Friday, October 22, 2010

" ဘာမဟုတ် ညာမဟုတ် သူပြောပြတဲ့အိတ်အစုတ် "


လောကမှာ " အဖော် " ဆိုတာ အမျိုးမျိုးရှိတတ် ကြတယ်မလား။ ကိုယ်နဲ့သန်ရာ သန်ရာပါပဲ။ ကျမရဲ့ အဖော် " လွယ်အိတ်ကြီး " ကတော့ မရှိလို့ကိုမဖြစ်ဘူး။ လွယ်အိတ်ကြီး ဆိုလို့ငယ်ငယ်ကလို ဘေးသိုင်းလွယ် တာမျိုးတော့ မဟုတ်ပါဘူး။ ကျမက နှုတ်ကျိုးတတ်သူမို့ပါ။ သူက လိင်မပါတဲ့ ကျမချစ်သူ လို့လည်း ဆိုလို့ ရတယ်။ လိုလိုမယ်မယ် ပစ်ထည့်ထားမိတာ ခုတော့စားရင်းစစ် နဲ့တန်းတိုးတော့တာပဲ။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတောင် တင်ရမလို ပါပဲ။ ကျမလည်း ပစ္စည်းတွေ စစ်ချင်နေတာ ကြာပါပြီ။ တစ်ယောက်ယောက်ကို ပေးရမယ့်ပစ္စည်းဆို တစ်ခါတည်း လွယ်အိတ်ထဲ တန်းခနဲပစ်ထည့် ထားလိုက်တာ။ တစ်ချို့ဆို မပေးဖြစ်တော့ပဲ လွယ်အိတ်ထဲမှာ ပဲသောင်တင်နေ တတ်သေးတာ။ ဒါတွေက ယာယီထည့်ထားရာကနေ ပြန်မထုတ်မိ တော့တာပါ။ ရေမွှေးမကြိုက်တဲ့ ကျမရဲ့အိတ်ကလေးက ဆေးနံ့တွေနဲ့ ရောပြွန်းနေ တော့တာပဲ။ ကျမက လှလှပပနဲ့ စတိုင်ကျဖို့ထက် လိုချင်တာအားလုံး ထည့်လို့ရတဲ့ ခပ်ကြီးကြီး ဒီအိတ်လေးပဲ ချစ်တယ်။ Nike ကြိုးတိုတိုနဲ့ ကျမရဲ့ အိတ်ကြီးကတော့ ကျမချစ်သူထက်တောင် ကျမနားမှာ အချိန်ပိုပေး ဖြစ်သေးတယ်။ ဘုတ်စုတ်စုတ်နေလေ့ ရှိတဲ့ကျမ လှတပတလေး ပြင်ဆင်မိရင်တောင် လူရယ်ချင်ဖွယ် ဖြစ်ဖြစ် သွားတတ်တာ။ အိတ်ထဲမှာ ဘီးသာပါတာ။ အမြဲလိုလို ခေါင်းစုတ်ဖွားနဲ့ကျမ လွယ်အိတ်ကြီးနဲ့ပဲ ပိုလိုက်ဖက်သတဲ့။ ချစ်သူကပြောဖူးသေးတယ်။

၁။ ထမင်းဘူး(အခွံလွတ်)
၂။ ဒဏ်ကြေ လိမ်းဆေး
၃။ ဒဏ်ကြေလိမ်းဆေး အရည်
၎။ ပလာစတာ
၅။ ထွန်းရှူဆေး
၆။ ရှူဆေးဘူးသေး
၇။ မှန်သေးသေးလေး (သွားကြားညပ်မညပ် ထုတ်ကြည့်ရန်)
၈။ နှုတ်ခမ်းနီ (ကာလာမပါ)
၉။ နှုတ်ခမ်းနီ (Gloss)
၁၀။ ................ တထုပ်
(ရှက်လိုက်တာ)
၁၁။ ရုံးသော့တွဲ
၁၂။ အိမ်သော့တွဲ
၁၃။ အမ်အာတီ ကဒ်
၁၄။ ဘဏ်စာအုပ်
၁၅။ အကြွေစေ့အိတ်
၁၆။ ဘဏ်ဖြတ်ပိုင်းချည်း ဖြစ်ဖြစ်နေတတ်သော ပိုက်ဆံအိတ်
၁၇။ Note book
၁၈။ မမ်မိုရီ စတစ်ခ်
၁၉။ i banking key ပိုက်ဆံတွေတွဲထားသော ကီးချိန်းလေးနှင့်
၂၀။ အနာလိမ်းဆေး အရည် (အမြဲထိခိုက်လေ့ ရှိသော ရှပ်တီးရှပ်ပြာ၏ အလိုအပ်ဆုံးသော အရာ)
၂၁။ hand cream
၂၂။ hand sanitizer
၂၃။ တစ်ရှူး (dry)
၂၄။ တစ်ရှူး (wet)
၂၅။ ဘောပင် ၂ချောင်း
၂၆။ ဘီး ( မဖြီးဖြစ်ပေမယ့် ယူသွားလေ့ရှိတယ် )
၂၇။ ဖုန်းဘေလ်၊ ပီယူဘီ ဘေလ်
၂၈။ စတားဟဘ် စာချုပ်
၂၉။ ထီး

အခုလို နံပါတ်စဉ်တွေ ချကြည့်မှ ကျမပုခုံးတွေ နာနာနေတာ ဒါတွေကြောင့်လို့ တွေးမိလိုက်တယ်။ ရေသန့်ဗူးလိုမျိုး၊ မုန့်(ဘီစကစ် ထုတ်၊လိုလီပေါ့ပ် ) လိုမျိုးတွေ ကိုလည်း အပေါ့စား သယ်သွား သယ်လာ မျိုးတွေတော့ စားရင်းထဲမထည့် တော့ပါဘူး။ မျက်စိမှိတ်နှိက်ရင်တောင် ဘယ်ထောင့်မှာ ဘာရှိတယ်ဆိုတာ အလွတ်ရ နေတတ်တယ်။ ဘာပစ္စည်းမဆို အိတ်ထဲဝင်ပြီးရင် ပြန်မထွက်တတ် တော့ဘူး။ ဒါပေမယ့် အိတ်ထဲမှာ သေချာထည့်ထားတဲ့ ပိုက်ဆံတွေကျတော့ ကျမသတိထား မိလိုက်တဲ့အချိန်ဆို သိပ်မကျန်တော့ဘူး။ ပြောင်တော့မယ်လို့ Notice ပြပြီ။ နှစ်သက်မိလို့ ၀ယ်တုန်း ကတော့ အသစ်လေးပဲ။ အိတ်လေးလည်း ဟောင်းလာသလို ကျမလည်း မွေးနှစ်တွေ မဖော်ပြနိုင် လောက်အောင် သက္ကရာဇ် တိုးလာခဲ့တယ်။ စာရေးသူရယ် ရှင့်နဲ့တွေ့မှပဲ ကျမရဲ့အိတ်လေး တန်ဖိုး ပိုရှိနေပါ ရောလားကွယ်။ ဘာပဲဖြစ်ဖြစ် လွယ်အိတ်ကြီးကို လျှော်လိုက်ဦးမှ။ မလျှော်တာလည်း အတော်ကြာနေပြီ မဟုတ်လား။


ဖန်နေ၀န်း


(စာကြွင်း။ အိတ်အစုတ်ကြီးကို ဘာလို့အမြဲလွယ် နေရတာလဲလို့မေးမိလိုက်တာကနေ စာတစ်ပုဒ် ရေးမိသွားပါတယ်။ ခွင့်လွတ်ပါ ကာယကံရှင်ရယ်။ နောက်ဆို စာရေးသူရှေ့ အသက်ရှူသံတောင် မမှားမိစေနဲ့နော်။ ဘာကြောင့်မှားတယ် ဆိုပြီးရေးမိသွား မှာဆိုးလို့ပါ....:P )

No comments: