Tuesday, October 5, 2010

" အမေများ...."


(၁)

တစ်ချို့အမေတွေက ကိုယ့်သားသမီး နိုင်ငံခြားရောက်နေတာကို ခပ်ကြွားကြွားလေး ဂုဏ်ယူတတ်ကြတယ်။ သားကလေ နိုင်ငံခြားကနေဆိုပြီး စကားကို အတင်းစပ်ပြော တတ်ကြတယ်။ နိုင်ငံခြားနဲ့ ဖုန်းပြောရင် အသံကို ခပ်ကျယ်ကျယ်ပြော တတ်တယ်။ အလှူ၊ မင်္ဂလာပွဲတွေကို နိုင်ငံခြားက ပို့လိုက်တဲ့ အ၀တ်အစား၊ လက်ကိုင်အိတ်၊ လက်ကိုင်ဖုန်း တွေနဲ့ တမင်တန်ဆာ ဆင်သွားတတ်တယ်။ လူစုံရင် မသိမသာနှင့် သိသိသာသာ နဲ့ဒါလေးက သမီးပို့လိုက်တာ ဘာဘာညာညာ စသဖြင့် ရှင်းပြတတ်တယ်။ တစ်လကုန်တိုင်း သားသမီးဆီက ငွေပို့တာ မျှော်တတ်ကြတယ်။ အခါကြီး၊ ရက်ကြီးတွေမှာ ကုသိုလ်ရဖို့ထက် ကြွားဝါဖို့ အလှူတွေ အမျိုးမျိုးအဖုံဖုံ ပြုလုပ်တတ်တယ်။ သားသမီးတွေကို နိုင်ငံရပ်ခြားမှာပဲ အိမ်ထောင်ကျပြီး အခြေချေစေချင် ကြတယ်။ ဖြစ်နိုင်ရင် သားသမီး တွေ နဲ့ အတူ နိုင်ငံရပ်ခြားမှာပဲ လိုက်နေချင်တယ်။ ကိုယ့်ရေမြေ၊ ကိုယ့်ဒေသကို မကောင်းတာပဲ ရွေးပြောတတ်တယ်။ ပတ်ဝန်းကျင်မှာ နိုင်ငံခြားရောက်နေတဲ့ သားသမီးများရဲ့ အမေတွေ နှင့်သာအရေးတယူ ဆက်ဆံလေ့ရှိတတ်တယ်။ စကားလုံးတွေကြားမှာ နိုင်ငံခြားဖြစ်တွေက ညပ်ညပ်ပါလာ တတ်တယ်။ Internet Connection ကမကောင်းလို့၊ သူ့သမီးက ဟိုက PR နဲ့အိမ်ထောင်ကျနေတာ၊ Work permit နဲ့ Spass ကအခွန်ဘယ်လို ဆောင်ရတာ စသဖြင့် သားသမီးပြောသမျှ သေချာမသိပဲ လူတွေရှေ့ပြော တတ်ကြသေးတယ်။ ဒေါ်လာဘယ်ဈေးရှိလဲ ဆိုတာကို ဆန်တစ်ပြည်ဘယ်လောက်ထက် စိတ်ဝင်စားတတ်တယ်။ သားသမီးပြောပြ တဲ့လစာကို ပိုပိုသာသာလေးမြှောက်ပြီး ရင်ခုန်တတ်ကြတယ်။ ဘုရားသွားလည်း ဒီစကား၊ ရိပ်သာသွားလည်း ဒီစကား မရိုးနိုင်အောင်ပြောတတ်ကြတယ်။

(၂)

သားသမီးဆီ ကဖုန်းလာရင် ၀မ်းနည်း၊ ၀မ်းသား ဖြစ်တတ်ကြတယ်။ ဘယ်တော့လောက် ပြန်လာမှာလဲလို့ မေးလေ့ရှိတယ်။ ကျန်းမာရေးဂရုစိုက်ဖို့ အတန်တန်မှာကြား တတ်တယ်။ ငွေကအရေးမကြီးကြောင်း၊ ကျန်းမာအောင်အစားပုံမှန် စားဖို့လိုကြောင်းမှာ ထပ်တစ်လဲလဲ ပြောတတ်ကြတယ်။ ဘာစားချင်လည်း၊ ဘာပို့ပေးရမလဲ အမြဲမေးတတ်တယ်။ သားသမီးပို့လာတဲ့ ပိုက်ဆံကိုသုံးတန်သုံး၊ စုတန်စုပေးထားတတ်ကြတယ်။ လူကြုံဘယ်သူရှိလဲ အမြဲစုံစမ်း နေတတ်တယ်။ သားသမီးတွေအကြိုက် ကြိုတင်ပြင်ဆင် ထားတတ်ကြတယ်။ ဘာသာတရားကိုင်း ရှိုင်းဖို့အာပေးတတ်ကြတယ်။ အိမ်ပြန်လာရင် ၀မ်းပန်းတစ်သာ ဖြစ်အောင် စုစုဆောင်းဆောင်း နဲ့ ခမ်းခမ်းနားနားလေး ပြင်ဆင်ထားတတ်တယ်။ ပို့လာတဲ့ငွေကြေးတွေကို ဘယ်လိုတိုးပွားအောင် လုပ်မလဲဆိုတာ ကြံဆတတ်ကြတယ်။ ဒီနှစ်ပြန်လာမလား ဆိုတဲ့ မေးခွန်းထက် အဘွားကတောင် မေးနေတာ စသဖြင့် သွေးတိုးစမ်းတတ် ကြတယ်။ ဖုန်းပြောနေရင်း မတော်တစ်ဆ ချောင်းဟန့်မိတာနဲ့တင် ဆေးမသောက်ဘူးလား၊ အအေးမိတာလား၊ ရေချိုးမှားတာလား နဲ့လားပေါင်းများစွာ မေးခွန်းတွေ ပေါ်လာတတ်တယ်။ ဘာတွေစားသောက်နေလဲ ဆိုတာလည်း ဖြေပြီးတိုင်း ထပ်မေးတတ်ကြတယ်။ ရတနာသုံးပါး မမေ့ဖို့လည်း တစ်တွတ်တွတ်မှာကြား တတ်ကြပြန်တယ်။

(၃)

သိပ်ချမ်းသာတဲ့ မိသားစုတွေရဲ့ အမေကတော့ သိပ်မထူးဆန်းလှ။ သားသမီးဖုန်းလာသည့်တိုင် ဘာမှမတုန်လှုပ်၊ လုပ်လက်စအလုပ် မပျက်။ ပိုက်ဆံပို့ချင်ပို့ မပို့ချင်နေ ဘာမှမပြောကြဘူး။ မျှော်လည်းမမျှော်တတ်ကြ။ သားသမီးနဲ့ဖုန်းပြောတိုင်း နောက်ဆုံးပေါ် လက်ကိုင်ဖုန်း၊ ကား၊ လက်ဝတ်လက်စား တွေဈေးနှုန်း ဘယ်လောက်ကွာတဲ့ အကြောင်း၊ တစ်ခြားနိုင်ငံကြီးတွေကို ဘယ်လိုလမ်းကြောင်းနဲ့ သွားရင်အဆင်ပြေမယ့် အကြောင်းတွေ ပြောတတ်ကြတယ်။ သူတို့ပြောတဲ့ အထဲမှာ နိုင်ငံရေးမပါဘူး။ ဘာသာရေးမပါဘူး။ ဘ၀ကိုဘယ်လို တိုးတက်အောင်ဆက်လုပ် မလဲပဲ အကြံဥဏ်ပေးတတ်ကြတယ်။ တစ်ခါတစ်လေ ညသန်းခေါင်ကြီးဖုန်း မဆက်နဲ့လေလို့ တောင်းပန်သယောင်နဲ့ ဟန့်တားတတ်ကြသေးတယ်။ ပတ်ဝန်းကျင်က အကြောင်း၊ ဆွေမျိုးအကြောင်း စီကာပတ်ကုံး မပြောတတ်ကြဘူး။ ကိုယ့်ဘ၀ကို အမြင့်ဆုံးထိရောက်အောင် လမ်းစရှာပေးကြတယ်။ သားသမီးကို ချစ်တာတို့၊ ဂရုစိုက်ဖို့ ပြောနေတာထက် ဘာဆက်လုပ်ဖို့ပဲ တာဆူနေတတ်ကြတယ်။ ဖုန်းပြောပြီး " ဘိုင် ဘိုင် " လို့ဘိုလိုလေး အဆုံးသတ်ကြတယ်။

(၄)

ရွာထဲက သားသမီးနိုင်ငံခြားရောက် လို့ကတော့ တစ်ရွာလုံးသိပဲ။ ဖုန်းဆိုလည်း ရွာသူကြီးအိမ်မှာ သွားပြောရတာကိုးမလား။ ဥပမာ- တနင်္ဂနွေနေ့တိုင်း ညနေ ၇ နာရီးဆို ပုံမှန် သူကြီးအိမ်မှာ သွားထိုင်စောင့်နေပြီ။ အမေရော၊ အဖေရော၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားခြင်းပါ မကျန်ပါဘူး။ အိမ်နီးနားချင်းတွေက အမေတွေကလည်း ကလေးကတစ်ခွပိုက်လို့ နားစွင့်နေတတ်ကြတာပါပဲ။ ပြောတဲ့ အကြောင်းအရာတွေထဲက ရွာဦးကျောင်းဆရာတော်က စလို့ အရက်သမားဖိုးအေး အထိ ဆွေတစ်ရာ၊ မောင်တစ်ကျိတ်ပါမကျန် ပါတတ်ကြတယ်။ အိမ်ဦးခန်းမှာ အဲဒီသားသမီးပုံက ဘုရားပြီးရင် ကားချပ်အကြီးဆုံး မန်ဘောင်နဲ့ ကွတ်ထားတတ်ကြတာ။ အလည်ပြန်လာရင် မိသားစုအတွက်တင်မကပဲ လက်ဆောင်တွေဝယ်ရတာ မနည်းဘူး။ သူတို့ကလည်း လာမယ့်ရက်ကြိုတွက်ပြီးတော့ အိုးစည်ကနားနဲ့တောင် ကြိုဆိုချင်ကြတာမလား။ သားသမီးပို့တဲ့ ပိုက်ဆံထက် သားမျက်နှာမြင်ရဖို့က ပိုကြတယ်။ ရွာမှာက ခောတ်မှီပစ္စည်းထက် အလှူကြီးပေးနိုင်ရင် ပျော်လို့မဆုံးတော့။ လယ်ရှိရင်ထမင်း ငတ်ဖို့ပူစရာမှ မလိုတာလေ။ ပြီးတော့သူတို့ စိတ်ဝင်စားတာ ပါတိတ်လုံချည်မဟုတ်ဘူး၊ လက်ဆွဲအိတ်မဟုတ်ကြဘူး။ သားသမီးကောင်းကောင်း မွန်မွန်နေရတာမြင်ရ၊ ကြားရရင် ပျော်နေတတ်ကြတဲ့ မိခင်မျိုးတွေပါ။ ကြွားဝါဖို့ထက် သားသမီးပြောခဲ့သမျှကို မျက်ရည်စမ်းစမ်းနဲ့ ပီတိဖြာပြီး ပြောပြ တတ်ကြပြန်ရော။ ဖုန်းလာရင် ဘုန်းကြီးပါစေ၊ အသက်ရှည်ပါစေလို့ ဆရာတော်ကလည်း မေတ္တာပို့ပေးတယ် ဆိုတဲ့အကြောင်း ပြောတတ်တယ်။ တစ်ဖက်က ဖုန်းမချမချင်း စကားတွေ မရပ်မနားပြော တတ်သေးတယ်။ တစ်ဖက်က ဖုန်းချပြီးတာတောင် " ဟယ်လို ဟယ်လို" ဆိုပြီး ထပ်ပြောချင်ကြ ပြန်သေးရဲ့။


ဒီနံပါတ်စဉ်တွေက သားသမီးနိုင်ငံရပ်ခြားမှာ နေပြီးဝေးနေကြရတဲ့ အမေတွေပါ။ အမေအမျိုးမျိုး၊ စိတ်တွေကလည်း အထွေထွေပေါ့။ ဘယ်လိုပဲအယူစွဲမှား နေပါစေ အမေဟာ အမေပါပဲ။ တစ်ခြားခေါင်းစဉ် ပြောင်းတပ်လို့ မရဘူးလေ။ သားသမီးအပေါ် ချစ်ကြတာချင်းတော့ အတူတူပါပဲ။ သားသမီးအားလုံး အတွက် မာတာမိခင် ဆိုတာ မပယ်ကောင်း တဲ့ပုဂ္ဂိုလ်မျိုးပါ။ မွေးလာကတည်းက အတူတူနေစဉ်တုန်းအချိန်မှာ စာရေးသူတို့သာ အသက်ကြီးလာတာ။ အမေတွေက အသက်မကြီးလာသလိုလို၊ မအိုလာသယောင်ယောင် ထင်ခဲ့ကြတာပါ။ အကြာကြီးခွဲခဲ့ပြီး ရုတ်တရက်ပြန်တွေ့ရင် အမေတွေမျက်နှာကို သေချာကြည့်လိုက်ပါ။ အမေ့မျက်နှာပေါ်က အရေးအကြောင်းတွေ၊ တစ်ခါမှမတွေ့ဖူးတဲ့ အမေ့ခေါင်းပေါ်က ဆံပင်ဖြူတွေက အိုမင်းလာတယ်ဆိုတဲ့ သက်သေတွေပါ။ ဇရာရဲ့ လှည့်စားမှုတွေက အမေအားလုံးရဲ့ နုပျိုမှုတွေကို စုတ်ယူသွား စေခဲ့တာပါ။ " အမေရယ် အိုစာသွားလိုက်တာ..." လို့ဘယ်သားသမီးက ပြောထွက်မှာလဲ။ ရင်ထဲမှာ လူတိုင်းဒီလို ခံစားရကြမှာပဲ။ ဒါပေမယ့် အမေကို အလွန်အမင်း ရှုတ်တွနေတဲ့ မျက်နှာလိုအိုဇာသွားမှာတော့ စိုးရိမ်နေမိတယ်။ တစ်ကယ်လို့ အမေ့မှာ သွားတွေမစုံ၊ ဆံပင်တွေတစ်ခေါင်း လုံးဖွေးဖွေး ဖြူပြီး၊ ပါးရေနားရေ တွေရဲ့တွန့်ခေါက်မှုဟာ ကြည့်မကောင်းတော့အောင် အိုသွားတဲ့အချိန်ကျရင် အမေနဲ့ အခုလို ခွဲပြီးမနေချင်တော့ဘူး။ အမေ့ကိုချစ်တဲ့ သားသမီးဆိုတာ အမေကိုခြေဆုတ်လက်နှယ် ပြုစုပေးရမယ်လို့ စာရေးသူခံယူထားပါတယ်။

မလိမ္မာခဲ့တဲ့ စာရေးသူဟာ အမေကိုမျက်နှာချင်းဆိုင် မရှိခိုးပဲ အမေမမြင်အောင်ပဲ ဦးချဖူးတယ်။ အမေ့ကိုပွေ့ဖက်ရမှာ အပိုအလုပ်၊ ပတ်ချွဲနှပ်ချွဲဆိုပြီး ထင်ခဲ့မိသေးတယ်။ " အမေ့ကိုချစ်တယ် " လို့ပြောရမှာ ခုထိရှက်နေသလို ခံစားနေရတယ်။ ဖုန်းဆက်ရင် " နေကောင်းကြတယ်မလား အားလုံး " ၊ " ဒီနေ့ဘာဟင်းစားကြတာလဲ.." စသဖြင့် အပိုအလိုမရှိ စပြီးအမြဲပြော နေမြဲပါပဲ။ ရင်ထဲက ဆန္ဒအတိုင်း ခုထိဘာကြောင့် ပြောမထွက်တာလဲဆိုတာ ကိုယ်တိုင်ခဏခဏ မေးဖူးတယ်။ သူများတွေများ ပြောထွက်လိုက်ကြတာ။ စာရေးသူတော့ သူများ ပြောနေသံကြားရင်တောင် အပိုတွေ၊ ကဲလိုက်တာလို့ ဝေဖန်နေဆဲ။ ခွဲခွာခဲ့ရတာတွေ ကြာလွန်းလို့ အမေ့ရင်ခွင်ရဲ့ နွေးထွေးမှု အရသာဟာ ဖော်ပြရလောက်အောင် မရင်းနှီးတော့ပါဘူး။ ဘယ်ကိုပဲရောက်ရောက်ပါ။ ဘယ်ရင်ခွင်ဟာ အလုံခြုံဆုံးလည်း ဆိုတာသဘောပေါက်နိုင် ကြပါစေ။



ဖန်နေ၀န်း

3 comments:

The Queen said...

That's cool article !

mielay said...

မိခင်တိုင်းကတော့ ခွင့်လွတ်နားလည်ပေးမှာပါ...

ချော(အစိမ်းရောင်လွင်ပြင်) said...

မိဘတိုင်းဟာ သားသမီးအပေါ် ချစ်ကြတာတော့ သေချာပါတယ်..
စိတ်ပူပုံ ပူချင်းသာ ကွဲပြားကြမှာပါ။
အမေ့ကျေးဇူးဆိုတာလည်း ဆပ်ခွင့်ရမှ ဆပ်ခွင့်ကြုံကြတာပါ။ အဲလိုဆပ်ခွင့်ကြုံတာဟာလည်း ဘာနဲ့မှ နှိုင်းမရအောင် ကံကောင်းတယ်လို့ဘဲ ယူဆမိပါတယ်။