Friday, September 3, 2010


“ ၀မ်းတွင်းရူး “


တစ်ကယ်ဆို အနုပညာမျိုးရိုးလည်းမရှိ။ သူများတွေလို ဘိုးဘွားလက်ထက်ကလည်း ဆိုတယ်၊ ကတယ်ဆိုတာ မရှိ။ ဒုတိယကမ္ဘာစစ် အကြောင်းကလွဲလို့ တစ်ခြားမယ်မယ်ရရ မပြောပြတတ်တဲ့ ကျနော့် အဘွား။ အမေဆိုတာလည်း သားချော့တေးလောက်သာ ညည်းတာကြားဖူးတယ်။ အရွယ်ရောက်ပြီး တော်တော်ကြာကြာ ထိတောင် သီချင်းဆိုခြင်း ဆိုတာမျိုးကို သေချာမသိတတ်ခဲ့ပါဘူး။ ကြားဖူးနားဝလောက်ပဲ သီချင်းတွေနဲ့ ရင်းနှီးဖူးခဲ့တဲ့ ကျနော်ပါ။ အဲဒီပိုးက ကွန်ပြူတာဗိုင်းရစ်ပ် တွေလိုပဲ သတ်မရ၊ ပြုမရပါပဲ။ ဘယ်လို အမ်တီဗိုင်းရစ်ပ် မျိုးမှမနိုင်တဲ့ ပိုးတွေပါ။

ကျနော့်ဘ၀မှာ အဖေကရှမ်းဖြစ်လို့ ရှမ်းအဆိုတော်တွေရဲ့ သီချင်းတွေနဲ့တော့ ရင်းနှီးဖူးတယ်။ မယ်မယ်ရရတော့ မရှိလှပါဘူး။ ဆိုင်းထီးဆိုင်၊ ဆိုင်းစိုင်မော့စ် တို့ရဲ့ သီချင်းတွေပါ။ ဒါကလည်း အဖေမကြာမကြာ ဖွင့်တတ်ခဲ့လို့ပါ။ အမေကတော့ စတီရိယိုခေါတ်ဦးပိုင်း သီချင်းမျိုးပေါ့။ မြန်မာသံဘက် နွယ်တဲ့သီချင်းမျိုးတွေ နားထောင်တတ်တယ်။ ကျနော်တော်တော်အရွယ်ရောက်တဲ့ အထိ ဘိုသံ (ခေါတ်ပေါ်) သီချင်းတွေကို သိပ်အကျွမ်းတ၀င်မရှိခဲ့ပါဘူး။ ဒီလောက်နဲ့တော့ ကျနော်သီချင်းဆိုချင်တဲ့ စိတ်စေ့ဆော်မှု မရှိသေးပါဘူး။

ဆယ်တန်းဖြေပြီး ကိုးလို့ကန့်လန့်အရွယ်ရောက်တော့ မသိမသာ မိဘတွေကို ဂျစ်ကန်တတ်လာတယ်။ မိဘမကြိုက်တဲ့ သီချင်းမျိုးတွေ စပြီးကြိုက်လာခဲ့တယ်။ မဖွင့်နဲ့ နားညီးတယ်ဆိုတဲ့ သီချင်းမျိုးပဲနားထောင် ချင်လာတယ်။ စန္ဒယားသံထက် ဂစ်တာသံက ပိုပြီးခုံမင်လာစေခဲ့တယ်။ ခပ်အေးအေး သီချင်းတွေကို ငြီးငွေ့တတ်လာခဲ့တယ်။ မုန့်ဖိုးက တိတ်ခွေဖိုးတွေအတွက် အစားထိုးလာ တတ်ခဲ့တယ်။ သီချင်းစာသား တစ်လုံးချင်းစီကို အဓိပ္ပာယ်ဖော်ပြီး ခံစားတတ်လာခဲ့တယ်။ မဆီမဆိုင် သီချင်းနားထောင်ပြီး စပြီးကြေကွဲ လာတတ်သေးတယ်။ အတင်းခံစားပြီးလည်း မျက်ရည်တွေ ကျကြည့်ချင်လာခဲ့တယ်။ အသဲကွဲတာတွေကို ကြုံဖူးချင်လာတယ်။ သီချင်းတွေထဲက ဇာတ်လမ်းလေးတွေကို အကောင်အထည်ဖော် ချင်လာခဲ့ပြန်တယ်။

စပြီးအကောင်အထည် ဖော်ဖြစ်ခဲ့တာကတော့ အိမ်နားကမမတစ်ယောက် တက္ကသိုလ်ကျောင်းပိတ် လို့အိမ်ပြန်လာတဲ့အချိန်။ အဲမှာစတွေ့တာပဲ။ သီချင်းဆိုဖို့ပြောပါတယ်။ အဲဒီမမက ဂစ်တာတီးတာကို တတ်လာခဲ့တယ်။ ကျောင်းပိတ်ရက် အိမ်ပြန်လာတဲ့သမီး ဂစ်တာပိုက်လို့ပေါ့။ သူ့မိဘတွေဆိုတာ အမြင်ကပ်လိုက်ဘိခြင်း။ လူကြီးတွေဘာပဲ ပြောနေပါစေ။ နားချတာတော်တဲ့ မမကိုယ့်ခံစားချက်ကို တရားဝင်ခံစားတတ်အောင် ကျနော့်ကို ပြောပြခဲ့တယ်။ ကျနော်လည်း ခံစားချက်ကို ရှေ့တန်းတင်ပြီး ပတ်ဝန်းကျင်မှာ ခပ်ရဲရဲဆို တတ်လာခဲ့တယ်။ ဒီလိုနဲ့ ကျနော်တို့စုံတွဲသီချင်းနဲ့ သီချင်းပြိုင်ပွဲဝင်ဖို့ အခွင့်ကြုံလာခဲ့တယ်။ ကျနော်တို့ မြို့ရဲ့တစ်ခုသော သီတင်းကျွတ်ပွဲတော် မှာပါ။ အဲဒီတုန်းက ခောတ်စားတဲ့ စည်သူလွင်နဲ့အေးချမ်းမေ ရဲ့" အတူတူဆိုရင်" ဆိုတဲ့သီချင်း။ ပွဲမ၀င်ခင် အပြင်ကကျင်းပ ဆိုသလိုပေါ့။ ရက်ကွက်ထဲက ကလေးတွေကို ဓားစာခံလုပ်ပြီး ပရိတ်သတ်လုပ်ခိုင်း ခဲ့ကြသေးတယ်။ အိမ်သုံးလက်နှိပ်ဓါတ်မီး တွေက မိုက်ကရိုဖုန်း တစ်ဖြစ်လည်းပေါ့။ ကလေးတွေမပျင်းရအောင် မုန့်ပဲသရေစာလေးလည်း ကျွေးမွေးရသေး။ အမြင်ကပ်တဲ့ လူကြီးတွေကတော့ အော့ကြောကိုလန်လို့။ ဘာမှကိုမပြောကြတော့ပါဘူး။ အနုပညာခရီးကို အဲလိုလေးကျနော် မြေစမ်းခရမ်းပျိုးခဲ့ဖူးပါရဲ့။

အဲဒီကနေတစ်ဆင့် လူမသိ၊ သူမသိ သီချင်းဆိုခြင်း အနုပညာကို ရူးလာတော့တာပါပဲ။ ကြီးတောင် ကြီးမနဲ့ အမေရိုက်တာကို မှတ်မှတ်ရရခံခဲ့ ရတာလည်း ဒီသီချင်းကိစ္စကြောင့်ပါပဲ။ ကျနော်တို့မြို့နဲ့ ခုနှစ်မိုင်ကျော်ကျော် လောက်ဝေးတဲ့ မိုးမောက်ဆိုတဲ့မြို့မှာ ညအိပ်ညနေစတိတ်ရှိုးဆိုဖို့ လိုက်သွားခဲ့တယ်။ နှစ်ရက်လောက် ညသွားအိပ်ပြီး သွားကဲခဲ့တယ်။ ပြန်လာတော့ ဘယ်ပြောကောင်းမလဲ အစော်ပလော် တီးခံလိုက်ရတာ ဖျားတောင်ဖျားတယ်။ အမေရိုက်လို့ဖျားတာမဟုတ်ဘူး။ ဟိုမှာအအေးတွေမိ၊ ချောင်းတွေဆိုးပြီး ဖျားတော့တာပါပဲ။ တက္ကသိုလ်လည်းရောက်ရော Level မြင့်လာခဲ့တယ်။

အမျိုးမျိုးနဲ့ရောဂါတိုးလာတော့တာပါပဲ။ သီချင်း ၀ါသနာပါတဲ့ ဦးလေးကြောင့် ပလေးဘွိုင်းသန်းနိုင် တို့၊ ဘိုဘိုဟန်တို့ ခေါတ်တုန်းကသီချင်းတွေပါ နားထောင်ဖြစ်ခဲ့တယ်။ ဘယ်နားမှာဆိုလို့ ရမလဲဆိုတာပဲ စုံစမ်းနေခဲ့တယ်။ ကျနော်အဲဒီလောက် ရူးခဲ့တယ်။ သီချင်းဆိုချင်လွန်းလို့ တစ်ခုသောသင်္ကြန်မှာ နေကောင်းချင်ယောင်ဆောင် ခဲ့သေးတယ်။ ပြီးမှ နှစ်ဆတိုးပြီး အိပ်ယာထဲ လဲတော့တာပါပဲ။ မှတ်မှတ်ရရ ကံကောင်းချင်တော့ တယောထိုးပြီး သီချင်းဆိုတတ်တဲ့ ဦးလေးတစ်ယောက်နဲ့ အိမ်နီးနားချင်း ဖြစ်လာခဲ့တယ်။ ” ဂြိုလ်ဂုတ်ရှိရာ ဂြိုလ်ဂုတ်လာ “ ဆိုတဲ့စကားပုံကို ပြေးသတိရမိပါရဲ့။ "ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ" ၊ " တက္ကသိုလ်ကျောင်းက ငွေလမင်း" တို့ ဆိုတတ်လာခဲ့တယ်။ တယောတော့မထိုးတတ် ခဲ့ပါဘူး။ ၀ါသနာကအဆိုပဲလေ။ အဲဒီအချိန်ကစလို့ မြန်မာသံတွေပါ ဆိုတတ်မှန်း ကိုယ်တိုင်ရိပ်မိ လာခဲ့တယ်။


ဒီလိုနဲ့ ရန်ကုန်လည်းရောက်ရော ရောဂါတွေကျွမ်းနေခဲ့ပြီ။ အသက်မွေးလမ်းကြောင်းက သပ်သပ်။ ၀မ်းတွင်းရူး နေတာက တစ်ဖုံ။ ကိုယ့်ဘာသာကိုယ် လုံးချာလိုက်နေခဲ့တယ်။ အခါအခွင့်များသင့်ရင် ဘ၀ဆိုတာ တစ်ဆစ်ချိုးတတ်တယ် မလား။ ဘယ်သူကိုဖွင့်မပြောတဲ့ အိမ်မက်နဲ့ တိတ်တိတ်လေး အကောင်အထည် ဖော်ခဲ့မိပါတယ်။ ဘုရားကျောင်းမှာလည်း လိုက်ဆိုတယ်။ City FM မှာလည်း အသံသွင်း၊ ဆိုကြမယ် ပျော်ကြမယ် အတွက်လည်း ဗညားဟန်ရဲ့ " ၀ါဆိုမိုးနဲ့ ပြန်ခဲ့ပါ " သီချင်းနဲ့ ဖောင်တင်ဖူး သေးတယ်။ ဒါပေမယ့် နာဂစ်ချိန်ဆိုတော့ ပွဲပျက်ခဲ့တာပေါ့။ ၀မ်းနည်းလိုက်ပါဘိ။ ကျနော့်ဝမ်းတွင်းရူးရဲ့ Level အမြင့်ဆုံးကတော့ မြ၀တီက Melody world မှာ ပထမရိုက်ကူးရေး အထိပါခဲ့တာလောက် ပါပဲ။ " တစ်ကယ်ဆိုရင် အချစ်ပဲလိုတယ်.." တစ်ကိုယ်တော် ခွေထွက်နေတဲ့ အဆိုတော်ဖြစ်လာခဲ့တဲ့ ချမ်းချမ်း တို့နဲ့ အတူတူပေါ့။ ဒီအဆင့်မှာတင် ပြုတ်သွားခဲ့တဲ့ ကျနော် အနုပညာလောက ကနေစွန့်ခွာ လို့ လူမသိ၊ သူမသိ နုတ်ထွက်ခဲ့ပါတယ်။


အော် လူ...လူ။ ကိုယ့်အသံကို ကောင်းမှန်း၊ မကောင်းမှန်းမသိ။ ဖြစ်နိုင်လားမဖြစ်နိုင်လား မသုံးသပ်ပဲ လုပ်ချင်တာကို ဇွတ်လုပ်တတ်တဲ့ ကျနော်ပါ။ ပြီးတော့ အရေမရ၊ အဖတ်မရ ဆိုပေမယ့် အမှတ်တရ တော့အရှိသားမလား။ တစ်ခါတစ်လေ အိပ်မရတဲ့ည တွေမှာ ငါအဆိုတော်ဖြစ်ခဲ့ရင် စိတ်ကူးလိုက်ချည်သေး။ ဘ၀ဆိုတာဒီလိုပါပဲလေ။ စိတ်ကူးထားတာတွေ တစ်ချို့တစ်ဝက် အကောင်အထည် ဖော်နိုင်ပေမယ့် အများစုကတော့ စိတ်ကူးနဲ့ရူးရတာချည်း ပါပဲ။ ကုသိုလ်ကံ ပါရမီက အဆိုဘက်မှာ မပါခဲ့ဘူး ထင်မိပါရဲ့။


ခုတော့ ကျနော့်ဝမ်းတွင်းပိုးက အိနြေ္ဒရရနဲ့ပဲ ရှေ့ဆက်နေတော့တာပေါ့။ အခါအခွင့် သင့်ရင်လည်း ဒီပိုးတွေ ထကြွလာဦးမလားပဲ။ ဒါပေမယ့် ထိတ်စီးသုံးဂဏန်း ကိုမကြာခင်ရောက်တော့မယ့် အရွယ်မှ အဆိုတော်ဘ၀ကိုတော့ မရူးသွပ်မိတော့ပါဘူး။ ကျနော့်လိုပဲ ခင်ဗျားတို့ အားလုံးမှာလည်း ကိုယ်စီ၊ကိုယ်စီ ရူးသွပ်မှုလေးတွေ ရှိမယ်ထင်ပါရဲ့နော်။


( စာကြွင်း..ကောင်မလေးတောင်မှ ဂစ်တာတီးပြီး သီချင်းဆိုတတ်တဲ့ ကောင်မလေးကိုမှ ပိုပြီး ရင်ခုန်မိတယ်ဗျာ။ ရှာနေတုန်းပါပဲ။ ဘာမှတော့ မဆိုင်ပါဘူး။ ကျနော်ရူးတာကို ဆိုလိုတာပါ။ ကြေငြာဆိုလည်း ဟုတ်တာပေါ့လေ….:P )


ဖန်နေ၀န်း

No comments: