Tuesday, September 7, 2010

" ဣဿရမူလီ "

" ဣဿရမူလီ "

" ကင်းမွန်သီးနဲ့ ခပ်ဆင်ဆင်အသီး "

" ဥဒေါင်းငှက်ပုံအပွင့် "


ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် " ဣဿရမူလီ " လို့ခေါ်တယ်။
ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (Atistolochia indica)" သာမညဣဿရီ " တဲ့။
ရှမ်းဘာသာကတော့ " ၀မ်လီနုတ်ယုံး " (၀၊ခ်ေလီခေူဂ့်ယုင်း) လို့ခေါ်ပြီး တရုတ်အခေါ်ကတော့ " ခုံ့ရှော့တန်း " လို့ခေါ်တယ်။ အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ အလှစိုက် ထားလေ့ ရှိတယ်။ အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အ၀ါ၊ အစိမ်း၊ ခရမ်းရောင် အနည်းငယ်သမ်း နေတယ်။
အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။ အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲ အနည်းငယ်ရှိန်း သလိုလိုဖြစ်ပြီး အရသာပေါ့တယ်။

ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်းတစ်လက်ပါ။ ဒီဆေးအကြောင်းကို မန္တလေး၊ ကျွဲဆည်ကန်နေ နန်းမွေဖေါင် (2nd Year Law) ကနေတဆင့် သိရခြင်းပါ။ သူမအဖေရဲ့ မန္တလေး မိတ်ဆွေတစ်ဦး ဘီပိုးရောဂါဖြစ်ပြီး ယိုးဒယား၊ စင်္ကာပူအထိ သွားကုတာ သိန်းပေါင်းများစွာ ကုန်ပေမယ့် ရောဂါက မပျောက်ဖြစ်နေတယ်။ စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေတစ်ယောက်က
" ဣဿရမူလီ "
ကို သုံးကြည့်ခိုင်းတယ်။ သူလည်း (၃)လလောက် အဲဒီအရွက်ကို အစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက် ငါးရွက်လောက် ၀ါးစားပြီး ရေသောက်လိုက်တယ်။ နောက်ပိုင်း သူ့ရဲ့ အသားအရေလည်း အရင်လို နီကြောင်ကြောင် နီရဲရဲ မဟုတ်တော့ပဲ အသားအရည်တွေ ၀င်းလာတယ်။ ကြည်လာတယ်။
ကျန်းမာရေးလည်း တော်တော်ကောင်းလာတာတွေ့ရတယ်။ နောက် (၅)လ ကြာတော့ သူယိုးဒယားကို
ဆေးစစ်သွားတော့ ဟိုကဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊
ဘာဆေးတွေ သုံးကြောင်း မေးလာတော့ သူက တိုင်းရင်းဆေး " ဣဿရမူလီ " ဆေးကိုသုံးကြောင်း ပြောလိုက်တယ်။ အခုသူကျန်းကျန်းမာမာပါပဲ။


" ဆေးသုံးစွဲနည်း "

(၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ၀ါးစားပြီး ရေသောက်တာ ပိုထိရောက်တယ်။
(၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်း ရပါတယ်။
(၃) အရွက်ကို အခြောက်လှမ်းပြီး လက်ဖက်ရည် သောက်သလိုမျိုး သောက်ရင်လည်း ရတယ်တဲ့။

ဓါတ်ပုံကို လားရှိုးမြို့ ရပ်ကွက် (၆) ရွှေလီကျောင်းအနီး၊ ဒေါ်နန်းရွှေကျောင်းအိမ် မှာ သွားရိုက် ထားခြင်း ဖြစ်ပါတယ်။ " ဣဿရမူလီ " မှတဆင့် ဘီပိုး၊ စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက် တိုးတက်အောင် ဖေါ်ဆောင်နိုင် ကြပါစေ။

" သင်ရဲ့ မိတ်ဆွေထံ ဆက်လက် လက်ဆင့်ကမ်းပြီး ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ် ကုသိုလ်ယူကြပါရန် . . . "

မေတ္တာဖြင့်
တောင်တန်းသာသနာပြုဆရာတော်
စ၀်ဆုခမ်း (တန့်ယန်း)



ဖန်နေ၀န်း
( Forward Mail မှ Edit လုပ်၍မျှ ဝေပါသည် )

နေပါစေ......

Monday, September 6, 2010



" ဘီးစီး( Busy ) "

မနက်ရှစ်နာရီခွဲ တိတိ
ကွန်ပြူတာဖွင့်..
လက်တစ်ဖက်နဲ့ ကော်ဖီဖျော်
နေ့တိုင်းစားတဲ့ ဘီစကစ်ကိုထုတ်..
ရုံးမေးတွေအသာထား..
gtalk လေးအရင်ကလစ်..
" မင်္ဂလာပါ " ဘာညာနှုတ်ဆက်..
ဒါပေမယ့် " busy " လေးတော့ပြထား..
ကိုယ်ပိုင်မေးလေးထပ်စစ်..
( မနေ့ညဆယ့်နှစ်နာရီထိ စစ်ပြီးသား :P)
သူဌေးကို " Good Morning "
ရုံးမေးလေးအသာဖွင့် ကျန်တာတွေ မီနီမိုက်
မေးအသစ်မရောက်လည်း..အဟောင်းတွေထပ်ကြည့်..
တောင်တောင် အီအီစာရွက်တွေကိုင်ကြည့်...
ဖုန်းတွေလျှောက်ဆက်..
" Did U received my email? "
သူဌေးကအပြင်မသွားသေး..
တစ်ဖက်ကလူနဲ့ ပြီးပြီးသား project တွေဆက်ပြော..
သူဌေးကအထွက်..
ညာဘက်လက်က Internet new page ဆီတန်းကနဲ..
ဘလော့ကိုထပ်စစ်..ကျေးဇူးတင်ကြောင်းတွေရေး..
သူများဘလော့တွေ လိုက်စပ်စု..
အို..ဒါနဲ့
နေ့လည်စာ။
ဗိုက်ကလေးကလေး မျက်ခွံလေးကမှေးလို့
တစ်ခါတစ်လေ လက်ထဲကစာရွက်တွေပြုတ်ကျ..
အိမ်သာထဲ ခဏခဏပြေးရ
Urgent လေးတွေ အပျင်းပြေလုပ်..
အလုပ်တွေများသယောင် စိတ်ရှုပ်ပြ..
နဲနဲပွစိပွစိ မကြားတကြားရေရွတ်..
( သူတို့လူမျိုးတွေ သင်ပေးထားတာနော်..:P )
လူအလစ် ရောင်းရင်းတွေတီးခေါက်..
Links လေးတွေ မျှကြ..
ကဗျာတွေ..စာတွေ..စဉ်းစား
ကီးပုတ်အောက်က စာရွက်မှာ မြန်မာလိုအကြမ်းရေး..
ခဲတံလေးနဲ့ စကားလုံးတွေစပ်..
ခံစားချက်ပျောက် ဘာသာပြန်လိုင်းရောက်..
နောက်..
ကော်ဖီချိန်လေး အလပသလာပ လေးနှော..
လခမတိုးလို့ စိတ်ညစ်တဲ့အကြောင်း ဖောင်ဖွဲ့
သူများကုမ္ပဏီ က bonus တွေအကြောင်း
မစားရ ၀ကမှန်းပြောကြ
သူဌေးအကြောင်း ၊ သူ့လေဒီအကြောင်း
ကပ်စေးနှဲတာတွေ ပြောကြ..
အော်..ဒါနဲ့ပဲ
ရုံးဆင်းတော့မယ်..
ရောင်းရင်းတွေ နှုတ်ဆက်
File တွေပိတ်..နောက်ဆုံးမှ " gtalk " ကိုပိတ်
အော်မေ့လို့
" busy " sign တောင်မဖြုတ်လိုက်မိဘူး။


( မှတ်ချက်: အမှန်တစ်ကယ် busy သောနေ့များတွင် Online ပေါ်တွင်မရှိပါ...:P )


ဖန်နေ၀န်း (ဗန်းမော်)
( သရော်ရေးခြင်းသာ ဖြစ်သည် )

Sunday, September 5, 2010


" အမှန်တရားသို့ နှလုံးသွင်းခြင်း "


နှလုံးသွင်းမှားတဲ့ မြေပေါ်မှာ
အ၀ိဇ္ဇာမျိုးစေ့ချ

တစ်ဏှာရေလောင်းမိတော့

ခန္ဓာအဆိပ်ပင် ရှင်သန်ပြီး

သံသရာခရီးသို့ ဆန့်ရမြဲ..ရောက်ရမြဲ။


နှလုံးသွင်းမှန်တဲ့ မြေပေါ်မှာ
ဝိဇ္ဇာမျိုးစေ့ချ

သတိ၊ သဒ္ဒါရောတဲ့ မဂ္ဂင်ရေလောင်း

ခန္ဓာအဆိပ်ပင်ကိုသတ်ပြီး

နိဗ္ဗာန်ခရီးသို့ တည့်တည့်သွားကြပါစို့။



ဖန်နေ၀န်း
(တရားစခန်းမှ စွဲသိစေခဲ့သော စကားစုများ)

Friday, September 3, 2010

" ဖိတ်စာ "

" ဖိတ်စာ "


မြန်မာမိသားစု မိတ်ဆုံစားပွဲ (စင်ကာပူ)

နေရာ - Informatics Campus,12 Science Center Road ( Near Jurong East MRT )
နေ့စွဲ - 19 -09 -2010 ( Sunday )
အချိန် - နေ့လည် 12 :00 To ညနေ 5:00 ထိ
ဖျော်ဖြေရေး - မြန်မာ့ရိုးရာတေးဂီတ နှင့် ခေါတ်ပေါ်တေးဂီတ


နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေကြတဲ့ ကျနော်တို့လူမျိုးတွေဟာ နေ့စဉ်နဲ့အမျှ ဖိအားပေါင်းများစွာနဲ့ ရှင်သန်နေကြရတာပါ။ ကျနော်တို့အားလုံးကို ဖမ်းစားနေတဲ့ ဒေါ်လာတွေကြားမှာ မသိလိုက်မသိဘာသာ နဲ့ သိသိသာသာ ကြီးနစ်မွန်း နေကြရတာပါ။ အလုပ်ထဲမှာများ အဆင်မပြေဖြစ်မိရင် ပြောမပြနိုင်အောင်ကို ရင်ထဲမှာ မွန်းကြပ်မှုတွေ ပြွတ်သိပ်နေတော့တာပဲ မလား။ စင်ကာပူလို နိုင်ငံသေးသေးလေးထဲမှာ ဒေါ်လာကလွဲလို့ နှစ်သက်မက်မော စရာခပ်ရှားရှားပါ။ အိမ်နဲ့အဝေးမှာ နေပြီး စက်ရုပ်ဆန်ဆန် နေ့တွေကြားမှာ အားလပ်ရက်တွေကို ကိုယ့်နည်းကိုယ့်ဟန် နဲ့ပျော်ချင်ယောင်ဆောင် နေကြတာ လူတိုင်းပါပဲ။ ကျနော့်စိတ်နဲ့နှိုင်းရင်တော့ လူတိုင်းလို့ သုံးချင်ပါတယ်။ ဒါပေမယ့် တစ်ချို့ပုဂ္ဂိုလ်များ နှစ်သက်ပါ့မလား မပြောတတ်ပါ။ ကျနော်ထင်တာကတော့ စင်ကာပူဆိုတာ နတ်ပြည်မှမဟုတ် တာနော်။
ထားပါတော့လေ။

လိုရင်းကတော့ အပေါ်ကဖိတ်စာ အကြောင်းပါ။ အားလပ်ရက်မှာ ပျော်ပျော်ပါးပါးလေး ကျနော်တို့နဲ့ အတူ တစ်ခဏတာ အပန်းပြေစေဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ နာမည်ကြီးတွေမှ မပါတာလို့တော့မသတ်မှတ် ပေးပါနဲ့ဗျာ။ ကျနော်တို့လို ရွက်ပုန်းသီးတွေ ဘယ်လောက်တောင် ပြွတ်ခဲနေသလဲဆိုတာ မြင်စေချင်လို့ပါ။ ခင်ဗျားတို့ရဲ့ လက်ခုပ်သံကို မျှော်လင့်ရင်း ကျနော်တို့ကြိုးစားနေကြတာပါ။ ၀ါသနာအရ လုပ်ကြတာကလွဲလို့ မည်သည့်အမြတ်အစွန်းကိုမှ ကျနော်တို့ မမျှော်လင့် ထားကြပါဘူး။

လာခဲ့ပါ။
သေချာတာတစ်ခုက ခင်ဗျားတို့မပျင်းစေရဘူး။ ပျော်ပျော်ပါးပါး အတူတူ ဆိုကြမယ်။ အော်ကြမယ်။ ကကြမယ်။
ခင်ဗျားတို့ ရင်ဘတ်ထဲက အဆာမကြေမှုတွေကို မေ့ထားပြီး ခဏတာလောက် ပဲဖြစ်ဖြစ် အတူတူ ပျော်ကြရအောင်နော်။



ခင်မင်စွာဖြင့်
ဖန်နေ၀န်း

“ ၀မ်းတွင်းရူး “


တစ်ကယ်ဆို အနုပညာမျိုးရိုးလည်းမရှိ။ သူများတွေလို ဘိုးဘွားလက်ထက်ကလည်း ဆိုတယ်၊ ကတယ်ဆိုတာ မရှိ။ ဒုတိယကမ္ဘာစစ် အကြောင်းကလွဲလို့ တစ်ခြားမယ်မယ်ရရ မပြောပြတတ်တဲ့ ကျနော့် အဘွား။ အမေဆိုတာလည်း သားချော့တေးလောက်သာ ညည်းတာကြားဖူးတယ်။ အရွယ်ရောက်ပြီး တော်တော်ကြာကြာ ထိတောင် သီချင်းဆိုခြင်း ဆိုတာမျိုးကို သေချာမသိတတ်ခဲ့ပါဘူး။ ကြားဖူးနားဝလောက်ပဲ သီချင်းတွေနဲ့ ရင်းနှီးဖူးခဲ့တဲ့ ကျနော်ပါ။ အဲဒီပိုးက ကွန်ပြူတာဗိုင်းရစ်ပ် တွေလိုပဲ သတ်မရ၊ ပြုမရပါပဲ။ ဘယ်လို အမ်တီဗိုင်းရစ်ပ် မျိုးမှမနိုင်တဲ့ ပိုးတွေပါ။

ကျနော့်ဘ၀မှာ အဖေကရှမ်းဖြစ်လို့ ရှမ်းအဆိုတော်တွေရဲ့ သီချင်းတွေနဲ့တော့ ရင်းနှီးဖူးတယ်။ မယ်မယ်ရရတော့ မရှိလှပါဘူး။ ဆိုင်းထီးဆိုင်၊ ဆိုင်းစိုင်မော့စ် တို့ရဲ့ သီချင်းတွေပါ။ ဒါကလည်း အဖေမကြာမကြာ ဖွင့်တတ်ခဲ့လို့ပါ။ အမေကတော့ စတီရိယိုခေါတ်ဦးပိုင်း သီချင်းမျိုးပေါ့။ မြန်မာသံဘက် နွယ်တဲ့သီချင်းမျိုးတွေ နားထောင်တတ်တယ်။ ကျနော်တော်တော်အရွယ်ရောက်တဲ့ အထိ ဘိုသံ (ခေါတ်ပေါ်) သီချင်းတွေကို သိပ်အကျွမ်းတ၀င်မရှိခဲ့ပါဘူး။ ဒီလောက်နဲ့တော့ ကျနော်သီချင်းဆိုချင်တဲ့ စိတ်စေ့ဆော်မှု မရှိသေးပါဘူး။

ဆယ်တန်းဖြေပြီး ကိုးလို့ကန့်လန့်အရွယ်ရောက်တော့ မသိမသာ မိဘတွေကို ဂျစ်ကန်တတ်လာတယ်။ မိဘမကြိုက်တဲ့ သီချင်းမျိုးတွေ စပြီးကြိုက်လာခဲ့တယ်။ မဖွင့်နဲ့ နားညီးတယ်ဆိုတဲ့ သီချင်းမျိုးပဲနားထောင် ချင်လာတယ်။ စန္ဒယားသံထက် ဂစ်တာသံက ပိုပြီးခုံမင်လာစေခဲ့တယ်။ ခပ်အေးအေး သီချင်းတွေကို ငြီးငွေ့တတ်လာခဲ့တယ်။ မုန့်ဖိုးက တိတ်ခွေဖိုးတွေအတွက် အစားထိုးလာ တတ်ခဲ့တယ်။ သီချင်းစာသား တစ်လုံးချင်းစီကို အဓိပ္ပာယ်ဖော်ပြီး ခံစားတတ်လာခဲ့တယ်။ မဆီမဆိုင် သီချင်းနားထောင်ပြီး စပြီးကြေကွဲ လာတတ်သေးတယ်။ အတင်းခံစားပြီးလည်း မျက်ရည်တွေ ကျကြည့်ချင်လာခဲ့တယ်။ အသဲကွဲတာတွေကို ကြုံဖူးချင်လာတယ်။ သီချင်းတွေထဲက ဇာတ်လမ်းလေးတွေကို အကောင်အထည်ဖော် ချင်လာခဲ့ပြန်တယ်။

စပြီးအကောင်အထည် ဖော်ဖြစ်ခဲ့တာကတော့ အိမ်နားကမမတစ်ယောက် တက္ကသိုလ်ကျောင်းပိတ် လို့အိမ်ပြန်လာတဲ့အချိန်။ အဲမှာစတွေ့တာပဲ။ သီချင်းဆိုဖို့ပြောပါတယ်။ အဲဒီမမက ဂစ်တာတီးတာကို တတ်လာခဲ့တယ်။ ကျောင်းပိတ်ရက် အိမ်ပြန်လာတဲ့သမီး ဂစ်တာပိုက်လို့ပေါ့။ သူ့မိဘတွေဆိုတာ အမြင်ကပ်လိုက်ဘိခြင်း။ လူကြီးတွေဘာပဲ ပြောနေပါစေ။ နားချတာတော်တဲ့ မမကိုယ့်ခံစားချက်ကို တရားဝင်ခံစားတတ်အောင် ကျနော့်ကို ပြောပြခဲ့တယ်။ ကျနော်လည်း ခံစားချက်ကို ရှေ့တန်းတင်ပြီး ပတ်ဝန်းကျင်မှာ ခပ်ရဲရဲဆို တတ်လာခဲ့တယ်။ ဒီလိုနဲ့ ကျနော်တို့စုံတွဲသီချင်းနဲ့ သီချင်းပြိုင်ပွဲဝင်ဖို့ အခွင့်ကြုံလာခဲ့တယ်။ ကျနော်တို့ မြို့ရဲ့တစ်ခုသော သီတင်းကျွတ်ပွဲတော် မှာပါ။ အဲဒီတုန်းက ခောတ်စားတဲ့ စည်သူလွင်နဲ့အေးချမ်းမေ ရဲ့" အတူတူဆိုရင်" ဆိုတဲ့သီချင်း။ ပွဲမ၀င်ခင် အပြင်ကကျင်းပ ဆိုသလိုပေါ့။ ရက်ကွက်ထဲက ကလေးတွေကို ဓားစာခံလုပ်ပြီး ပရိတ်သတ်လုပ်ခိုင်း ခဲ့ကြသေးတယ်။ အိမ်သုံးလက်နှိပ်ဓါတ်မီး တွေက မိုက်ကရိုဖုန်း တစ်ဖြစ်လည်းပေါ့။ ကလေးတွေမပျင်းရအောင် မုန့်ပဲသရေစာလေးလည်း ကျွေးမွေးရသေး။ အမြင်ကပ်တဲ့ လူကြီးတွေကတော့ အော့ကြောကိုလန်လို့။ ဘာမှကိုမပြောကြတော့ပါဘူး။ အနုပညာခရီးကို အဲလိုလေးကျနော် မြေစမ်းခရမ်းပျိုးခဲ့ဖူးပါရဲ့။

အဲဒီကနေတစ်ဆင့် လူမသိ၊ သူမသိ သီချင်းဆိုခြင်း အနုပညာကို ရူးလာတော့တာပါပဲ။ ကြီးတောင် ကြီးမနဲ့ အမေရိုက်တာကို မှတ်မှတ်ရရခံခဲ့ ရတာလည်း ဒီသီချင်းကိစ္စကြောင့်ပါပဲ။ ကျနော်တို့မြို့နဲ့ ခုနှစ်မိုင်ကျော်ကျော် လောက်ဝေးတဲ့ မိုးမောက်ဆိုတဲ့မြို့မှာ ညအိပ်ညနေစတိတ်ရှိုးဆိုဖို့ လိုက်သွားခဲ့တယ်။ နှစ်ရက်လောက် ညသွားအိပ်ပြီး သွားကဲခဲ့တယ်။ ပြန်လာတော့ ဘယ်ပြောကောင်းမလဲ အစော်ပလော် တီးခံလိုက်ရတာ ဖျားတောင်ဖျားတယ်။ အမေရိုက်လို့ဖျားတာမဟုတ်ဘူး။ ဟိုမှာအအေးတွေမိ၊ ချောင်းတွေဆိုးပြီး ဖျားတော့တာပါပဲ။ တက္ကသိုလ်လည်းရောက်ရော Level မြင့်လာခဲ့တယ်။

အမျိုးမျိုးနဲ့ရောဂါတိုးလာတော့တာပါပဲ။ သီချင်း ၀ါသနာပါတဲ့ ဦးလေးကြောင့် ပလေးဘွိုင်းသန်းနိုင် တို့၊ ဘိုဘိုဟန်တို့ ခေါတ်တုန်းကသီချင်းတွေပါ နားထောင်ဖြစ်ခဲ့တယ်။ ဘယ်နားမှာဆိုလို့ ရမလဲဆိုတာပဲ စုံစမ်းနေခဲ့တယ်။ ကျနော်အဲဒီလောက် ရူးခဲ့တယ်။ သီချင်းဆိုချင်လွန်းလို့ တစ်ခုသောသင်္ကြန်မှာ နေကောင်းချင်ယောင်ဆောင် ခဲ့သေးတယ်။ ပြီးမှ နှစ်ဆတိုးပြီး အိပ်ယာထဲ လဲတော့တာပါပဲ။ မှတ်မှတ်ရရ ကံကောင်းချင်တော့ တယောထိုးပြီး သီချင်းဆိုတတ်တဲ့ ဦးလေးတစ်ယောက်နဲ့ အိမ်နီးနားချင်း ဖြစ်လာခဲ့တယ်။ ” ဂြိုလ်ဂုတ်ရှိရာ ဂြိုလ်ဂုတ်လာ “ ဆိုတဲ့စကားပုံကို ပြေးသတိရမိပါရဲ့။ "ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ" ၊ " တက္ကသိုလ်ကျောင်းက ငွေလမင်း" တို့ ဆိုတတ်လာခဲ့တယ်။ တယောတော့မထိုးတတ် ခဲ့ပါဘူး။ ၀ါသနာကအဆိုပဲလေ။ အဲဒီအချိန်ကစလို့ မြန်မာသံတွေပါ ဆိုတတ်မှန်း ကိုယ်တိုင်ရိပ်မိ လာခဲ့တယ်။


ဒီလိုနဲ့ ရန်ကုန်လည်းရောက်ရော ရောဂါတွေကျွမ်းနေခဲ့ပြီ။ အသက်မွေးလမ်းကြောင်းက သပ်သပ်။ ၀မ်းတွင်းရူး နေတာက တစ်ဖုံ။ ကိုယ့်ဘာသာကိုယ် လုံးချာလိုက်နေခဲ့တယ်။ အခါအခွင့်များသင့်ရင် ဘ၀ဆိုတာ တစ်ဆစ်ချိုးတတ်တယ် မလား။ ဘယ်သူကိုဖွင့်မပြောတဲ့ အိမ်မက်နဲ့ တိတ်တိတ်လေး အကောင်အထည် ဖော်ခဲ့မိပါတယ်။ ဘုရားကျောင်းမှာလည်း လိုက်ဆိုတယ်။ City FM မှာလည်း အသံသွင်း၊ ဆိုကြမယ် ပျော်ကြမယ် အတွက်လည်း ဗညားဟန်ရဲ့ " ၀ါဆိုမိုးနဲ့ ပြန်ခဲ့ပါ " သီချင်းနဲ့ ဖောင်တင်ဖူး သေးတယ်။ ဒါပေမယ့် နာဂစ်ချိန်ဆိုတော့ ပွဲပျက်ခဲ့တာပေါ့။ ၀မ်းနည်းလိုက်ပါဘိ။ ကျနော့်ဝမ်းတွင်းရူးရဲ့ Level အမြင့်ဆုံးကတော့ မြ၀တီက Melody world မှာ ပထမရိုက်ကူးရေး အထိပါခဲ့တာလောက် ပါပဲ။ " တစ်ကယ်ဆိုရင် အချစ်ပဲလိုတယ်.." တစ်ကိုယ်တော် ခွေထွက်နေတဲ့ အဆိုတော်ဖြစ်လာခဲ့တဲ့ ချမ်းချမ်း တို့နဲ့ အတူတူပေါ့။ ဒီအဆင့်မှာတင် ပြုတ်သွားခဲ့တဲ့ ကျနော် အနုပညာလောက ကနေစွန့်ခွာ လို့ လူမသိ၊ သူမသိ နုတ်ထွက်ခဲ့ပါတယ်။


အော် လူ...လူ။ ကိုယ့်အသံကို ကောင်းမှန်း၊ မကောင်းမှန်းမသိ။ ဖြစ်နိုင်လားမဖြစ်နိုင်လား မသုံးသပ်ပဲ လုပ်ချင်တာကို ဇွတ်လုပ်တတ်တဲ့ ကျနော်ပါ။ ပြီးတော့ အရေမရ၊ အဖတ်မရ ဆိုပေမယ့် အမှတ်တရ တော့အရှိသားမလား။ တစ်ခါတစ်လေ အိပ်မရတဲ့ည တွေမှာ ငါအဆိုတော်ဖြစ်ခဲ့ရင် စိတ်ကူးလိုက်ချည်သေး။ ဘ၀ဆိုတာဒီလိုပါပဲလေ။ စိတ်ကူးထားတာတွေ တစ်ချို့တစ်ဝက် အကောင်အထည် ဖော်နိုင်ပေမယ့် အများစုကတော့ စိတ်ကူးနဲ့ရူးရတာချည်း ပါပဲ။ ကုသိုလ်ကံ ပါရမီက အဆိုဘက်မှာ မပါခဲ့ဘူး ထင်မိပါရဲ့။


ခုတော့ ကျနော့်ဝမ်းတွင်းပိုးက အိနြေ္ဒရရနဲ့ပဲ ရှေ့ဆက်နေတော့တာပေါ့။ အခါအခွင့် သင့်ရင်လည်း ဒီပိုးတွေ ထကြွလာဦးမလားပဲ။ ဒါပေမယ့် ထိတ်စီးသုံးဂဏန်း ကိုမကြာခင်ရောက်တော့မယ့် အရွယ်မှ အဆိုတော်ဘ၀ကိုတော့ မရူးသွပ်မိတော့ပါဘူး။ ကျနော့်လိုပဲ ခင်ဗျားတို့ အားလုံးမှာလည်း ကိုယ်စီ၊ကိုယ်စီ ရူးသွပ်မှုလေးတွေ ရှိမယ်ထင်ပါရဲ့နော်။


( စာကြွင်း..ကောင်မလေးတောင်မှ ဂစ်တာတီးပြီး သီချင်းဆိုတတ်တဲ့ ကောင်မလေးကိုမှ ပိုပြီး ရင်ခုန်မိတယ်ဗျာ။ ရှာနေတုန်းပါပဲ။ ဘာမှတော့ မဆိုင်ပါဘူး။ ကျနော်ရူးတာကို ဆိုလိုတာပါ။ ကြေငြာဆိုလည်း ဟုတ်တာပေါ့လေ….:P )


ဖန်နေ၀န်း

Wednesday, September 1, 2010

ဒီတစ်ခါမခွဲတော့ဘူး...ယုံနော်...