဖေ့ကို သနားချစ်ဆိုတာ မှန်လောက်တယ်။ အဖေ့အကြောင်းကို ခရေစေ့တွင်းကျ အကုန်သိနေတယ်။ ခုထိအဖေ့အကြောင်းပြောပြ ရင်အမေ့မျက်လုံးမှာ ကျနော်ဖတ်လို့ရတယ်။ သိပ်ချစ်လွန်းလို့ထင်တယ်။ ခုချိန်ထိ အဖေ့အကြောင်းပြောရင် အဖေ့ရှေ့မှာ ဘယ်တော့မှမပြောပြဖူး။

အဖေ့လို ဆင်းရဲသား တစ်ကောင်ကြွက် ကအမေ့ကို ပိုးပန်းလာတော့ အမေတို့အသိုင်းအ၀ိုင်း ဆိုတာ ရက်ရက်စက်စက် ပြောကြတာတဲ့။ အဖေကအမြဲပဲ သနားစရာ ကောင်းလိုက်တာနော်။ အမေနဲ့အဖေဆယ်တန်းဖြေပြီး အောင်စာရင်း တောင်မစောင့်ပဲ ခိုးပြေးကြသတဲ့လေ။ တောရွာလေးတစ်ရွာကိုတဲ့။ ဆတ်ဆတ်ထိမခံတဲ့ အဘွားက “ ညည်းနဲ့ငါ သေခန်းပြတ် “ တဲ့။ သနားစရာကောင်းတဲ့ အဖေ့ရဲ့အချစ်ကို လက်ခံတာ ကျေးဇူးပါအမေရယ်။ အမေသာငြင်းလိုက်ရင် အဖေ့အတွက် လူ့လောကမှာ နေပျော်ဖွယ်ကောင်းတဲ့ နေရာနဲ့ အချိန်ဆိုတာ မရှိသလောက် နည်းပါးသွားတော့ မှာပေါ့။

အဖေနဲ့အမေရဲ့ ဇာတ်လမ်းလေးက ချစ်စရာလေးပါ။ အချစ်အတွက် ပိုက်ဆံတွေမလို ခဲ့ကြဘူး။ အချစ်အတွက် လက်မတွန့် ခဲ့ကြဘူး။ နှောက်နှေးတွေဝေမှုတွေ မရှိခဲ့ကြတဲ့ အချစ်သူရဲကောင်းတွေပါ။ အမေ့သူငယ်ချင်းတွေဆို ရုပ်ချောတဲ့ အမေ့ကို ဂရုဏာဒေါသတွေ ထွက်လို့မဆုံးဘူးတဲ့။ အဲဒီတော ရွာလေးမှာ အမေက အသုံးလုံး ဆရာမ လုပ်တယ်။ ဒီခေါတ်မှာတော့ မရှိတော့ပါဘူး။ စာမတတ်တဲ့ သက်ကြီးရွယ်အိုတွေကို စာသင်ပေးရတာလေ။ တစ်ရွာလုံးက ဆရာလေး၊ ဆရာမလေးဆိုပြီး ချစ်ကြတာတဲ့။ ပိုက်ဆံမရှိပေမယ့် နေထိုင်စားသောက်လို့ ရတယ်တဲ့။ ကျနော့်ကိုယ်ဝန်ဆောင် ချိန်ကစပြီး အဖေပင်ပန်းတော့တာပဲတဲ့။ ပိုက်ဆံဆိုတာ မရှာလို့မရတော့ဘူးမလား။

အဲဒါကြောင့် သားသမီးတွေကို အရွယ်အတိုင်ခင် အိမ်ထောင်ကျမှာ စိုးရိမ်နေတတ်တဲ့အဖေ။ သားသမီးတွေကို ပင်ပန်းဆင်းရဲမှာ မကြည့်ရက်တဲ့အဖေ။ သူခံစားခဲ့ရတဲ့ ဘ၀ရဲ့ခါးသီးမှုတွေကို မပြောပြပဲ အားတက်စေတဲ့အရာတွေနဲ့ ဆုံးမတတ်တဲ့အဖေ။ မိဘမေတ္တာငတ်မွတ်ခဲ့ရလို့ အကောင်းဆုံးဖြည့်ဆည်း ပေးချင်နေတဲ့ အဖေ။ သားသမီးတွေကို သူနေတဲ့နယ်မြို့လေးကို ပြန်လာပါလို့ မခေါ်ရက်တဲ့ အဖေ။ ဖုန်းပြောရင် ပျော်ရွှင်သယောင်စကား သာပြောပြီး အမေ့ကိုဖုန်းမြန်မြန် လွဲပေးတတ်တဲ့ အဖေ။ အဖေကျန်းမာပါတယ်လို့ မမေးပဲအမြဲဖြေတတ်တဲ့အဖေ။ ရေဒီယိုကလာတဲ့ သတင်းတွေ ကြားမိတိုင်း သတိပေးတတ်တဲ့ အဖေ။ ဆူနာမီတဲ့၊ နာဂစ်မုန်တိုင်းတဲ့၊ ဘာတဲ့ ညာတဲ့ စသဖြင့် နိုင်ငံခြားက သားကို စိုးရိမ်နေတတ်တဲ့ အဖေ။ အရင်ကလို စကားများများ မပြောတော့တဲ့ အဖေ။ သားသမီးတွေအတွက် အဖေစိတ်ချမ်းသာနေပါပြီလို့ တစ်ဖွဖွပြောလွန်းတဲ့ အဖေ။ မောလို့ဆိုအမေက Medical Check up လုပ်ဖို့ ကိုအတင်း ရန်ဖြစ်ပြီး ပြောရတဲ့ အဖေ။ ဆရာဝန်ဆီရောက်တော့ ကျနော်က ဘာမှမဖြစ်ပါဘူး။ မိန်းမကအတင်း အပိုအလုပ်တွေ လုပ်ချင်နေတယ်လို့ ပြောတတ်တဲ့အဖေ။ ဆေးခန်းမှာ အရမ်းကျန်းမာသယောင် ဆောင်နေတတ်တဲ့အဖေ။ ဆရာဝန်ဆေးစစ်ချက်က အဖေ့မှာ နှလုံးရောဂါရနေတာ ဆယ်နှစ်ခန့်ရှိပြီ ဆိုတဲ့စာရွက်ကို လှောင်ရယ်နေတဲ့ အဖေ။ ဆရာတို့ဟာက ဟုတ်ရဲ့လားလို့ ပြန်မေးတတ်တဲ့အဖေ။ အမေက၀မ်းနည်း လွန်းလို့ငိုမိတာကို နောက်ပြောင်ကျီဆယ်နိုင် နေခဲ့တဲ့အဖေ။

အဖေရယ်။ အဖေ့မှာ ဆယ်နှစ်လောက် နှလုံးရောဂါရနေခဲ့တာ တောင်မှသားသမီးတွေကို ခုထိအသိမပေးနဲ့ လို့တားဆီး နေဦးမှာလား။ အဖေ့အတွက် လို့ဝယ်ပေးမိတိုင်း “ မင်းတို့ကအပိုအလုပ်တွေ သိပ်လုပ်တယ် “ လို့စိတ်ဆိုးတတ်တဲ့ အဖေ။ ဘာလိုချင်တယ် လို့ဘယ်တော့မှ မပြောခဲ့တဲ့အဖေ။ ဖုန်းဆက်ပြီးငိုတော့ အဖေက မင်းယောင်္ကျား မဟုတ်ဘူးလား ဆိုပြီး ဖုန်းကိုချပစ်လိုက်တဲ့ အဖေ။ ခုဆို ဖုန်းဆက်တိုင်း မျက်ရည်ကျနေ ရင်တောင် သားပုံမှန်အတိုင်း အဖေ့ကိုစကားပြော တတ်နေပြီလေ။ ဒါပေမယ့် အဖေရယ်။ သားမကြားချင်ဆုံး စကားတော့ မပြောပါနဲ့။ အဖေက အိုနေပါပြီကွာ။ အဖေမရှိတော့ ရင်….ဆိုပြီး သံယောဇဉ်ပြတ် နေသလိုလို စကားမျိုး မသုံးနှုန်းပါနဲ့နော်။ သားအဖေ့ကို သိပ်ချစ်ပါတယ် အဖေ။

သားအတွက်တော့ အဖေက မအိုသေးပါဘူးနော်။


ဖန်နေ၀န်း (ဗန်းမော်)
( အဖေကျန်းမာပျော်ရွှင်ပါစေ )

8 comments:

The Queen said...

အင်း စိတ်မကောင်းဘူး။ မိဘမေတ္တာ ဆိုတာ ဒါမျိုးပါပဲ။ သူငယ်ချင်း မိဘ နေရာကိုရောက်ရင် ဒိထက်ပိုပြီး နားလည် လာမှာသေချာတယ်။

Phannaywon said...

ဟုတ်ပါတယ်...
သူငယ်ချင်းရယ်...လာဖတ်ပေးတာကျေးဇူးနော်...

နှင်း said...

brother , နှင်းတောင် အဖေ့ကိုလွမ်းလို့ ငိုချင်လာပြီ .. ပျော်ရွှင်ပါစေ .... ဘရားသား

ချော(အစိမ်းရောင်လွင်ပြင်) said...

အနှိုင်းမဲ့ဖခင်မေတ္တာပါလား
အဖေတွေဟာ အသက်ကြီးလာရင် သနားဖို့ကောင်းတယ်.. သားသမီးတွေ မချစ်တော့မှာ၊ ဂရုမစိုက်တော့မှာ၊ မလေးစားတော့မှာ စိတ်ပူတတ်ကြတယ်..
ဒါကြောင့် အသက်ကြီးလာတဲ့ အဖေအမေတွေကို ချစ်ကြောင်း သတိတရရှိကြောင်း ဂရုတစိုက် ရှိကြောင်းပြောဖို့က အရင်ကထက် ပိုပြီး လိုအပ်လာတယ်.. ပြောဖို့ နှုတ်မတွန့်ကြပါနဲ့စို့လို့။

chomarmyathaung said...

ဒီစာလေးကိုဖတ်ပီး အဖေကို သတိရတယ်.. မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ပေါ့... အင်မတန်ငိုခဲတဲကျွန်မကို ဒီစာလေးကမျက်ရည်ဝဲစေခဲ့တယ်.....အဖေဆုံးသွားတာ နှစ်ပေါင် ၂၄ နှစ်တောင်ရှိခဲ့ပီ...
မိဘများအသက်ရှိစဉ်မှာ သူတို့လိုချင်တာတွေအားလုံးဖြည့်စည်းပေးလိုက်ပါ...
ရှိနေစဉ်မှာ တာဝန်ကျေပါ.. မရှိတော့မှ မျက်ရည်မကျစေချင်ပါ..
ဘာလိုသလဲလို့မေးရင်သူတို့ဘာမှမလိုပါဘူး ... တကယ်လိုနေတာ မေတ္တာပေါ့...
မြန်မာလူမျိုးတွေဟာ အသက်ကြီးလာရင် ယူခြင်းထက် ပေးခြင်းကို လုပ်ကြတာ.. ဒါဟာ သူတို့ အတွက် ဘ၀ရဲံ အသက်ကြီးချိန် ကုသိုလ်လည်းဖြစ် မေတ္တာလည်းရစေတယ်... မိမိမပေးနိုင်တဲ့ အနီးကပ်မေတ္တာ ကို တခြားသူများမှ ပေးဝေစေခြင်းဖြစ် နေရတဲ့ ဘ၀လေးကို ငြိမ်းချမ်းစေတာပေါ့..
ခု အမေကို လိုချင်တာအားလုံးဖြည့်စည်းပေးတယ်.. ကျွန်မတတ်နိုင်ချိန်မှာ အဖေက ခံစားဖို့ ကံမပါခဲဘူးလေ...
ဒါကျွန်မရဲ့အတွေ့ အကြုံပါ....
လစဉ် စားဖို့ လူဖို့ ထောက်ပံတယ်.. ဘယ်သူကို ပေးပေး.... မိမိနှင့်မဆိုင်ပါ... ပေးပီးနောက်မတွယ်တာစေချင်ဘူး...
အမေစိတ်ချမ်းသာမယ်ဆိုရင်ပီးတာပါပဲ... အမေပေးချင်တဲ့သူကိုပေး.. လူချင်သူကို လူ....
သူတို့ ရဲ့ ကျန်ရှိတဲ့ အချိန်လေးတွေကို ကျေနပ်စွာကျော်လွန်စေချင်တယ်...
မချိုမာ

phyu said...

(၁၀) နှစ်ဆိုတဲ့ အတိုင်းအတာ တစ်ခုထိသာ အတူနေခွင့်ရခဲ့တဲ့ အဖေ့ကို အရမ်းသတိ၇နေချိန်မှာ ၀င်ဖတ်သွားပါတယ်...

MYA said...

Take care of your Father when he is old"...

MYA said...

Take care of your Father when he is old"