Thursday, November 25, 2010

" အိပ်၍မပျော်သောညတစ်ည........"


ညတုန်းက အိပ်ယာပေါ်သာ လဲလျောင်းနေခဲ့တာ အိပ်လို့မပျော်နိုင်ခဲ့ဘူး။ စိတ်ကူးတွေကို လွယ်လွယ်နဲ့ ပေးမထွက်တဲ့ကြားထဲက အတွေးတွေဟာ သမုဒ္ဒရာတစ်စင်း ထဲမှာနှစ်မွန်း နေသလို ၀ဲနေခဲ့တယ်။ ဘ၀မှာ ရည်ရွယ်ချက်နဲ့ နည်းဗျူဟာမပါပဲ ကျွန်တော်ဘာကို လိုချင်နေခဲ့တာလဲ။ အတွေးတွေထဲ နှစ်မျှောသွား အောင်ဘယ်မာရ်နတ်ဆိုး တွေကများ ဖမ်းစားထားပါလိမ့်။ ဒီအရွယ်ကြီးရောက်မှ သူငယ်ချင်းတွေနဲ့ အတူကစားဖို့ ကိုယ်တိုင်ဖန်တီးထားတဲ့ တောလမ်းလေး တစ်နေရာကို ရှာနေမိပြန်တယ်။

တစ်ခါတစ်လေလည်း ငါ့မှာအနာဂတ်မယ်မယ်ရရ ရောရှိရဲ့လားလို့ တွေးမိပြန်တယ်။
လောကရဲ့ နောက်ထပ်လာမယ့် တရားလိုစွဲချက်တင်မှုတွေကို ငါလွတ်မြောက်နိုင်ပါ့မလား။ ဘာမှနားမလည် မသိတတ်ပဲနဲ့တော့ ဘ၀မှာ ကစားနည်းတစ်ခုကို ကစားဖို့ လွယ်ကူပါ့မလား။ တစ်ခါတစ်ခါလည်း အချိန်နဲ့ နေရာတစ်ချို့ ကိုခြေရာကောက်ပြီး စိတ်ကူးတွေကို ချည်နှောင်နေမိတယ်။ စိတ်ကူးတွေကို တိုင်းတာပြပါဆိုရင် ကမ္ဘာမြေကြီးရဲ့ အချင်းမျဉ်းတစ်ကြောင်းထဲက လက်မ၀က်စာလောက်များ ရှိနေမလား။ အတွေးထဲ မရဲတစ်ရဲ တွေးနေမိပြန်တယ်။

နေ၀င်သွားခဲ့တဲ့ ညအချိန်တစ်လျှောက်လုံး ဖြတ်သန်းပြီး ကမ္ဘာမြေရဲ့ တစ်ထောင့်တစ်နေရာကနေတောင် အလင်းရောင် တွေဖြာဖို့ တာဆူနေကြပြန်ပြီ။ ကျနော့်ရဲ့ စိတ်ကူးတွေကတော့ အစိုးမရခြင်းနဲ့ အတူ ရပ်တန့်လို့မရနိုင်သေးဘူး။ ဘာပဲပြောပြော ကျနော်အာသီသ ရှိသလောက်တော့ အတွေးတွေ ပင်လယ်ဝေ နေဦးမှာပါ။

ဒါပေမယ့်...သေချာတာတစ်ခုက ကျွန်တော် အိပ်မပျော်ဖြစ်ခဲ့တဲ့ ညကတော့ စိတ္တဇမဆန် ခဲ့ပါဘူးနော်။ ဆေးရောင်တွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ ရောင်စုံပန်းချီကားတစ်ချပ် လို့ပဲဆိုရမှာပါ။
ဒါကြောင့်
စိတ္တဇညများ ကုန်ဆုံးလွန်မြောက်ပါစေကွယ်.....လို့တော့ ကျနော် မဆိုခဲ့ လိုက်မိပါဘူး။


ဖန်နေ၀န်း

" တန်ဖိုးရှိသော.... ငါ "



ငါပိုင်သမျှ ငါ့စေရာသည်
ခဏဖြစ်ပြီး ခဏပျက်၏။

ငါ့ခြေငါ့လက် ငါ့စိတ်သည်လည်း
ယုတ်ရော်ပျက်ဆီး သွေဖယ်ခြင်းဖြင့်
အလျင်းရှောင်မရ ပျက်စီးရ၏။

ငါ၏ဘ၀ ထိုထိုများလည်း
ခဏဖြစ်ခဲ့ တည်သည်ရှိသော်
နှစ်သက်ခြင်းရာ ပိုမပါခဲ့
သဘာဝအား ထိုတရားကြောင့်
အလွှဲရှောင်မရ ပျက်စီးရ၏။

ငါ၏စကား ငါ့တရားလည်း
မုသားသိုင်းခြုံ နှောင်ဖွဲ့မြဲမို့
တန်ဖိုးရှိသော ငါ့အဖို့ဘ၀၏ဒဏ်ရာ
မှောင်သောညတို့ ရှည်လွန်းလှပါတကား။


ဖန်နေ၀န်း

Wednesday, November 24, 2010

"နောင်တ "


" မောင်မောင်ဟာ နှင်းဆီပန်းတွေ ရောင်းတဲ့ဆိုင်ရှေ့ မှာကားကို ရပ်လိုက်တယ်။ မိုင်နှစ်ရာကျော်ဝေးတဲ့ နေရာမှာနေတဲ့ မိခင်ဆီ နှင်းဆီပန်းပို့ပေးဖို့ အော်ဒါမှာပေးဖို့ ဖြစ်တယ်။ ရုတ်တရက်ကားထဲက အထွက် ကလေးမငယ်လေး တစ်ယောက် ငြိုးငယ်တဲ့အမူအရာနဲ့ မှိုင်တွေစွာ သူ့ကိုကြည့်နေခဲ့တာကို သူသတိထား မိလိုက်တယ်။ " ဘာကူညီရမလဲ " လို့သူမကို မေးလိုက်တယ်။ သူမအမေအတွက် အနီရောင် နှင်းဆီပန်းတွေ ၀ယ်ချင်ကြောင်း၊ သူမမှာ ခုနှစ်ဆယ့်ငါးပြားသာ ရှိကြောင်း၊ နှင်းဆီပန်းက နှစ်ဒေါ်လာကုန်မှာ ဖြစ်ကြောင်းကို ၀မ်းနည်းစွာ နဲ့ပြန်ဖြေခဲ့တယ်။ သူမမျက်လုံးအိမ်မှာ မျက်ရည်စတွေ ခမ်းချောက်နေခဲ့တယ်။ သူမအတွက် နှင်းဆီပန်းဝယ်ပေးမယ် ပြောပြီးဆိုင်ထဲကို လိုက်ခဲ့ဖို့ ခေါ်လာခဲ့တယ်။ ကလေးမလေး အတွက် နှင်းဆီပန်း ၀ယ်ပေးသလို သူ့အမေအတွက်ပါ အော်ဒါတစ်ခါတည်း မှာခဲ့လိုက်တယ်။ ဆိုင်ထဲကနေထွက်လာပြီး သူမကို အိမ်လိုက်ပို့ပေးရမလား သူမေးခဲ့တယ်။ ဒါပေမယ့် ကလေးမလေး လမ်းညွှန်သွားတာက လူနေအိမ်တွေဆီ မဟုတ်ပဲ သင်္ချုင်းရဲ့တစ်နေရာ ကိုဖြစ်နေခဲ့တယ်။ သူအရမ်းကို အံ့သြတုန်လှုပ် သွားမိတယ်။ ကလေးမလေးက မကြာသေးခင်ကမှ လောလောလတ်လတ် စုပုံထားတဲ့ ကျောက်စရစ်ပုံလေးပေါ်မှာ နှင်းဆီပန်းတွေကို တင်လိုက်တယ်။ ကလေးမလေး ဆီကနေငိုသံသဲ့သဲ့ ထွက်လာခဲ့တယ်။

သူချက်ချင်း နှင်းဆီပန်းဆိုင် ကိုတစ်ဟုန်ထိုး မောင်းထွက်သွားခဲ့တယ်။ သူမှာခဲ့တဲ့ နှင်းဆီပန်းအော်ဒါကို ဖျက်လိုက်တယ်။ ပြီးတော့ အကြီးဆုံးနဲ့ အလှဆုံးပန်းစည်းကို ကောက်ယူခဲ့တယ်။ ခုတော့သူ့ရဲ့ ကားလေးဟာ မိုင်းပေါင်းနှစ်ရာ ကျော်ဝေးတဲ့ သူ့ရဲ့မိခင်နေအိမ်ကို ဦးတည်သွားနေခဲ့တော့တယ်။ "

ကျနော်တို့ ဒီဇာတ်လမ်းလေးကို စမ်းစစ်ကြည့်ရင် အဖြေက ရိုးရိုးလေးပါ။ ကျနော်တို့ဟာ ကျနော်တို့ရဲ့ မိဘတွေအပေါ် အတုအယောင် မေတ္တာတွေ မပေးမိဖို့ သိပ်ကိုအရေးကြီး ပါတယ်။ စစ်မှန်တဲ့ ချစ်ခြင်းနဲ့အတူ သူတို့အတွက် ပျော်ရွှင်မှုကို ပေးစွမ်းနိုင်ရပါမယ်။ မိဘတွေဟာ ကျနော်တို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာ တစ်ပါးပါ။ မိဘတွေကို ဂရုစိုက်ပါ။ ကြင်နာပါ။ တစ်ကယ်လို့ သူတို့ကမ္ဘာလောကကြီး ကနေထွက်ခွာ သွားခဲ့ပြီဆို ကျနော်တို့အားလုံးမှာ ကျန်ရစ်ခဲ့တာ တစ်ခုပဲရှိပါတယ်။
အဲဒါကတော့ " နောင်တတရား " ပါပဲ။


ဖန်နေ၀န်း
( ပဝေနသီက ရေးထားတာကို ပြန်တင်ပါတယ်။ လမ်းကြုံရင် ၀င်ဖတ်သွားဖို့ပါ။ ဇာတ်လမ်းက Internet ဘယ်နားကမှန်း မသိတော့ပါဘူး....)

Tuesday, November 23, 2010

" အထီးကျန်သစ်ပင် "



ငါ့ဘ၀ခရီး တွေဟာ
မှောင်မည်းနေတဲ့ ညအချိန်တွေမှာရော..
အလင်းရှိတဲ့ နေ့တွေမှာပါ အထီးကျန်ဆန်လွန်းနေတတ်တယ်။


အထီးကျန်သစ်ပင်ရဲ့ ရှင်သန်မှုဟာ..
ဆုံးရှုံးမှုတွေ၊ အံသြမှုတွေ၊ ရှုပ်ထွေးမှုတွေနဲ့
ပြီးတော့...အသည်းကွဲမှုတွေရောပေါ့။

ကမ္ဘာမြေကြီးရဲ့ ဆွဲငင်မှုကြောင့်သာ ရပ်တည်နေနိုင်တာပါ..
အေးခဲတောင့်တင်းနေတဲ့ " ဆောင်းသစ်ပင် " တစ်ပင်နဲ့အလားတူပါပဲ။

ငါ့ရဲ့
အထီးကျန်တဲ့ အပြုံးတွေကြားမှာ
ကြေကွဲမှုနဲ့ငါ့မျက်ရည်တွေ ငိုကြွေးနေကြတယ်။
နေရာတိုင်းမှာလည်း ငါမရှိတော့ဘူးလို့ ခံစားနေရတယ်...
ဝိဥာဉ်မဲ့ခန္ဓာနဲ့ အတူအထီးကျန် နေ့ရက်တွေကို ဘယ်လောက်ထိ များဖြတ်သန်း နေရဦးမှာလဲ။

တစ်စက္ကန့်ရဲ့ အပုံလေးတွေလောက်...
ဒဿမလေးတွေရဲ့ အပိုင်းအစ လေးတွေလောက်တောင်
ငါ့မှာ ပျော်ရွင်မှု မရှိတော့ပါဘူး။

တစ်ကယ်တော့

အခုလို အထီးကျန်နေရတာဟာ......။



ဖန်နေ၀န်း

" သူမ "

သူမသိပ်လှပေမယ့် နောက်ဆုံးပေါ်အ၀တ်အစား သိပ်မရှိဘူး။ သူမဗီရိုအပြည့် အ၀တ်အစား မရှိဘူး။ နေရာဒေသ လိုက်ပြီးတော့ ခေတ်မှီအောင် ပြင်ဆင်တတ်တယ်။ ရှိသမျှတော့ သပ်သပ်ရပ်ရပ် ထားတတ်တယ်။ မိန်းကလေး အများစုအိမ်မှာ နေရင်းဝတ်ကြတဲ့ စပတ်ဂါဝန်ရှည်ကြီးတွေ သူမဘယ်တော့မှ မ၀တ်ဘူး။ မျက်နှာပြောင်နဲ့ အနေများပြီး၊ ရေချိုးပြီးရင် သနပ်ခါးလိမ်းထား တတ်တယ်။ ဆံပင်ကို နောက်ဖက်မှာ ကြုံသလိုစုစည်း မထားတတ်ဘူး။ မတိုမရှည် ဆံပင်လေးကို ခပ်ဝဲ၀ဲလေး အမြဲချထားတတ်တယ်။ သူမဘောင်းဘီ၊ စကန့်ပေါင်လယ်လောက် ဘယ်တော့မှ မ၀တ်တတ်ဘူး။ သူမဂျင်းပင်အရှည်လေးနဲ့ ကိုယ်ကျပ် အင်္ကျီပြောင်လေး တွေတွဲဝတ်တတ်တယ်။ ခါးပတ်သေးသေးလေးတွေ ပတ်တာကို သူမသဘောကျ တတ်တယ်။ ပွဲလမ်းသဘင် သွားရင်သိပ်မရိုင်းတဲ့ ဂါဝန်လေးတွေ ၀တ်တတ်တယ်။ သူမလယ်ဟိုက်တွေ ၀တ်လေ့မရှိဘူး။ အလှသိပ်မပြင်ပဲ သပ်သပ်ရပ်ရပ် နေထိုင်တတ်တယ်။ သူမနှုတ်ခမ်းနီ ရဲရဲဘယ်တော့မှဆိုးလေ့ မရှိဘူး။ မျက်လုံးမှာ ကာခြယ်အရောင် တွေမဆိုးတတ်ဘူး။ သူမကို ကြည့်လိုက်ရင် နိုင်ငံခြားမော်ဒယ်တွေလို စမတ်ကျပြီး သိပ်လှနေတတ်တယ်။ Brand အကောင်းစားတွေ သူမသုံးလေ့မရှိသလို ဖန်စီတန်ဆာ တွေလည်းသုံးလေ့ မရှိဘူး။ သူမ Discount ချသမျှ လိုက်ဝယ်လေ့မရှိဘူး။ အသုံးမတည့်ပဲ အပိုဆိုတာမျိုး သူမဘယ်တော့မှ ကြိုဝယ်မထားတတ်ဘူး။ သူမမှာ Brand မျိုးစုံဖိနပ် လှလှလေးတွေ အများကြီး မရှိဘူး။ သူမက ပန်းမပန်ပေမယ့် ပန်းပုံစံကလစ်လေး တစ်ခုခုကို ခေါင်းတစ်ဖက်ဖက်မှာ အလှပန်ထားလေ့ ရှိတယ်။ သူမတက္ကသိုလ်မှာ Queen သာရခဲ့သာ အလှသိပ်မပြင် ခဲ့ရဘူး။

သူမ ဓါတ်ပုံသိပ်မရိုက်ဘူး။ အ၀တ်အစားအသစ် ၀တ်တိုင်းဓါတ်ပုံရိုက်ပြီး ဖေ့ဘွတ်ပေါ် မတင်တတ်ဘူး။ သူများဓါတ်ပုံတွေမှာ မည်သို့သောကော့်မက် မျိုးမှပေးလေ့ မရှိဘူး။ ချက်တင်ထိုင်တာ ၀ါသနာမပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောတတ်ပြီး အီစကလီ မလုပ်တတ်ဘူး။ သူမစာရေး၊ စာဖတ်ဝါသနာ ပါတယ်။ စာပေဗဟုသုတ တော်တော်ရှိတယ်။ တစ်ခြားမိန်းကလေးတွေလို အလှအပအကြောင်းထက် စာပေအကြောင်း၊ ကမ္ဘာကြီးအကြောင်း၊ အနုပညာခံစားမှု တွေသာလျှင် သူမပြောလေ့ ပြောထရှိတယ်။ သူမမှာ ကိုယ်ပိုင်ဘလော့ လည်းရှိတယ်။ ဂီတာကောင်းကောင်း တီးတတ်ပြီး၊ သီချင်းတော်တော် များများကို ဆိုနိုင်တယ်။ သူမမှာ သူငယ်ချင်းမိတ်ဆွေ သိပ်မရှိဘူး။ သူမနဲ့သိသလောက်ကို သိပ်ခင်တတ်တယ်။ သူမရုပ်ရှင်ကြိုက်တယ်။ တစ်ယောက်တည်း သွားကြည့်လေ့ရှိတယ်။ သူမလက်ဖက်ရည် မကြိုက်ပဲ ကော်ဖီခါးခါးနေ့တိုင်း သောက်တတ်တယ်။ ဘယ်တော့မှ လိမ်မပြောတတ်သလို အတင်းလည်း မပြောတတ်ဘူး။ ဘယ်ကိုးရီးယားမင်းသား အကြောင်းကိုမှ ဟက်ဟက်ပက်ပက် ပြောလေ့မရှိဘူး။ ဒါပေမယ့် သူမသိပ်ကြိုက်တဲ့ မန်ယူအကြောင်း၊ ဖာဂူဆန်နဲ့ မောရင်ဟိုတို့ အကြောင်း၊ ဒေးဗစ်ဘက်ဟမ်း၊ မက်စီ၊ စီရော်နယ်ဒို ရှိရှိသမျှ ဘောလုံးသမား တွေအကြောင်းကို သူမနှံ့နှံ့စပ်စပ် သိတယ်။ သူမအားကစားလုပ်တာ ၀ါသနာပါတယ်။ ကြက်တောင်ရိုက်လေ့ ရှိတယ်။ လမ်းလျှောက်တာ၊ ပြေးတာလည်း ပုံမှန်လုပ်တတ်တယ်။ သူမက မာနမကြီးပေမယ့် အရယ်၊ အပြုံးနည်းတယ်။ သိပ်ရင်းနှီးသွားခဲ့ရင်တော့ ရယ်စရာတွေ သိပ်ပြောပြတတ်တယ်။ သူမဘာသာရေးလည်း ကိုင်းရှိုင်းတယ်။ သူမဘယ်တော့မှ ဗေဒင်မကြည့်ဘူး။ ဘာသာခြားတွေကိုလည်း ဘယ်တော့မှ ပုတ်ခတ်ပြောဆိုလေ့ မရှိဘူး။ သူမဘုရားသွားရင် လုံခြည်လိုမျိုး လုံလုံခြုံခြုံ ၀တ်သွားတတ်ပြီး ပုပါတစ်ထည် အမြဲပါတတ်တယ်။

အပေါင်းအသင်းတွေနဲ့ လျှောက်လည်ရင် သူမက ကင်မရာမင်းပဲ လုပ်တယ်။ သူမ သဘောကျတာက လှပတဲ့ရှုခင်းတွေ ကိုဓါတ်ပုံရိုက်ရတာ။ သူမမွေးနေ့ ပါတီပွဲတွေ လုပ်လေ့မရှိဘူး။ ပျော်ပွဲရွှင်ပွဲတွေကို သူမသွားခဲတယ်။ သူမ၀တ်ဖို့ တစ်ပွဲတစ်ထည် သူမလိုက်ဝယ်လေ့ မရှိဘူး။ သွားခဲ့ရင်လည်း ပတ်စာခွာဖျာသိမ်း သူမအကုန် လုပ်ကူတတ်တယ်။ သူမဘယ်တော့မှ ရှေ့ဧကြိုလုပ်လေ့မရှိဘူး။ ဒါပေမယ့် သူမမိတ်ဆွေ တစ်ခုခုဒုက္ခ ရောက်တာမျိုးဆို အစွမ်းကုန် ကူညီတတ်တယ်။ သူမအပေါင်းအသင်း တွေကြားမှာ သူမကိုနားလည်ရခက်တယ် ပြောကြပေမယ့် ခင်မင်ကြတယ်။ သူမမှာမာန်မာန မရှိဘူး။ လူတိုင်းကို ဖော်ရွေတတ်တယ်။ ယောင်္ကျားလေး သူငယ်ချင်းတွေနဲ့လည်း ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံ တတ်တယ်။ ရှက်သလို၊ ကြောက်သလိုနဲ့ ပဲမပေးတတ်ဘူး။ သူမအချစ်ကို မကိုးကွယ်တတ်ဘူး။ လိမ္မာပါးနပ်စွာနဲ့ ရှောင်တိမ်းတတ်တယ်။ သူမရဲ့ သူငယ်ချင်း ယောင်္ကျားလေး တိုင်းကသွေးတိုး စမ်းချင်ကြပေမယ့် အနေအထိုင်တတ်လွန်းတဲ့ သူမကြောင့် စည်းမကျော် နိုင်ကြဘူး။

ကိုယ်တိုင်လည်း စည်းကျော်ချင်ခဲ့ပေမယ့်........................။



ဖန်နေ၀န်း

ယီး..လေလေ့...ယီးလေလေး ။



မှတ်မှတ်ရရ ဒီညက တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်နေ့။

မျက်လုံးကို အလင်းရောင် ဖျော့ဖျော့လာထိပြီး မနိုးစဖူး တစ်ရေးနိုးလာခဲ့တယ်။ လရောင်နဲ့ မရင်းနှီးတာ တော်တော်တောင်ကြာ နေခဲ့ပါပြီ။ လှဲနေရင်းပဲ လမင်းကြီးကို မျက်နှာချင်းဆိုင် မြင်နေရတယ်။ ကြည့်နေရင်းပဲ ပြုံးပြနှုတ်ဆက် နေသယောင် အသက်ဝင် လာတယ်။ သိပ်ရင်းနှီးဖူးခဲ့တဲ့ မိတ်ဆွေဟောင်း တစ်ယောက် ပြန်တွေ့ရသလို ရင်ထဲမှာ ကြည်နူးလာ ခဲ့တယ်။ လမင်းကြီးကို တိတ်တဆိတ် ကိုယ်တစ်ယောက်တည်း အပိုင်သိမ်းရင်း ရင်ထဲမှာ ခံစားမှုတစ်မျိုး လှိုက်တက်လာ ခဲ့မိတယ်။ လမင်းကြီးက အမေ့ကိုသတိရအောင် စိတ်ကိုတိမ်းညွှတ် ခေါ်သွားခဲ့ပြန်တယ်။ အမေ့မျက်နှာဟာ လမင်းရဲ့ မျက်နှာပြင်မှာ တင်ဟပ်လာသလို ခံစားမိ လာရတယ်။ ရုတ်တရက် ထထိုင်လိုက်ပြီး ပြတင်းပေါက် ကနေ " အမေ..."လို့ တိုးတိုးလေး ခေါ်လိုက်မိတယ်။ ရင်ထဲမှာ ဆို့နှစ်တက်လာတဲ့ သတိရခြင်းတွေကြောင့် လမင်းကြီးကိုတောင် သဲသဲကွဲကွဲ ကျနော် မမြင်နိုင်တော့ပါဘူး။ အလိုလိုနေရင်း ကျနော်မငိုပါပဲနဲ့ မျက်ရည်တွေ စီးကျနေခဲ့တယ်။ လရောင်နဲ့ ဝေးနေသလို၊ ကျနော်ချစ်တဲ့ အမေနဲ့ ဝေးနေခဲ့တာ ဘယ်နှစ်နှစ်မြှောက် ရှိနေခဲ့ပြီလဲ။ နှစ်တွေကို လက်ချိုးပြီး ရေဖို့တောင်တုန်ရီ နေခဲ့မိတယ်။ လရောင်အောက်က အထပ်မြင့်တိုက်ခန်းတစ်ခု ထဲမှာသားဒီည အမေ့ကိုသတိရလို့ ငိုလိုက်ပါရစေ။ ငယ်ငယ်တုန်းက ခုလိုလသာတဲ့ ညတွေမှာဆို အမေက " ယီး..လေလေ့...ယီးလေလေး " ဆိုပြတာကို သားခုထိ အမှတ်ရနေတုန်းပါပဲ။ အမေ့ရဲ့ သီချင်းသံနဲ့ ဖိုးလမင်းကြီးကို ငေးကြည့်ရတာ ကြိုက်လွန်းလို့ သားကမအိပ်ချင်အောင် မျက်လုံးကို အမြဲပြူး ထားခဲ့တာလေ။ သားမှတ်မိသေးတာပေါ့ အမေရယ်။

အမေ။
သားအခုအိပ်မပျော်နိုင်သေးဘူး။ အမေရော အိပ်ပျော်နေပြီလား။ သားအမေ့ကို ရင်ထဲကနေ ရိုသေစွာ ကန်တော့လိုက်ပါတယ်။ အမေလည်း ခုလိုလသာတဲ့ညဆို သားကိုသတိရနေမှာ သားသိပါတယ်။ တစ်ကယ်လို့ အမေလည်း အိပ်မပျော်ခဲ့ရင် သား " ယီး..လေလေ့...ယီးလေလေး .." ပြန်ဆိုပြမယ်။ အမေလည်း လမင်းကြီးကိုပဲ ကြည့်နေပါနော်။ သားအမေ့ကို အရမ်းချစ်ပါတယ်ဗျာ။
ဖိုးလမင်းကြီးရေ အမေ့ကို သိပ်ချစ်တဲ့ အကြောင်းပြောပြ ပေးပါနော်။
(၁)
မုန်တိုင်းကထန်၊ ချောင်းလလျှံ.....

ဝဲသံကကြွေး၊ လှိုင်းကဖွေး.....

ယီး..လေလေ့...ယီးလေလေး ။

(၂)
မိုးပေါက်ကနာ၊ ဖြုတ်ကလာ.....

လမ်းတာကဝေး၊ လေကအေး.....

ယီး..လေလေ့...ယီးလေလေး ။

(၃)
အိုချင်းတို့ရေ.... တို့တစ်တွေ.....

လှော်လေအပြေး၊ ယက်ဖွေးဖွေး

ယီး..လေလေ့...ယီးလေလေး ။

(၄)
နေမင်းဖန်ဝါ၊ ယွန်းတော့ရှာ

အိပ်ပါလူလေး၊ မေ့ရင်သွေး......

ယီး..လေလေ့...ယီးလေလေး ။

(၅)
ငှက်မ၊ ငှက်ဖို သိုက်မြုံခို

သံချိုမကြွေး၊ အိပ်ပြီလေး.....

ယီး..လေလေ့...ယီးလေလေး ။

(၆)
ရနံ့မထုံ၊ ပန်းဝတ်မှုန်

ပန်းငုံမှာကွေး၊ အိပ်ပြီလေး....

ယီး..လေလေ့...ယီးလေလေး ။

(၇)
လမင်းသော်တာ၊ ရောင်ခြည်ဖြာ

အိပ်ပါလူလေး၊ မေ့ရင်သွေး......

ယီး..လေလေ့...ယီးလေလေး ။


ဖန်နေ၀န်း
( ဆရာမင်းသုဝဏ်ရဲ့ ကဗျာကို အဆိုတော် ချမ်းချမ်းကသီဆိုထားပြီး " ရွာ " ဆိုတဲ့ ဇာတ်ကားရဲ့ ဇာတ်ဝင် သီချင်း လေးဟာ ကျနော့်ရင်ကို လှုပ်ခတ်စေခဲ့ပါတယ်။ သီချင်းကိုနားထောင်ပြီး ချရေးထားပါသဖြင့် စာလုံုံးလေးများ လွဲခဲ့သည်ရှိသော် အမှန်ကိုထောက်ပြ ပေးပါရန်တောင်းခံ အပ်ပါတယ်။ ကျနော်နှင့်ဘ၀တူ မိဘနဲ့ဝေးနေခဲ့ရင် ထပ်တူထပ်မျှ ခံစားရလိမ့်မယ်လို့ ထင်ပါတယ်။ )

" ယီးလေလေ့ ယီးလေလေး ..."