Friday, September 3, 2010


“ ၀မ်းတွင်းရူး “


တစ်ကယ်ဆို အနုပညာမျိုးရိုးလည်းမရှိ။ သူများတွေလို ဘိုးဘွားလက်ထက်ကလည်း ဆိုတယ်၊ ကတယ်ဆိုတာ မရှိ။ ဒုတိယကမ္ဘာစစ် အကြောင်းကလွဲလို့ တစ်ခြားမယ်မယ်ရရ မပြောပြတတ်တဲ့ ကျနော့် အဘွား။ အမေဆိုတာလည်း သားချော့တေးလောက်သာ ညည်းတာကြားဖူးတယ်။ အရွယ်ရောက်ပြီး တော်တော်ကြာကြာ ထိတောင် သီချင်းဆိုခြင်း ဆိုတာမျိုးကို သေချာမသိတတ်ခဲ့ပါဘူး။ ကြားဖူးနားဝလောက်ပဲ သီချင်းတွေနဲ့ ရင်းနှီးဖူးခဲ့တဲ့ ကျနော်ပါ။ အဲဒီပိုးက ကွန်ပြူတာဗိုင်းရစ်ပ် တွေလိုပဲ သတ်မရ၊ ပြုမရပါပဲ။ ဘယ်လို အမ်တီဗိုင်းရစ်ပ် မျိုးမှမနိုင်တဲ့ ပိုးတွေပါ။

ကျနော့်ဘ၀မှာ အဖေကရှမ်းဖြစ်လို့ ရှမ်းအဆိုတော်တွေရဲ့ သီချင်းတွေနဲ့တော့ ရင်းနှီးဖူးတယ်။ မယ်မယ်ရရတော့ မရှိလှပါဘူး။ ဆိုင်းထီးဆိုင်၊ ဆိုင်းစိုင်မော့စ် တို့ရဲ့ သီချင်းတွေပါ။ ဒါကလည်း အဖေမကြာမကြာ ဖွင့်တတ်ခဲ့လို့ပါ။ အမေကတော့ စတီရိယိုခေါတ်ဦးပိုင်း သီချင်းမျိုးပေါ့။ မြန်မာသံဘက် နွယ်တဲ့သီချင်းမျိုးတွေ နားထောင်တတ်တယ်။ ကျနော်တော်တော်အရွယ်ရောက်တဲ့ အထိ ဘိုသံ (ခေါတ်ပေါ်) သီချင်းတွေကို သိပ်အကျွမ်းတ၀င်မရှိခဲ့ပါဘူး။ ဒီလောက်နဲ့တော့ ကျနော်သီချင်းဆိုချင်တဲ့ စိတ်စေ့ဆော်မှု မရှိသေးပါဘူး။

ဆယ်တန်းဖြေပြီး ကိုးလို့ကန့်လန့်အရွယ်ရောက်တော့ မသိမသာ မိဘတွေကို ဂျစ်ကန်တတ်လာတယ်။ မိဘမကြိုက်တဲ့ သီချင်းမျိုးတွေ စပြီးကြိုက်လာခဲ့တယ်။ မဖွင့်နဲ့ နားညီးတယ်ဆိုတဲ့ သီချင်းမျိုးပဲနားထောင် ချင်လာတယ်။ စန္ဒယားသံထက် ဂစ်တာသံက ပိုပြီးခုံမင်လာစေခဲ့တယ်။ ခပ်အေးအေး သီချင်းတွေကို ငြီးငွေ့တတ်လာခဲ့တယ်။ မုန့်ဖိုးက တိတ်ခွေဖိုးတွေအတွက် အစားထိုးလာ တတ်ခဲ့တယ်။ သီချင်းစာသား တစ်လုံးချင်းစီကို အဓိပ္ပာယ်ဖော်ပြီး ခံစားတတ်လာခဲ့တယ်။ မဆီမဆိုင် သီချင်းနားထောင်ပြီး စပြီးကြေကွဲ လာတတ်သေးတယ်။ အတင်းခံစားပြီးလည်း မျက်ရည်တွေ ကျကြည့်ချင်လာခဲ့တယ်။ အသဲကွဲတာတွေကို ကြုံဖူးချင်လာတယ်။ သီချင်းတွေထဲက ဇာတ်လမ်းလေးတွေကို အကောင်အထည်ဖော် ချင်လာခဲ့ပြန်တယ်။

စပြီးအကောင်အထည် ဖော်ဖြစ်ခဲ့တာကတော့ အိမ်နားကမမတစ်ယောက် တက္ကသိုလ်ကျောင်းပိတ် လို့အိမ်ပြန်လာတဲ့အချိန်။ အဲမှာစတွေ့တာပဲ။ သီချင်းဆိုဖို့ပြောပါတယ်။ အဲဒီမမက ဂစ်တာတီးတာကို တတ်လာခဲ့တယ်။ ကျောင်းပိတ်ရက် အိမ်ပြန်လာတဲ့သမီး ဂစ်တာပိုက်လို့ပေါ့။ သူ့မိဘတွေဆိုတာ အမြင်ကပ်လိုက်ဘိခြင်း။ လူကြီးတွေဘာပဲ ပြောနေပါစေ။ နားချတာတော်တဲ့ မမကိုယ့်ခံစားချက်ကို တရားဝင်ခံစားတတ်အောင် ကျနော့်ကို ပြောပြခဲ့တယ်။ ကျနော်လည်း ခံစားချက်ကို ရှေ့တန်းတင်ပြီး ပတ်ဝန်းကျင်မှာ ခပ်ရဲရဲဆို တတ်လာခဲ့တယ်။ ဒီလိုနဲ့ ကျနော်တို့စုံတွဲသီချင်းနဲ့ သီချင်းပြိုင်ပွဲဝင်ဖို့ အခွင့်ကြုံလာခဲ့တယ်။ ကျနော်တို့ မြို့ရဲ့တစ်ခုသော သီတင်းကျွတ်ပွဲတော် မှာပါ။ အဲဒီတုန်းက ခောတ်စားတဲ့ စည်သူလွင်နဲ့အေးချမ်းမေ ရဲ့" အတူတူဆိုရင်" ဆိုတဲ့သီချင်း။ ပွဲမ၀င်ခင် အပြင်ကကျင်းပ ဆိုသလိုပေါ့။ ရက်ကွက်ထဲက ကလေးတွေကို ဓားစာခံလုပ်ပြီး ပရိတ်သတ်လုပ်ခိုင်း ခဲ့ကြသေးတယ်။ အိမ်သုံးလက်နှိပ်ဓါတ်မီး တွေက မိုက်ကရိုဖုန်း တစ်ဖြစ်လည်းပေါ့။ ကလေးတွေမပျင်းရအောင် မုန့်ပဲသရေစာလေးလည်း ကျွေးမွေးရသေး။ အမြင်ကပ်တဲ့ လူကြီးတွေကတော့ အော့ကြောကိုလန်လို့။ ဘာမှကိုမပြောကြတော့ပါဘူး။ အနုပညာခရီးကို အဲလိုလေးကျနော် မြေစမ်းခရမ်းပျိုးခဲ့ဖူးပါရဲ့။

အဲဒီကနေတစ်ဆင့် လူမသိ၊ သူမသိ သီချင်းဆိုခြင်း အနုပညာကို ရူးလာတော့တာပါပဲ။ ကြီးတောင် ကြီးမနဲ့ အမေရိုက်တာကို မှတ်မှတ်ရရခံခဲ့ ရတာလည်း ဒီသီချင်းကိစ္စကြောင့်ပါပဲ။ ကျနော်တို့မြို့နဲ့ ခုနှစ်မိုင်ကျော်ကျော် လောက်ဝေးတဲ့ မိုးမောက်ဆိုတဲ့မြို့မှာ ညအိပ်ညနေစတိတ်ရှိုးဆိုဖို့ လိုက်သွားခဲ့တယ်။ နှစ်ရက်လောက် ညသွားအိပ်ပြီး သွားကဲခဲ့တယ်။ ပြန်လာတော့ ဘယ်ပြောကောင်းမလဲ အစော်ပလော် တီးခံလိုက်ရတာ ဖျားတောင်ဖျားတယ်။ အမေရိုက်လို့ဖျားတာမဟုတ်ဘူး။ ဟိုမှာအအေးတွေမိ၊ ချောင်းတွေဆိုးပြီး ဖျားတော့တာပါပဲ။ တက္ကသိုလ်လည်းရောက်ရော Level မြင့်လာခဲ့တယ်။

အမျိုးမျိုးနဲ့ရောဂါတိုးလာတော့တာပါပဲ။ သီချင်း ၀ါသနာပါတဲ့ ဦးလေးကြောင့် ပလေးဘွိုင်းသန်းနိုင် တို့၊ ဘိုဘိုဟန်တို့ ခေါတ်တုန်းကသီချင်းတွေပါ နားထောင်ဖြစ်ခဲ့တယ်။ ဘယ်နားမှာဆိုလို့ ရမလဲဆိုတာပဲ စုံစမ်းနေခဲ့တယ်။ ကျနော်အဲဒီလောက် ရူးခဲ့တယ်။ သီချင်းဆိုချင်လွန်းလို့ တစ်ခုသောသင်္ကြန်မှာ နေကောင်းချင်ယောင်ဆောင် ခဲ့သေးတယ်။ ပြီးမှ နှစ်ဆတိုးပြီး အိပ်ယာထဲ လဲတော့တာပါပဲ။ မှတ်မှတ်ရရ ကံကောင်းချင်တော့ တယောထိုးပြီး သီချင်းဆိုတတ်တဲ့ ဦးလေးတစ်ယောက်နဲ့ အိမ်နီးနားချင်း ဖြစ်လာခဲ့တယ်။ ” ဂြိုလ်ဂုတ်ရှိရာ ဂြိုလ်ဂုတ်လာ “ ဆိုတဲ့စကားပုံကို ပြေးသတိရမိပါရဲ့။ "ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ" ၊ " တက္ကသိုလ်ကျောင်းက ငွေလမင်း" တို့ ဆိုတတ်လာခဲ့တယ်။ တယောတော့မထိုးတတ် ခဲ့ပါဘူး။ ၀ါသနာကအဆိုပဲလေ။ အဲဒီအချိန်ကစလို့ မြန်မာသံတွေပါ ဆိုတတ်မှန်း ကိုယ်တိုင်ရိပ်မိ လာခဲ့တယ်။


ဒီလိုနဲ့ ရန်ကုန်လည်းရောက်ရော ရောဂါတွေကျွမ်းနေခဲ့ပြီ။ အသက်မွေးလမ်းကြောင်းက သပ်သပ်။ ၀မ်းတွင်းရူး နေတာက တစ်ဖုံ။ ကိုယ့်ဘာသာကိုယ် လုံးချာလိုက်နေခဲ့တယ်။ အခါအခွင့်များသင့်ရင် ဘ၀ဆိုတာ တစ်ဆစ်ချိုးတတ်တယ် မလား။ ဘယ်သူကိုဖွင့်မပြောတဲ့ အိမ်မက်နဲ့ တိတ်တိတ်လေး အကောင်အထည် ဖော်ခဲ့မိပါတယ်။ ဘုရားကျောင်းမှာလည်း လိုက်ဆိုတယ်။ City FM မှာလည်း အသံသွင်း၊ ဆိုကြမယ် ပျော်ကြမယ် အတွက်လည်း ဗညားဟန်ရဲ့ " ၀ါဆိုမိုးနဲ့ ပြန်ခဲ့ပါ " သီချင်းနဲ့ ဖောင်တင်ဖူး သေးတယ်။ ဒါပေမယ့် နာဂစ်ချိန်ဆိုတော့ ပွဲပျက်ခဲ့တာပေါ့။ ၀မ်းနည်းလိုက်ပါဘိ။ ကျနော့်ဝမ်းတွင်းရူးရဲ့ Level အမြင့်ဆုံးကတော့ မြ၀တီက Melody world မှာ ပထမရိုက်ကူးရေး အထိပါခဲ့တာလောက် ပါပဲ။ " တစ်ကယ်ဆိုရင် အချစ်ပဲလိုတယ်.." တစ်ကိုယ်တော် ခွေထွက်နေတဲ့ အဆိုတော်ဖြစ်လာခဲ့တဲ့ ချမ်းချမ်း တို့နဲ့ အတူတူပေါ့။ ဒီအဆင့်မှာတင် ပြုတ်သွားခဲ့တဲ့ ကျနော် အနုပညာလောက ကနေစွန့်ခွာ လို့ လူမသိ၊ သူမသိ နုတ်ထွက်ခဲ့ပါတယ်။


အော် လူ...လူ။ ကိုယ့်အသံကို ကောင်းမှန်း၊ မကောင်းမှန်းမသိ။ ဖြစ်နိုင်လားမဖြစ်နိုင်လား မသုံးသပ်ပဲ လုပ်ချင်တာကို ဇွတ်လုပ်တတ်တဲ့ ကျနော်ပါ။ ပြီးတော့ အရေမရ၊ အဖတ်မရ ဆိုပေမယ့် အမှတ်တရ တော့အရှိသားမလား။ တစ်ခါတစ်လေ အိပ်မရတဲ့ည တွေမှာ ငါအဆိုတော်ဖြစ်ခဲ့ရင် စိတ်ကူးလိုက်ချည်သေး။ ဘ၀ဆိုတာဒီလိုပါပဲလေ။ စိတ်ကူးထားတာတွေ တစ်ချို့တစ်ဝက် အကောင်အထည် ဖော်နိုင်ပေမယ့် အများစုကတော့ စိတ်ကူးနဲ့ရူးရတာချည်း ပါပဲ။ ကုသိုလ်ကံ ပါရမီက အဆိုဘက်မှာ မပါခဲ့ဘူး ထင်မိပါရဲ့။


ခုတော့ ကျနော့်ဝမ်းတွင်းပိုးက အိနြေ္ဒရရနဲ့ပဲ ရှေ့ဆက်နေတော့တာပေါ့။ အခါအခွင့် သင့်ရင်လည်း ဒီပိုးတွေ ထကြွလာဦးမလားပဲ။ ဒါပေမယ့် ထိတ်စီးသုံးဂဏန်း ကိုမကြာခင်ရောက်တော့မယ့် အရွယ်မှ အဆိုတော်ဘ၀ကိုတော့ မရူးသွပ်မိတော့ပါဘူး။ ကျနော့်လိုပဲ ခင်ဗျားတို့ အားလုံးမှာလည်း ကိုယ်စီ၊ကိုယ်စီ ရူးသွပ်မှုလေးတွေ ရှိမယ်ထင်ပါရဲ့နော်။


( စာကြွင်း..ကောင်မလေးတောင်မှ ဂစ်တာတီးပြီး သီချင်းဆိုတတ်တဲ့ ကောင်မလေးကိုမှ ပိုပြီး ရင်ခုန်မိတယ်ဗျာ။ ရှာနေတုန်းပါပဲ။ ဘာမှတော့ မဆိုင်ပါဘူး။ ကျနော်ရူးတာကို ဆိုလိုတာပါ။ ကြေငြာဆိုလည်း ဟုတ်တာပေါ့လေ….:P )


ဖန်နေ၀န်း

Wednesday, September 1, 2010

ဒီတစ်ခါမခွဲတော့ဘူး...ယုံနော်...

Monday, August 30, 2010


“ မအိုသေးပါဘူး အဖေရယ်…”


အဖေက အသက်ကြီးပြီ ဘာမှမလိုဘူး..ဘာမှမပို့နဲ့ “ ဖုန်းဆက်တိုင်း ပြောတယ်။

ကျနော် လူပျိုပေါက် အရွယ်ကတည်းက အဖေက ကျနော်တို့ ညီအစ်ကို နှစ်ယောက်မ၀တ်တော့ တဲ့အ၀တ်များကို သာဝတ်လေ့ရှိတယ်။ တစ်ခါတစ်ရံ အင်္ကျီတွေက အဖေ့အသက်အရွယ်နှင့် မလိုက်မဖက် ဖြစ်နေတော့ “ တော်ကလည်း ဘုန်းကြီးကျောင်းသွားမှာကို ဘာတွေဝတ်နေတာလဲ..” ဆိုပြီးအမေက သတိပေးရတယ်။ အိမ်မှာ အဖေ့ဘော်ဒါတွေ လာလည်ရင် အဖေ့ကို တယ်ခေါတ်မှီသကိုးလို့ နောက်ပြောင်နေမြဲ။ အေးအေးနေပြီး စိုက်ပျိုးရေးဝါသနာပါတဲ့ အဖေက သားသမီးတွေကို ကြတော့ ခေတ်မှီပညာတတ်ကြီးတွေ ဖြစ်စေချင်တယ်။ အရွယ်ရောက်ကတည်းက ကိုယ်တိုင်ထိန်းကျောင်းနိုင်အောင် ပြောပြနေကြ။ အဖေက ရိုးအေးတယ်ဆိုပေမယ့် သားသမီးနဲ့ ပွင့်ပွင့်လင်းလင်း နေလေ့ရှိတယ်။

သားနှစ်ယောက်နဲ့ သမီးအငယ်ဆုံးကို သူငယ်ချင်းလို နေပေးတတ်တယ်။ ကျနော်က အမေတူမို့ အဖေ့ထက်အရပ်ပို ရှည်တယ်။ အဖေကအရွယ်တင်တော့ ညီအစ်ကိုတွေလိုပဲလို့ သူများတွေက ပြောကြတယ်။ ကျနော်တို့ညီအစ်ကိုက လေးနှစ်ကွာပေမယ့် အရွယ်တူပဲ။ သားအဖသုံးယောက် ခရီးထွက်ကြရင် ဆင်တူဝတ် သွားကြတယ်။ လျှာထိုးဦးထုတ်ဆောင်း ပြီးနေကာမျက်မှန်နဲ့ အဖေ့စတိုင် ကတစ်ခါတစ်ရံ ကျနော်တို့ထက် ပိုလန်းနေတတ်တယ်။ အမေကနယ်မှာ အနေများတော့ သူငယ်ချင်းတွေက မတွေ့ဘူးကြဘူး။ ကျနော်တို့နဲ့လာနေရင် သူငယ်ချင်းမိန်းကလေးတွေက ခေါင်ထိအကုန်စားနော် ဆိုပြီးကွယ်ရာမှာ နောက်နေကြ။ အချစ်ရေး အချစ်ရာကအစ၊ ယောင်္ကျားလေးတွေရဲ့ ကျန်းမာရေးအဆုံး အဖေကအစ်ကို တစ်ယောက်လို၊ သူငယ်ချင်းအရင်းလို ပြောပြတတ်သေးတယ်။ အရွယ်ရောက်ကတည်းက သားသမီးတွေကို နယ်မှာမကြီးပြင်းပဲ မြို့ကြီးပြကြီးမှာ နေချင်အောင် သွယ်သွယ်ဝိုက်ဝိုက်လေး ပြောပြတတ်တယ်။ လူကြီးတစ်ယောက်လို ဆုံးမစကားတွေကို မပြောပဲ၊ ရိုးရိုးရှင်းရှင်းလေးနဲ့ နားဝင်လွယ်အောင် အမြဲပြောတတ်တယ်။ အဖေ့ကို ငယ်ငယ်က သာကြောက်တာ။ အရွယ်ရောက်လာကတည်းက လုံးဝမကြောက်တော့ဘူး။ ပိုပိုပြီးချစ်တတ် လာခဲ့တယ်။
သားသမီးသုံးယောက်ရှိတာ တစ်ယောက်မှ အနားမှာ မရှိတာကို သူဂုဏ်ယူနေတတ်တယ်။
ပြောရရင် အဖေကဆယ်တန်းပညာထိပဲ ဆည်းပူးခဲ့ရတာပါ။ အဖေ့ဘ၀ကြမ်းတမ်းလွန်းလို့ သားသမီးတွေကို ဘယ်တော့မှ “ အဖေငယ်ငယ်ကလေ… “ ဆိုတဲ့စကား ကိုအစမချီခဲ့ဘူး။ ကျနော်တို့က နယ်မြို့လေးမှာ ကြီးပြင်းလာကြပေမယ့် အဖေက ရွာတစ်ရွာကပါ။ အမေပြောပြလို့သိရတာ။ အဖေ့ကို ရွာသားမှန်းတောင် ငယ်ငယ်ကတစ်ကယ် မသိခဲ့ဘူး။ ရွာနာမည်ကြားဖူးတာကလွဲလို့ ဘယ်နေရာ၊ ဒေသဆိုတာ ခုထိကျနော် မသိသေးဘူး။ ကျနော်တို့ မမှီလိုက်တဲ့ အဖေ့ရဲ့ မိဘတွေကလည်း အဲဒီ ရွာဇာတိတဲ့။ သားသမီးလိုချင်လွန်းလို့ နည်းလမ်းမျိုးစုံ ကြိုးစားပြီး အဖေ့ကို မွေးခဲ့ရတယ်တဲ့။ သူတို့ ရွာဓလေ့အတိုင်း နတ်မျိုးစုံလည်း ပူဇော်ပသ ခဲ့ရတယ်လို့ အမေကပြောပြဖူးတယ်။


သူတို့တွေက ဗမာလူမျိုးလည်းမဟုတ်ကြဘူး။ ခေါင်းပေါင်းအမည်းကြီးတွေ ပေါင်းတဲ့ရှမ်းနီဆိုတဲ့ အမျိုးအစားလို့တော့ ပြောတာပဲ။ အဘိုးနဲ့အဘွားက ရှမ်းစကားပဲ ပြောကြပြီး ဗမာလိုနဲနဲပါးပါး ပဲပြောတတ်တယ်တဲ့။ အဖေတို့ ရွာမှာ ဓါတ်ပုံပဲမရိုက်တာလား မတွေးတတ်။ ခုထိအဘိုးနဲ့အဘွားကို မမြင်ဖူးဘူး။ ငယ်ငယ်တုန်းကတော့ အမှုမဲ့၊ အမှတ်မဲ့ နေခဲ့ပေမယ့် ကြီးလာတော့ အရမ်းကိုသိချင်၊ မြင်ချင်လာမိခဲ့တယ်။ အဆိုးဆုံးက သူတို့ရဲ့ရှမ်းနာမည်တွေကို ဘယ်လိုပြောပြော မမှတ်မိတာပဲ။ ဒီအရွယ်ထိ အဖေ့ဘက်က အမျိုးအရင်း ဆိုတာ ဘယ်သူတွေမှန်းတောင် မသိ၊ မမြင်ဖူးဘူး။ အမေနဲ့ အဖေစကား ကတောက်ကဆ ဖြစ်ကြရင် အမေပြောတတ်တဲ့ “ တစ်ကောင်ကြွက် “ ဆိုတာ တစ်ကယ်ပဲလား။ အိမ်ကိုတစ်ခါတစ်ရံ ရောက်လာတတ်တဲ့ အဖေ့ဧည့်သည် တွေက ရှမ်းလိုတွေ ပြောနေလိုက်ကြတာ တစ်လုံးမှနားမလည်ဘူး။ တစ်ခါတစ်လေလည်း သူတို့တွေက ကိုယ်တွေ မောင်နှမတွေကို ကြည့်လိုက်၊ ပြောလိုက်နဲ့ပါပဲ။ အဲဒီအရွယ်ကတည်းက ဖာသိဖာသာ နေလာပေမယ့် စိတ်ထဲတော့ တစ်နုပ်နုပ်နဲ့ပါ။

အဖေက ကျောင်းနေတဲ့ အရွယ်ကြတော့ မြို့ကျောင်းမှာ ငါးတန်းကနေ လာတက်ရတယ်တဲ့။ အဖေမြို့ကျောင်းတက် ပြီးမကြာခင်မှာပဲ အဘိုးဆုံးသွားခဲ့တယ်တဲ့။ အမေတစ်ခု သားတစ်ခုဘ၀နဲ့ ကျောင်းဆက်တက် နေခဲ့ရတဲ့ အဖေ။ ဘယ်လောက်များ ခံစားခဲ့ရမလဲ ဆိုတာစဉ်းစား မိတိုင်း အဖေ့ထက်ဝမ်းနည်း နေမိတယ်။ နောက်တစ်နှစ်မှာပဲ အဘွားထပ်ဆုံးပါး သွားခဲ့တယ်တဲ့လေ။ အဖေဘယ်လိုများ ငိုကြွေးနေခဲ့ပါလိမ့်။ ဘယ်လောက်တောင် ၀မ်းနည်းနေလိမ့် မလဲ။ ကျနော်ဆို အသက်တောင် ဆက်ရှင်သန်နိုင်ပါဦးမလား။ တွေးမိတိုင်း မျက်ရည်ကျမိတယ်။

မိဘမဲ့သွားခဲ့တဲ့ အဖေ။ ဆွေမျိုးအရင်းအချာ လည်းမရှိ။ ဘိုးဘွား၊ မိဘပိုင် လယ်ယာတွေဆိုတာ အဖေကဘာမှ နားမလည်သေးတဲ့ အရွယ်မို့ အဖေ့အတွက် ပိုင်ဆိုင်မှုဆိုတာ သုညပဲကျန်တော့တယ်တဲ့။ အဖေ့ကိုသနားလိုက် တာအဖေရယ်။ အဖေဘယ်လိုများ လောကကြီးမှာ ဆက်လက်ရပ်တည် ခဲ့သလဲ။ အမြဲငိုကြွေးနေခဲ့တာလား။ ညညဆို အိပ်ရောပျော်ခဲ့ရဲ့လား။ ဘယ်လိုများစားသောက် နေခဲ့တာလဲ။ လူပျိုပေါက်အရွယ်မှာ သူများတွေလို ၀တ်ကောင်းစားလှတွေ မလိုချင်ခဲ့ဘူးလား။ သိချင်လိုက် တာအဖေရယ်။ အဖေ့ကို မေးချင်လိုက်တာ အကြိမ်ကြိမ်ပဲ။ ဘယ်လိုမေးရက်မှာ လဲအဖေရယ်။ အဖေ့နေရာမှာ ကိုယ်ချင်းစာပြီး စိတ်ကူးထဲမှာတောင် မရှင်သန်နိုင်ဘူး။ ၀မ်းနည်းလွန်းလို့ပါ။ ဒါကြောင့် အဖေက အမေ့လို အဖေငယ်ငယ်တုန်းကလေ လို့ဘယ်တော့မှ အစမချီခဲ့တာမလား။ ဒီအကြောင်းတွေကို သိလိုက်တဲ့ အရွယ်ကတည်းက အဖေ့ကိုကလန်ကဆန် လုပ်ချင်စိတ်တွေ၊ ဆိုးချင်စိတ်တွေ လုံးဝကို ပျောက်ဆုံး သွားခဲ့ပါပြီနော်။

ဒီလိုနဲ့ အဖေက ကျောင်းကထွက်ပြီး ရွာပြန်တော့မယ်တဲ့။ သားဆိုလည်း အဲလိုပဲစိတ်ကူး မိမှာပါပဲ။ ဒါပေမယ့် အဖေ့ကိုသနား ကြင်နာကြတဲ့ ဆရာ၊ ဆရာမတွေက ၀ိုင်းစဉ်းစား ပေးကြတယ်တဲ့။ ကျောင်းစရိတ်၊ စားစရိတ်၊ အ၀တ်အထည် ကအစ ပေးကြတယ်တဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ အဖေရယ်။ ဘယ်သူကမှတော့ အသစ်ပေးမှာ မဟုတ်ပါဘူး။ အဟောင်းပဲ ပေးကြမှာပေါ့။ အဖေ့ရဲ့ ရောင့်ရဲတတ်မှုဟာ အဲဒီကတည်းက စခဲ့တာမလား။ သားတို့ကို အင်္ကျီအသစ်တွေ လိုချင်တယ်လို့ ပူဆာရင်
အ၀တ်တစ်ထည်ကို လက်နှီးဖြစ်သွားတဲ့ အထိဝတ် ၊ စုတ်သွားရင် အဖေသားတို့ လိုချင်တာဝယ် ပေးမယ်” တဲ့။ အဲလိုပြောလို့ အဖေ့ကို မုန်းမိသေးတယ်။ သူများအဖေတွေဆို သူတို့သားသမီးတွေကို ချစ်လိုက်ကြတာ။ ပူဆာလိုက်တာနဲ့ ရပြီ။ ငါတို့အဖေက တော့ဝယ်မပေးဘူး ဆိုပြီး အဖေ့ကို စိတ်တိုဖူးခဲ့တယ်။ အဖေ့ကို ရှောင်ဖယ်ရှောင်ဖယ် နေတော့ အဖေက ၀ယ်ပေးတာပါပဲ။ အဲဒီတုန်းက သားက ကလေးပဲရှိသေးလို့ပါနော် အဖေ။ ခုချိန်မှာ အဖေ့ကိုပြန်ပြီး အ၀တ်အစား အသစ်တွေ အများကြီး ၀ယ်ပေးလည်း အဖေက မလိုဘူး ဆိုတာကြီးပဲ။ “အဖေက အသက်ကြီးပြီ..အိုနေပြီ “ တဲ့။ အဲလိုမပြောပါနဲ့ အဖေရယ်။ အဖေမအို သေးပါဘူးနော်။

အဖေကလေ ငယ်ငယ်ကလေးနဲ့ ကျောင်းစောင့်လုပ်ခဲ့ ရတယ်တဲ့။ ဒရ၀မ် လို့အဖေ့သူငယ်ချင်းတွေက စကြသတဲ့။ အဲဒီကောင်တွေကို အဖေလက်သီးနဲ့ ပိတ်ထိုးပစ် လိုက်ပါလား။ ဟုတ်တာပြောကြပေမယ့် သားလုံးဝမခံ နိုင်ဘူးအဖေ။ အဲဒီက ရတဲ့လခနဲ့ ကျောင်းဆက်နေတာပေါ့။ ကျောင်းဝန်းကြီးထဲက ရေနံချေးတွေသုတ်ထားတဲ့ အိမ်အမည်းရောင် သေးသေးလေးထဲမှာ အဖေတစ်ယောက်တည်း နေခဲ့ရတာတဲ့။ သားဆိုအရမ်း ကြောက်နေမိမှာ။ အဲဒါကြောင့် အဖေကလုံးဝ ကြောက်စိတ်ဆိုတာ မရှိသလောက် ဖြစ်နေခဲ့တာကိုး။ အဲဒီခောတ်တုန်းက ဖယောင်းတိုင် ရှားတဲ့ခောတ်လေ။ အဖေဘယ်လို စာကျက်ခဲ့သလဲ။ သားကြားဖူးသလို ဓါတ်မီးတိုင် အောက်မှာလား။ ဒါဆို လမ်းက ဓါတ်မီးတိုင် တွေမီးမလာရင် အိမ်စာတွေ စောစောလုပ်ထားတာလား။ အဲဒါကြောင့် အဖေကစာမတော်တော့ တာလား။

အဖေရယ် အဖေ့ရဲ့ စိတ်ဓါတ်တွေကို သိချင်လိုက်တာ။ သားတို့စာကျက်ရင် အဖေကဖရောင်းတိုင် မလောက်မှာ စိတ်ပူခဲ့တာ အဲဒါတွေတွေး မိလို့လားဟင်။ အဖေ့မျက်မှန်ပါဝါတွေ တိုးသွားတာ အဖေငယ်ငယ် ကတည်းက အလင်းရောင်နည်းခဲ့လို့မလား။ အဖေကပညာကို ဆုံးခန်းမတိုင်ခဲ့လို့ သားသမီးတွေကို ပညာတတ်ကြီးတွေ ဖြစ်စေချင်နေ ခဲ့တာမလား။ အဖေ့တုန်းက ပညာဆီမီးတွေ ခန်းခဲ့ပေမယ့် သားသမီးတွေကို အလင်းရောင်တွေ တတ်နိုင်သလောက် ပေးခဲ့တာမလား။

သားအလယ်တန်းလောက် တုန်းကလေ။ သူငယ်ချင်းရဲ့ အဖေတွေက ဆရာဝန်၊ အင်ဂျင်နီယာ တွေ အရာရှိကြီးတွေ၊ ပြီးတော့ ပိုက်ဆံလည်း ချမ်းသာကြတယ်။ သားလေအားကျ ခဲ့မိတယ်။ အဲလိုမျိုးအဖေ လိုချင်ခဲ့မိတယ်။ ငါ့အဖေဖြစ်လိုက်ရင်လို့ ခဏခဏ တွေးမိခဲ့ဖူးတယ်။ ဒီလိုလူမျိုးတွေကိုမှ အဖေလို့ သတ်မှတ်ခဲ့မိပါတယ် အဖေ။ သားကိုခွင့်မလွတ်ပါနဲ့။
လူပျိုဝင်စမှာ သားဘာမှသိပ်နားမလည် သေးလို့ပါ အဖေရယ်။ သားရဲ့ အောက်လက်မှတ်က အဖေ့အလုပ်အကိုင် နေရာမှာ တောင်သူ လို့ရေးရတိုင်း တစ်ခုခုလိုအပ်နေခဲ့တယ်။ အဖေ့ကို ခုဆိုအမေ့ထက်တောင် ပိုချစပါတယ်နော်။ ဒါပေမယ့် “ အဖေ့ကို ချစ်တယ် “ လို့ဒီအရွယ် အထိပြောရမှာ ရှက်နေသလို၊ လောကွတ်ချော်နေသလို၊ ဘယ်လိုမှန်းကို မသိပါဘူး အဖေ။ နားလည်ပေးပါနော်။ သားက အဖေ့ကို အချစ်ဆုံးပါ။

အဖေနဲ့ အမေတွေ့ကြပုံကလည်း သိပ်တော့မထူးဆန်းပါဘူး။ ဖူးစာလို့ဆိုလို့ရတယ်။ အမေတို့က အိမ်ကြီးရခိုင်နဲ့ ကျောင်းဝန်းရှေ့ လမ်းတစ်ဖက်မှာ နေကြတယ်။ အမေတို့ ကတော့ဗမာစစ်စစ်တွေပါ။ အဘိုးက ရဲဘက်ကအရာရှိ။ ဒါကြောင့် အဘွားကိုဆရာကတော် လို့အဲဒီခေါတ်ကခေါ် ကြသတဲ့။ အိမ်ကမနီးအဝေး မျက်နှာချင်းဆိုင်ဆိုတော့ အမေနဲ့စတွေ့ကြတာပဲပေါ့။ အမေတို့က ညီအစ်မတွေ အများကြီး။ အဲဒီထဲကမှ ဆံပင်ရှည်၊ အရပ်မြင့်တဲ့ အစ်မေ့ကို တစ်မူးသာလို့ အဖေကချစ်မိ သွားပုံရတယ်။ အဖေနဲ့ အမေကအတန်းတူမို့ အမေကသနားတာတဲ့။ ဒီအကြောင်းတွေကို အမေကလျှိုထားတာ။ အဒေါ်အငယ်ရဲ့ လက်ချက်နဲ့ သိရတာပါ။ အမေကအဖေ့ကို သနားချစ်ဆိုတာ မှန်လောက်တယ်။ အဖေ့အကြောင်းကို ခရေစေ့တွင်းကျ အကုန်သိနေတယ်။ ခုထိအဖေ့အကြောင်းပြောပြ ရင်အမေ့မျက်လုံးမှာ ကျနော်ဖတ်လို့ရတယ်။ သိပ်ချစ်လွန်းလို့ထင်တယ်။ ခုချိန်ထိ အဖေ့အကြောင်းပြောရင် အဖေ့ရှေ့မှာ ဘယ်တော့မှမပြောပြဖူး။

အဖေ့လို ဆင်းရဲသား တစ်ကောင်ကြွက် ကအမေ့ကို ပိုးပန်းလာတော့ အမေတို့အသိုင်းအ၀ိုင်း ဆိုတာ ရက်ရက်စက်စက် ပြောကြတာတဲ့။ အဖေကအမြဲပဲ သနားစရာ ကောင်းလိုက်တာနော်။ အမေနဲ့အဖေဆယ်တန်းဖြေပြီး အောင်စာရင်း တောင်မစောင့်ပဲ ခိုးပြေးကြသတဲ့လေ။ တောရွာလေးတစ်ရွာကိုတဲ့။ ဆတ်ဆတ်ထိမခံတဲ့ အဘွားက “ ညည်းနဲ့ငါ သေခန်းပြတ် “ တဲ့။ သနားစရာကောင်းတဲ့ အဖေ့ရဲ့အချစ်ကို လက်ခံတာ ကျေးဇူးပါအမေရယ်။ အမေသာငြင်းလိုက်ရင် အဖေ့အတွက် လူ့လောကမှာ နေပျော်ဖွယ်ကောင်းတဲ့ နေရာနဲ့ အချိန်ဆိုတာ မရှိသလောက် နည်းပါးသွားတော့ မှာပေါ့။

အဖေနဲ့အမေရဲ့ ဇာတ်လမ်းလေးက ချစ်စရာလေးပါ။ အချစ်အတွက် ပိုက်ဆံတွေမလို ခဲ့ကြဘူး။ အချစ်အတွက် လက်မတွန့် ခဲ့ကြဘူး။ နှောက်နှေးတွေဝေမှုတွေ မရှိခဲ့ကြတဲ့ အချစ်သူရဲကောင်းတွေပါ။ အမေ့သူငယ်ချင်းတွေဆို ရုပ်ချောတဲ့ အမေ့ကို ဂရုဏာဒေါသတွေ ထွက်လို့မဆုံးဘူးတဲ့။ အဲဒီတော ရွာလေးမှာ အမေက အသုံးလုံး ဆရာမ လုပ်တယ်။ ဒီခေါတ်မှာတော့ မရှိတော့ပါဘူး။ စာမတတ်တဲ့ သက်ကြီးရွယ်အိုတွေကို စာသင်ပေးရတာလေ။ တစ်ရွာလုံးက ဆရာလေး၊ ဆရာမလေးဆိုပြီး ချစ်ကြတာတဲ့။ ပိုက်ဆံမရှိပေမယ့် နေထိုင်စားသောက်လို့ ရတယ်တဲ့။ ကျနော့်ကိုယ်ဝန်ဆောင် ချိန်ကစပြီး အဖေပင်ပန်းတော့တာပဲတဲ့။ ပိုက်ဆံဆိုတာ မရှာလို့မရတော့ဘူးမလား။

အဲဒါကြောင့် သားသမီးတွေကို အရွယ်အတိုင်ခင် အိမ်ထောင်ကျမှာ စိုးရိမ်နေတတ်တဲ့အဖေ။ သားသမီးတွေကို ပင်ပန်းဆင်းရဲမှာ မကြည့်ရက်တဲ့အဖေ။ သူခံစားခဲ့ရတဲ့ ဘ၀ရဲ့ခါးသီးမှုတွေကို မပြောပြပဲ အားတက်စေတဲ့အရာတွေနဲ့ ဆုံးမတတ်တဲ့အဖေ။ မိဘမေတ္တာငတ်မွတ်ခဲ့ရလို့ အကောင်းဆုံးဖြည့်ဆည်း ပေးချင်နေတဲ့ အဖေ။ သားသမီးတွေကို သူနေတဲ့နယ်မြို့လေးကို ပြန်လာပါလို့ မခေါ်ရက်တဲ့ အဖေ။ ဖုန်းပြောရင် ပျော်ရွှင်သယောင်စကား သာပြောပြီး အမေ့ကိုဖုန်းမြန်မြန် လွဲပေးတတ်တဲ့ အဖေ။ အဖေကျန်းမာပါတယ်လို့ မမေးပဲအမြဲဖြေတတ်တဲ့အဖေ။ ရေဒီယိုကလာတဲ့ သတင်းတွေ ကြားမိတိုင်း သတိပေးတတ်တဲ့ အဖေ။ ဆူနာမီတဲ့၊ နာဂစ်မုန်တိုင်းတဲ့၊ ဘာတဲ့ ညာတဲ့ စသဖြင့် နိုင်ငံခြားက သားကို စိုးရိမ်နေတတ်တဲ့ အဖေ။ အရင်ကလို စကားများများ မပြောတော့တဲ့ အဖေ။ သားသမီးတွေအတွက် အဖေစိတ်ချမ်းသာနေပါပြီလို့ တစ်ဖွဖွပြောလွန်းတဲ့ အဖေ။ မောလို့ဆိုအမေက Medical Check up လုပ်ဖို့ ကိုအတင်း ရန်ဖြစ်ပြီး ပြောရတဲ့ အဖေ။ ဆရာဝန်ဆီရောက်တော့ ကျနော်က ဘာမှမဖြစ်ပါဘူး။ မိန်းမကအတင်း အပိုအလုပ်တွေ လုပ်ချင်နေတယ်လို့ ပြောတတ်တဲ့အဖေ။ ဆေးခန်းမှာ အရမ်းကျန်းမာသယောင် ဆောင်နေတတ်တဲ့အဖေ။ ဆရာဝန်ဆေးစစ်ချက်က အဖေ့မှာ နှလုံးရောဂါရနေတာ ဆယ်နှစ်ခန့်ရှိပြီ ဆိုတဲ့စာရွက်ကို လှောင်ရယ်နေတဲ့ အဖေ။ ဆရာတို့ဟာက ဟုတ်ရဲ့လားလို့ ပြန်မေးတတ်တဲ့အဖေ။ အမေက၀မ်းနည်း လွန်းလို့ငိုမိတာကို နောက်ပြောင်ကျီဆယ်နိုင် နေခဲ့တဲ့အဖေ။

အဖေရယ်။ အဖေ့မှာ ဆယ်နှစ်လောက် နှလုံးရောဂါရနေခဲ့တာ တောင်မှသားသမီးတွေကို ခုထိအသိမပေးနဲ့ လို့တားဆီး နေဦးမှာလား။ အဖေ့အတွက် လို့ဝယ်ပေးမိတိုင်း “ မင်းတို့ကအပိုအလုပ်တွေ သိပ်လုပ်တယ် “ လို့စိတ်ဆိုးတတ်တဲ့ အဖေ။ ဘာလိုချင်တယ် လို့ဘယ်တော့မှ မပြောခဲ့တဲ့အဖေ။ ဖုန်းဆက်ပြီးငိုတော့ အဖေက မင်းယောင်္ကျား မဟုတ်ဘူးလား ဆိုပြီး ဖုန်းကိုချပစ်လိုက်တဲ့ အဖေ။ ခုဆို ဖုန်းဆက်တိုင်း မျက်ရည်ကျနေ ရင်တောင် သားပုံမှန်အတိုင်း အဖေ့ကိုစကားပြော တတ်နေပြီလေ။ ဒါပေမယ့် အဖေရယ်။ သားမကြားချင်ဆုံး စကားတော့ မပြောပါနဲ့။ အဖေက အိုနေပါပြီကွာ။ အဖေမရှိတော့ ရင်….ဆိုပြီး သံယောဇဉ်ပြတ် နေသလိုလို စကားမျိုး မသုံးနှုန်းပါနဲ့နော်။ သားအဖေ့ကို သိပ်ချစ်ပါတယ် အဖေ။

သားအတွက်တော့ အဖေက မအိုသေးပါဘူးနော်။


ဖန်နေ၀န်း (ဗန်းမော်)
( အဖေကျန်းမာပျော်ရွှင်ပါစေ )

" ကဗျာရေးတဲ့...ည "


မှော်ဝင်မဲ့ ကာရံတွေဆူညံ
ရေးလက်စစာသားတွေ အသက်ငင်နေရင်း
ခံစားချက်တွေကို ညမှာဝကွက်အပ်
ရင်ခုန်သံတွေ လေကြီးမိုးကြီးနဲ့ပျို့အန်
ကိုယ်တိုင်တောင် ချဉ်စော်နံလို့
ဒိုရေမီ..လိုစင်းလုံးမချောခဲ့
စကားလုံးတွေ အပြုံလိုက်၊ အခဲလိုက်
နှစ်ကြောင်းရေး တစ်ကြောင်းခြစ်နဲ့
နာရီတွေ ထပ်ထပ်အို
စိတ်ကူးတွေယိုလို့
ညဉ့်ငှက်ဆိုးအော်သံကြားမှာ

ငါ့စိတ်ကူးတွေသေနေပြီလား......
တော်ပါပြီ
အိပ်ရေးပျက်တာ ပဲအဖတ်တင်ခဲ့

ကဲ……
ဘယ်မှာလဲကဗျာ တစ်ပုဒ်…..။



ဖန်နေ၀န်း(ဗန်းမော်)

Endless Love

Tuesday, August 24, 2010



" မျှော်လင့်ခြင်း "


အတောမသတ်အောင် များပြားလွန်းတဲ့
မျှော်လင့်ခြင်းတွေထဲ
အနာဂတ်က သပ်ရပ်လှပနေလိုက်တာ
ငါ့မှာ...
ချီတုံ၊ ချတုံနဲ့ အမှီလိုက်နေရင်း
ဖတ်ဖတ်ကိုမောလို့........။


ဖန်နေ၀န်း





Wednesday, August 4, 2010

" နှလုံးသားတစ်ခြမ်းပုတ်နေသည် "


" နှလုံးသားတစ်ခြမ်းပုတ်နေသည် “

လူတိုင်း ချစ်တယ် ဆိုတဲ့စကားကို ကြားဖူးကြတယ်တဲ့။ ကျမကတော့ သီချင်းထဲမှာပဲ ကြားဖူးခဲ့တာပါ။ ကျမက အမျက်မကြီးတဲ့ အချစ်ကြီးချစ်တတ်သူပါ။ ကျမ မချစ်နိုင်တဲ့ သူတွေထောင်သောင်းမက ပြောနေကြပါစေ။ ပုံမှန်အသက်ရှူနှုန်းထက် ပိုထူးမလာပါဘူး။ ရင်ဘတ်ထဲမှာ အကြီးကြီးမျှော်လင့်ထားတဲ့ ကျမချစ်ရတဲ့ သူဆီကမှ တစ်ရှိုက်မက်မက် ကြားချင်နေခဲ့မိတာပါ။

“ သူ့ “ ရဲ့နှုတ်ခမ်းက ပုံမှန်အတိုင်း လှုပ်ရှားနေတာတောင် ကျမအတွက် တစ်ခါတစ်ခါ ပြောင်းပြန်အသက် ရှူမိသလို၊ တစ်ခါတစ်ခါလည်း ရပ်တန့်သွားသလို မင်သက်မိပါရဲ့။ ကျမ၀န်ခံပါရစေ။ သူနဲ့ပတ်သက်ရင် အရာရာဟာ အနှိုင်းမဲ့ပါပဲ။ ခံစားရတာ မပြောနှင့်၊ ကြားဖူးသမျှချစ်ခြင်း တွေအားလုံးနဲ့ သူဟာပြည့်စုံနေတယ်။ ပျားပိတုန်းလေး ဖြစ်ခဲ့မယ်ဆို သူ့ဝတ်ရည်တွေကို ကျမ မသောက်သုံးပဲ တစ်ခြားသူတွေကို မာန်မဲမိနေမလား မတွေးတတ်။ သူလိပ်ပြာလေးတစ်ကောင် ဖြစ်နေခဲ့မယ်ဆို ကျမပုခုံးမှာ နားခွင့်ပေးနေ မိမှာပါ။ တစ်ခဏ မဟုတ်တဲ့ ထာဝရ အတွက်ပါ။

ဒါပေမယ့် " ကျမရဲ့အချစ်က သပ်သပ်ရပ်ရပ် ရှိနေခဲ့ပါတယ်။ မြူဆွယ်မှုကင်းတဲ့ အချစ်မျိုးပါ။ သူ့ရှေ့မှာ ကျမကိုယ်ကျမ လှပဖို့ထက် သပ်ရပ်ဖို့ပဲ ကြိုးစားခဲ့တယ်။ ထက်မြတ်တဲ့ မိန်းကလေးဖြစ်အောင် အမြဲနေပြတယ်။ " သူကိုယ်တိုင်ထက် သူ့အချက်အလက်တွေကို အလွတ်ကျက်ထားခဲ့တယ်။ တစ်ကယ်ဆို ကျမကသီချင်းကို ရံဖန်ရံခါနားထောင် တာကလွဲလို့ ၀ါသနာမထုံခဲ့ပါဘူး။ သူကဂစ်တာတီးပြီး သီချင်းဆိုတတ်တဲ့ မိန်းကလေးကို သဘောကျတယ်လို့ လွတ်ခနဲပြောလိုက်မိ ကတည်းက စပြီးကျမ၀ါသနာထဲမှာ နံပါတ်စဉ်ထပ်တိုး လာခဲ့တယ်။ ခက်ခဲတဲ့ ဂီတာကော့ဒ်တွေအတွက် ကျမညဥ့်နက် ခဲ့ရတယ်။ သွားလေရာ MP3 လေးထပ်တိုး လာခဲ့တယ်။ သီချင်းစာသား တွေနဲ့အတူ ဂီတာလက်ကွက် တွေကို ခံစားချက်မဲ့စွာ အလွတ်ကျက်နေခဲ့ဖူးတယ်။ လက်ချောင်းထိတ်လေးတွေ ပဲ့ကုန်ပြီးသွေးစို့တဲ့အထိ ကျမနှလုံးသားတွေ သွေးဆူခဲ့တယ်။

သူ့ကိုချစ်လွန်းလို့ ကျမကိုယ်ကျမ မုန်းတီးမိတယ်။ မိန်းမတစ်ယောက် ဖြစ်ရတာကိုလည်း မုန်းတယ်။ မိန်းမမာယာနဲ့လှည့်စားဖို့ ခပ်ညံ့ညံ့ မိန်းမတစ်ယောက်တော့ ကျမ အဖြစ်မခံနိုင်ဘူး။ အဲဒါသူ့အပေါ်ထားတဲ့ သန့်ရှင်းတဲ့မာနပဲ။ ကျမရဲ့အချစ်က စိတ်နာခြင်း၊ စိတ်ဆိုးခြင်း အလျင်းမရှိတဲ့ ချစ်ခြင်းမျိုးပါ။ ကျမရဲ့နှုတ်ခမ်းတွေဟာ သူ့အတွက် တည်ခင်းထားတဲ့ အချစ်စားပွဲလေးပါ။ သူနဲ့ကစားတဲ့ စစ်တုရင် ကစားပွဲတိုင်းလိုလို အနိုင်ရအောင် ကြိုးစားပေမယ့် မသိစိတ်က အရှုံးပေးချင်နေခဲ့တာပါ။ သူနေမကောင်းရင်တောင် ကျမကတုန်ကရင် နဲ့ကိုယ်တွေ ပူလာသလို ခံစားမိတယ်။

ကျမမှာ နှလုံးသားရေးကံကလွဲလို့ အစစအရာရာ ဘ၀မှာကံကောင်းနေတတ်တယ်။ မိဘအခြေအနေ အရဆို ကျမကသူ့ထက် အစပေါင်းများစွာ ချမ်းသာတယ်လို့ ပြောလို့ရပါတယ်။ မိဘချမ်းသာလို့ ကြွားဝါနေတတ်တဲ့ မိန်းကလေးတွေကို ရွှံမုန်းတတ်သူမို့ ကျမသူ့ရှေ့မှာ အထူးတစ်လည် ထိန်းထိန်းသိမ်းသိမ်း နေခဲ့တယ်။ ကဗျာတွေကို သူနှစ်သက်တတ်မှန်း သိလို့ ကျမကဗျာတွေလည်း စုဆောင်းတယ်။ ဒါပေမယ့် ကျမရဲ့ ညံ့ဖျင်းမှုကြောင့် စပ်မိတဲ့ကဗျာတိုင်း သူ့အတွက်ဟာသ ဖြစ်နေခဲ့တယ်။ စိတ်လည်းမဆိုး တဲ့အပြင် ၀မ်းလည်းမနည်းခဲ့ပါဘူး။ ကျမက သူရယ်နေအောင် အသက်ထက်ဆုံး ဖန်တီးပေးနေချင်လို့ပဲ။

ကျမကံကောင်းတဲ့ တစ်ချက်ကတော့ သူနဲကျမ အသက်မွေးဝမ်းကျောင်း ပညာတူနေခြင်းပါ။ အပျင်းဓါတ်ခံရှိပေမယ့် ဥာဏ်ကောင်းတဲ့ကျမ သူနဲ့တန်းတူ လက်မှတ်ပေါင်းများစွာ သိမ်းပိုက်နိုင်ခဲ့တယ်။ တစ်ပြားသားမှ သူ့ထက်မလျော့ တဲ့အရည်အချင်းတွေ ကျမမှာ ပြည့်နေခဲ့တယ်။ မိန်းမတစ်ယောက် လုပ်နိုင်တာထက်ပိုပြီး သူနဲ့တန်းတူ ကျမကြိုးစား နိုင်ခဲ့တယ်။ သူနဲ့ငြင်းခုံကြတိုင်း အရှုံးပေးမှုထက် လက်တွေ့ကျတဲ့ အဖြေနဲ့ အဆုံးသတ်တယ်။ "ကျမပိုင်ဆိုင်တဲ့ ကွန်ပြူတာ Password ၊ဘဏ်ကဒ်၊ Account ပေါင်းများစွာတို့ရဲ့ လျှို့ဝှက်သင်္ကေတဟာ စဉ်းစားနေစရာမလိုတဲ့ သူ့နာမည်တွေပဲ ဖြစ်နေတတ်တာပါ။ " ကျမကိုယ်တိုင်အံ့သြမှုက သူကြိုက်တာမှန်သမျှ တစ်ခဏချင်း ကြိုက်တတ်လွန်း နေတာပါ။

သူ့ရဲ့ပထမဆုံး ရည်းစားဟာကျမ မဟုတ်ခဲ့ရလို့ ပူဆွေးမနေခဲ့မိဘူး။ ကျမရဲ့အချစ်က စွန့်လွတ်အနစ်နာခံမှု တွေတစ်ပွေ့တစ်ပိုက် နဲ့ပါပဲ။ အသဲကွဲတယ်လို့ ကျမ မခံယူရဲပါ။ မျက်ရည်တော့ ထိန်းမရခဲ့နိုင်ဘူး။ ဒါပေမယ့် မျက်ရည်ကုန်သွားရင် ချစ်တဲ့စိတ်လျော့သွားမလား စိုးရိမ်စိတ်နဲ့ ကျမအငိုတိတ် ခဲ့တယ်။ သူမသိလည်း လွမ်းနေမယ်၊ သူမရှိလည်း လွမ်းနေမယ့်သူပါ။ ဘာကိုမှ ကျမ မမျှော်လင့်ခဲ့ပါဘူး။ ကျမအနားမှာ သူမရှိတော့သည့်တိုင်အောင် သူ့အကြိုက်တွေနဲ့ပဲရှင်သန်နေ မိတယ်။ သူမကြိုက်တဲ့ နံနံပင်က ကျမအတွက်ရန်သူ ဖြစ်နေသလို၊ သူကြိုက်တဲ့ အရာအားလုံးဟာ ကျမအတွက်စွန့်လွတ်ဖို့မလိုတဲ့ မိတ်သဟာရ တွေပါပဲ။

"ကျမချစ်လွန်းလို့တော့ ရူးမသွားနိုင်ပါဘူး။ ဒါပေမယ့် ရူးလောက်အောင်တော့ အသက်ထက်ဆုံး ချစ်နေပါရစေ။ "

ကျန်ရှိနေတဲ့ ကျမရဲ့သက်တမ်းမှာ သူ့ကိုချစ်တဲ့အချစ်တွေဟာ အမြဲကိုနွေးနွေးထွေးထွေးနဲ့ အသစ်ဖြစ်နေစမြဲပါပဲ။ ဒါပေမယ့် ကျမစဉ်းစားမရတဲ့ အဖြေတော့ရှိနေဆဲပါ။ ယောင်္ကျားတစ်ယောက်နဲ့ အရည်အချင်းတန်းတူ ရှိနေတဲ့မိန်းမဟာ အချစ်အတွက်တော့ ရွေးချယ်မခံရတာ ဘာများမှားနေလို့ပါလိမ့်။ ဒါမှမဟုတ် ယောင်္ကျားတွေဟာ သူတို့နဲ့ပညာ၊ ၀င်ငွေတွေတန်းတူ ဖြစ်နေတာကိုက လက်မခံနိုင်တာလား၊ လက်မခံရဲတာလား။ ကျမစဉ်းစားနေဆဲပါ။ သူရင်မခုန်နိုင် လောက်အောင်လည်း ကျမရုပ်မဆိုး နေခဲ့ပါဘူးနော်။

ဘာပဲဖြစ်ဖြစ်ပါ။ ကျမပိုင်ဆိုင်တဲ့ ကောင်းကင်မှာ လင်းလက်ဖူးတဲ့ ကြယ်တာရာဆိုတာ တစ်လုံးထဲပါ။ ကောင်းကင်ကြီးထဲက အဖြူရောင်ကြယ်ပွင့် လေးတွေအရောင်မပြောင်း လဲတတ်ကြသလို ကျမရဲ့နွေးထွေးတဲ့ ချစ်ခြင်းတွေဟာလည်း ဘယ်သောအခါမှ မပြောင်းမလဲ ထာဝရတည်နေမှာပါ။ ဘ၀မှာ ကျမဆက်ပြီး အသက်ရှင်နေဦးမှာပါ။ ကျမအတွက် ဘုရားသခင်ပေးတဲ့ နှလုံးသားကတော့ အေးစက်မာကျော နေပါပြီ။ "အသက်ဆက်ရှင်သန်ဖို့ နှလုံးခုန်နှုန်းတွေ ရမ်သမ်ညီနေပေမယ့် တစ်ခြမ်းကတော့ ကျမခန္တာကိုယ်ထဲမှာ လူမသိသူမသိ ပုတ်နေခဲ့ပါပြီ။"



ဖန်နေ၀န်း