Tuesday, October 5, 2010

" အမေများ...."


(၁)

တစ်ချို့အမေတွေက ကိုယ့်သားသမီး နိုင်ငံခြားရောက်နေတာကို ခပ်ကြွားကြွားလေး ဂုဏ်ယူတတ်ကြတယ်။ သားကလေ နိုင်ငံခြားကနေဆိုပြီး စကားကို အတင်းစပ်ပြော တတ်ကြတယ်။ နိုင်ငံခြားနဲ့ ဖုန်းပြောရင် အသံကို ခပ်ကျယ်ကျယ်ပြော တတ်တယ်။ အလှူ၊ မင်္ဂလာပွဲတွေကို နိုင်ငံခြားက ပို့လိုက်တဲ့ အ၀တ်အစား၊ လက်ကိုင်အိတ်၊ လက်ကိုင်ဖုန်း တွေနဲ့ တမင်တန်ဆာ ဆင်သွားတတ်တယ်။ လူစုံရင် မသိမသာနှင့် သိသိသာသာ နဲ့ဒါလေးက သမီးပို့လိုက်တာ ဘာဘာညာညာ စသဖြင့် ရှင်းပြတတ်တယ်။ တစ်လကုန်တိုင်း သားသမီးဆီက ငွေပို့တာ မျှော်တတ်ကြတယ်။ အခါကြီး၊ ရက်ကြီးတွေမှာ ကုသိုလ်ရဖို့ထက် ကြွားဝါဖို့ အလှူတွေ အမျိုးမျိုးအဖုံဖုံ ပြုလုပ်တတ်တယ်။ သားသမီးတွေကို နိုင်ငံရပ်ခြားမှာပဲ အိမ်ထောင်ကျပြီး အခြေချေစေချင် ကြတယ်။ ဖြစ်နိုင်ရင် သားသမီး တွေ နဲ့ အတူ နိုင်ငံရပ်ခြားမှာပဲ လိုက်နေချင်တယ်။ ကိုယ့်ရေမြေ၊ ကိုယ့်ဒေသကို မကောင်းတာပဲ ရွေးပြောတတ်တယ်။ ပတ်ဝန်းကျင်မှာ နိုင်ငံခြားရောက်နေတဲ့ သားသမီးများရဲ့ အမေတွေ နှင့်သာအရေးတယူ ဆက်ဆံလေ့ရှိတတ်တယ်။ စကားလုံးတွေကြားမှာ နိုင်ငံခြားဖြစ်တွေက ညပ်ညပ်ပါလာ တတ်တယ်။ Internet Connection ကမကောင်းလို့၊ သူ့သမီးက ဟိုက PR နဲ့အိမ်ထောင်ကျနေတာ၊ Work permit နဲ့ Spass ကအခွန်ဘယ်လို ဆောင်ရတာ စသဖြင့် သားသမီးပြောသမျှ သေချာမသိပဲ လူတွေရှေ့ပြော တတ်ကြသေးတယ်။ ဒေါ်လာဘယ်ဈေးရှိလဲ ဆိုတာကို ဆန်တစ်ပြည်ဘယ်လောက်ထက် စိတ်ဝင်စားတတ်တယ်။ သားသမီးပြောပြ တဲ့လစာကို ပိုပိုသာသာလေးမြှောက်ပြီး ရင်ခုန်တတ်ကြတယ်။ ဘုရားသွားလည်း ဒီစကား၊ ရိပ်သာသွားလည်း ဒီစကား မရိုးနိုင်အောင်ပြောတတ်ကြတယ်။

(၂)

သားသမီးဆီ ကဖုန်းလာရင် ၀မ်းနည်း၊ ၀မ်းသား ဖြစ်တတ်ကြတယ်။ ဘယ်တော့လောက် ပြန်လာမှာလဲလို့ မေးလေ့ရှိတယ်။ ကျန်းမာရေးဂရုစိုက်ဖို့ အတန်တန်မှာကြား တတ်တယ်။ ငွေကအရေးမကြီးကြောင်း၊ ကျန်းမာအောင်အစားပုံမှန် စားဖို့လိုကြောင်းမှာ ထပ်တစ်လဲလဲ ပြောတတ်ကြတယ်။ ဘာစားချင်လည်း၊ ဘာပို့ပေးရမလဲ အမြဲမေးတတ်တယ်။ သားသမီးပို့လာတဲ့ ပိုက်ဆံကိုသုံးတန်သုံး၊ စုတန်စုပေးထားတတ်ကြတယ်။ လူကြုံဘယ်သူရှိလဲ အမြဲစုံစမ်း နေတတ်တယ်။ သားသမီးတွေအကြိုက် ကြိုတင်ပြင်ဆင် ထားတတ်ကြတယ်။ ဘာသာတရားကိုင်း ရှိုင်းဖို့အာပေးတတ်ကြတယ်။ အိမ်ပြန်လာရင် ၀မ်းပန်းတစ်သာ ဖြစ်အောင် စုစုဆောင်းဆောင်း နဲ့ ခမ်းခမ်းနားနားလေး ပြင်ဆင်ထားတတ်တယ်။ ပို့လာတဲ့ငွေကြေးတွေကို ဘယ်လိုတိုးပွားအောင် လုပ်မလဲဆိုတာ ကြံဆတတ်ကြတယ်။ ဒီနှစ်ပြန်လာမလား ဆိုတဲ့ မေးခွန်းထက် အဘွားကတောင် မေးနေတာ စသဖြင့် သွေးတိုးစမ်းတတ် ကြတယ်။ ဖုန်းပြောနေရင်း မတော်တစ်ဆ ချောင်းဟန့်မိတာနဲ့တင် ဆေးမသောက်ဘူးလား၊ အအေးမိတာလား၊ ရေချိုးမှားတာလား နဲ့လားပေါင်းများစွာ မေးခွန်းတွေ ပေါ်လာတတ်တယ်။ ဘာတွေစားသောက်နေလဲ ဆိုတာလည်း ဖြေပြီးတိုင်း ထပ်မေးတတ်ကြတယ်။ ရတနာသုံးပါး မမေ့ဖို့လည်း တစ်တွတ်တွတ်မှာကြား တတ်ကြပြန်တယ်။

(၃)

သိပ်ချမ်းသာတဲ့ မိသားစုတွေရဲ့ အမေကတော့ သိပ်မထူးဆန်းလှ။ သားသမီးဖုန်းလာသည့်တိုင် ဘာမှမတုန်လှုပ်၊ လုပ်လက်စအလုပ် မပျက်။ ပိုက်ဆံပို့ချင်ပို့ မပို့ချင်နေ ဘာမှမပြောကြဘူး။ မျှော်လည်းမမျှော်တတ်ကြ။ သားသမီးနဲ့ဖုန်းပြောတိုင်း နောက်ဆုံးပေါ် လက်ကိုင်ဖုန်း၊ ကား၊ လက်ဝတ်လက်စား တွေဈေးနှုန်း ဘယ်လောက်ကွာတဲ့ အကြောင်း၊ တစ်ခြားနိုင်ငံကြီးတွေကို ဘယ်လိုလမ်းကြောင်းနဲ့ သွားရင်အဆင်ပြေမယ့် အကြောင်းတွေ ပြောတတ်ကြတယ်။ သူတို့ပြောတဲ့ အထဲမှာ နိုင်ငံရေးမပါဘူး။ ဘာသာရေးမပါဘူး။ ဘ၀ကိုဘယ်လို တိုးတက်အောင်ဆက်လုပ် မလဲပဲ အကြံဥဏ်ပေးတတ်ကြတယ်။ တစ်ခါတစ်လေ ညသန်းခေါင်ကြီးဖုန်း မဆက်နဲ့လေလို့ တောင်းပန်သယောင်နဲ့ ဟန့်တားတတ်ကြသေးတယ်။ ပတ်ဝန်းကျင်က အကြောင်း၊ ဆွေမျိုးအကြောင်း စီကာပတ်ကုံး မပြောတတ်ကြဘူး။ ကိုယ့်ဘ၀ကို အမြင့်ဆုံးထိရောက်အောင် လမ်းစရှာပေးကြတယ်။ သားသမီးကို ချစ်တာတို့၊ ဂရုစိုက်ဖို့ ပြောနေတာထက် ဘာဆက်လုပ်ဖို့ပဲ တာဆူနေတတ်ကြတယ်။ ဖုန်းပြောပြီး " ဘိုင် ဘိုင် " လို့ဘိုလိုလေး အဆုံးသတ်ကြတယ်။

(၄)

ရွာထဲက သားသမီးနိုင်ငံခြားရောက် လို့ကတော့ တစ်ရွာလုံးသိပဲ။ ဖုန်းဆိုလည်း ရွာသူကြီးအိမ်မှာ သွားပြောရတာကိုးမလား။ ဥပမာ- တနင်္ဂနွေနေ့တိုင်း ညနေ ၇ နာရီးဆို ပုံမှန် သူကြီးအိမ်မှာ သွားထိုင်စောင့်နေပြီ။ အမေရော၊ အဖေရော၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားခြင်းပါ မကျန်ပါဘူး။ အိမ်နီးနားချင်းတွေက အမေတွေကလည်း ကလေးကတစ်ခွပိုက်လို့ နားစွင့်နေတတ်ကြတာပါပဲ။ ပြောတဲ့ အကြောင်းအရာတွေထဲက ရွာဦးကျောင်းဆရာတော်က စလို့ အရက်သမားဖိုးအေး အထိ ဆွေတစ်ရာ၊ မောင်တစ်ကျိတ်ပါမကျန် ပါတတ်ကြတယ်။ အိမ်ဦးခန်းမှာ အဲဒီသားသမီးပုံက ဘုရားပြီးရင် ကားချပ်အကြီးဆုံး မန်ဘောင်နဲ့ ကွတ်ထားတတ်ကြတာ။ အလည်ပြန်လာရင် မိသားစုအတွက်တင်မကပဲ လက်ဆောင်တွေဝယ်ရတာ မနည်းဘူး။ သူတို့ကလည်း လာမယ့်ရက်ကြိုတွက်ပြီးတော့ အိုးစည်ကနားနဲ့တောင် ကြိုဆိုချင်ကြတာမလား။ သားသမီးပို့တဲ့ ပိုက်ဆံထက် သားမျက်နှာမြင်ရဖို့က ပိုကြတယ်။ ရွာမှာက ခောတ်မှီပစ္စည်းထက် အလှူကြီးပေးနိုင်ရင် ပျော်လို့မဆုံးတော့။ လယ်ရှိရင်ထမင်း ငတ်ဖို့ပူစရာမှ မလိုတာလေ။ ပြီးတော့သူတို့ စိတ်ဝင်စားတာ ပါတိတ်လုံချည်မဟုတ်ဘူး၊ လက်ဆွဲအိတ်မဟုတ်ကြဘူး။ သားသမီးကောင်းကောင်း မွန်မွန်နေရတာမြင်ရ၊ ကြားရရင် ပျော်နေတတ်ကြတဲ့ မိခင်မျိုးတွေပါ။ ကြွားဝါဖို့ထက် သားသမီးပြောခဲ့သမျှကို မျက်ရည်စမ်းစမ်းနဲ့ ပီတိဖြာပြီး ပြောပြ တတ်ကြပြန်ရော။ ဖုန်းလာရင် ဘုန်းကြီးပါစေ၊ အသက်ရှည်ပါစေလို့ ဆရာတော်ကလည်း မေတ္တာပို့ပေးတယ် ဆိုတဲ့အကြောင်း ပြောတတ်တယ်။ တစ်ဖက်က ဖုန်းမချမချင်း စကားတွေ မရပ်မနားပြော တတ်သေးတယ်။ တစ်ဖက်က ဖုန်းချပြီးတာတောင် " ဟယ်လို ဟယ်လို" ဆိုပြီး ထပ်ပြောချင်ကြ ပြန်သေးရဲ့။


ဒီနံပါတ်စဉ်တွေက သားသမီးနိုင်ငံရပ်ခြားမှာ နေပြီးဝေးနေကြရတဲ့ အမေတွေပါ။ အမေအမျိုးမျိုး၊ စိတ်တွေကလည်း အထွေထွေပေါ့။ ဘယ်လိုပဲအယူစွဲမှား နေပါစေ အမေဟာ အမေပါပဲ။ တစ်ခြားခေါင်းစဉ် ပြောင်းတပ်လို့ မရဘူးလေ။ သားသမီးအပေါ် ချစ်ကြတာချင်းတော့ အတူတူပါပဲ။ သားသမီးအားလုံး အတွက် မာတာမိခင် ဆိုတာ မပယ်ကောင်း တဲ့ပုဂ္ဂိုလ်မျိုးပါ။ မွေးလာကတည်းက အတူတူနေစဉ်တုန်းအချိန်မှာ စာရေးသူတို့သာ အသက်ကြီးလာတာ။ အမေတွေက အသက်မကြီးလာသလိုလို၊ မအိုလာသယောင်ယောင် ထင်ခဲ့ကြတာပါ။ အကြာကြီးခွဲခဲ့ပြီး ရုတ်တရက်ပြန်တွေ့ရင် အမေတွေမျက်နှာကို သေချာကြည့်လိုက်ပါ။ အမေ့မျက်နှာပေါ်က အရေးအကြောင်းတွေ၊ တစ်ခါမှမတွေ့ဖူးတဲ့ အမေ့ခေါင်းပေါ်က ဆံပင်ဖြူတွေက အိုမင်းလာတယ်ဆိုတဲ့ သက်သေတွေပါ။ ဇရာရဲ့ လှည့်စားမှုတွေက အမေအားလုံးရဲ့ နုပျိုမှုတွေကို စုတ်ယူသွား စေခဲ့တာပါ။ " အမေရယ် အိုစာသွားလိုက်တာ..." လို့ဘယ်သားသမီးက ပြောထွက်မှာလဲ။ ရင်ထဲမှာ လူတိုင်းဒီလို ခံစားရကြမှာပဲ။ ဒါပေမယ့် အမေကို အလွန်အမင်း ရှုတ်တွနေတဲ့ မျက်နှာလိုအိုဇာသွားမှာတော့ စိုးရိမ်နေမိတယ်။ တစ်ကယ်လို့ အမေ့မှာ သွားတွေမစုံ၊ ဆံပင်တွေတစ်ခေါင်း လုံးဖွေးဖွေး ဖြူပြီး၊ ပါးရေနားရေ တွေရဲ့တွန့်ခေါက်မှုဟာ ကြည့်မကောင်းတော့အောင် အိုသွားတဲ့အချိန်ကျရင် အမေနဲ့ အခုလို ခွဲပြီးမနေချင်တော့ဘူး။ အမေ့ကိုချစ်တဲ့ သားသမီးဆိုတာ အမေကိုခြေဆုတ်လက်နှယ် ပြုစုပေးရမယ်လို့ စာရေးသူခံယူထားပါတယ်။

မလိမ္မာခဲ့တဲ့ စာရေးသူဟာ အမေကိုမျက်နှာချင်းဆိုင် မရှိခိုးပဲ အမေမမြင်အောင်ပဲ ဦးချဖူးတယ်။ အမေ့ကိုပွေ့ဖက်ရမှာ အပိုအလုပ်၊ ပတ်ချွဲနှပ်ချွဲဆိုပြီး ထင်ခဲ့မိသေးတယ်။ " အမေ့ကိုချစ်တယ် " လို့ပြောရမှာ ခုထိရှက်နေသလို ခံစားနေရတယ်။ ဖုန်းဆက်ရင် " နေကောင်းကြတယ်မလား အားလုံး " ၊ " ဒီနေ့ဘာဟင်းစားကြတာလဲ.." စသဖြင့် အပိုအလိုမရှိ စပြီးအမြဲပြော နေမြဲပါပဲ။ ရင်ထဲက ဆန္ဒအတိုင်း ခုထိဘာကြောင့် ပြောမထွက်တာလဲဆိုတာ ကိုယ်တိုင်ခဏခဏ မေးဖူးတယ်။ သူများတွေများ ပြောထွက်လိုက်ကြတာ။ စာရေးသူတော့ သူများ ပြောနေသံကြားရင်တောင် အပိုတွေ၊ ကဲလိုက်တာလို့ ဝေဖန်နေဆဲ။ ခွဲခွာခဲ့ရတာတွေ ကြာလွန်းလို့ အမေ့ရင်ခွင်ရဲ့ နွေးထွေးမှု အရသာဟာ ဖော်ပြရလောက်အောင် မရင်းနှီးတော့ပါဘူး။ ဘယ်ကိုပဲရောက်ရောက်ပါ။ ဘယ်ရင်ခွင်ဟာ အလုံခြုံဆုံးလည်း ဆိုတာသဘောပေါက်နိုင် ကြပါစေ။



ဖန်နေ၀န်း

Friday, September 24, 2010

" မှာပါရစေ ပြောပါရစေ "



(၁)

ကိုယ်သေရင် မငိုနဲ့

ပါးစိုရုံ ရှိမှာပေါ့။

သပိတ်မသွတ်နဲ့

လွတ်ပြီးသား ကျွတ်ပြီးသား။

ထမင်းမထုပ်နဲ့

သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။

အိုးမခွဲနဲ့ အိုးမလို

ဘာကိုမှ ကိုယ်မစွဲဘူး။

အပွင့်အခက် ယူမသွားနဲ့

ပြန်လိုက်ရမယ့်အစား မဟုတ်ဘူး။

ရက်လည်၊ လလည်၊ နှစ်လည်

ဘာကိုမှ မလည်နဲ့

သံသရာကြီးမှာ လည်ခဲ့သူ။

(၂)

ကိုယ်သေရင် မငိုနဲ့

ကြိုကြိုပြီး သေထားသူ။

“ဘုရားရှင်ရဲ့ ဂုဏ်တော်”ကို

မြတ်နိုးပူဇော်ရင်း

အကြိမ်ကြိမ် အသေရင်းထားသမို့

မရဏမင်းဆီ ပျော်ပျော်သွားမှာ။

ပြီးတော့ ဆက်ပြောပါရစေ...

သာသနာ၊ စာပေ၊ ပရဟိတ

လုပ်လက်စတွေကို ဆက်လုပ်ဖို့

ဟောဒီ ချစ်ရတဲ့ မိခင်မြေကို

ပြန်လာခဲ့မယ် မုချ။

ဒီတော့ ကိုယ်သေရင် မငိုနဲ့

ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ။

" လူသာဆုံးတာ ကျန်တာ မရှုံးဘူး "

မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။


မိုးဟိန်း (သားဂျာနယ်ကျော်) (၁၉၄၂-၂၀၁၀)

၁၃၇၂ ခုနှစ် ၀ါဆိုလပြည့် ဓမ္မစကြာနေ့မှာ နောက်ဆုံးရေးခဲ့တဲ့ ကဗျာ

(၂၀၁၀ပြည့်နှစ် သြဂုတ် ၂၀ ရက်ထုတ် Bi Weekly Eleven ဂျာနယ်၊ အတွဲ ၃ အမှတ် ၂၁ ဖော်ပြပါရှိခဲ့ပါတယ်။)

( မှတ်ချက်။ သက်ဆိုင်သောသူများအား ဆရာ့ကဗျာကို သိမ်းထားခွင့်ပြုရန် ခွင့်တောင်းအပ်ပါသည် )

Friday, September 17, 2010

" ကျနော်တို့ရပ်ကွက်အထာ..."


- မနက်တိုင်း အမေတွေစုပြီး ဈေးအတူတူသွား လေ့ရှိတယ်။

- ဈေးမသွားခင် " ဘာမှာဦးမလဲဟေ့ " လို့ တစ်အိမ်နဲ့ တစ်အိမ်မေးလေ့ရှိတယ်။

- ကိုယ့်အိမ်သား တစ်ယောက်ယောက် ရက်ကွက်ထဲသွားလို့ ပြန်မလာသေးရင် အသံကုန်ဟစ်ပြီး အော်ခေါ်ကြတယ်။ လိုက်ရှာဖို့ ၀ါသနာမပါကြဘူး။

- ဇာတ်လမ်းတွဲတွေကို အတွဲလိုက်ငှားပြီး တစ်အိမ်အိမ်မှာ စုပြီးကြည့်ကြတယ်။

- သာရေး၊ နာရေးရှိရင် အထွေအထူး လိုက်ခေါ်စရာ မလိုပဲတစ်အိမ် တစ်ယောက်ကူပြီး မီးခိုးတိတ်စား ကြတယ်။

- အသီးအနှံတွေကို အလုံးလိုက်ခွဲပြီး အိမ်နီးနားချင်းဝေစားလေ့ ရှိတယ်။ ဥပမာ ဖရဲသီး ၊ နာနတ်သီး။

- အပြင်သွားရင် ခြံတံခါးမခတ်ထားကြဘူး။ ခြံထဲရှိတဲ့ စားပင်တွေကို ကြိုက်သလို ခွင့်မတောင်းပဲ ခူးလို့ရတယ်။ နောက်မှ " မြခက်ရေ..ကျုပ်ဒန့်သလွန်ညွှန့်လေး ခူးလိုက်သယ်နော့်...." အဲလိုလေး ပြောတတ်ကြတယ်။

- ဘေးအိမ်က ချဉ်ပေါင်ဟင်းရည်ချက်လို့ အနံ့မွှေးလာရင် " တစ်ခွက်လောက် လုပ်ဦးဟေ့.." လို့ပွင့်ပွင့် လင်းလင်းတောင်းစား တတ်ကြတယ်။

- ဧည့်သည်လာလို့ ထမင်းမလောက်ရင် မီးဖိုချောင်မှာ သွားယူသလိုလိုနဲ့ သူများအိမ်ကနေ တိတ်တိတ်လေး တောင်းကျွေး လေ့ရှိတယ်။

- မိန်းမတိုင်း စကားကို ကျယ်ကျယ်ပြောလေ့ ရှိကြတယ်။

- ....................................

- ...................................................

- ...............................................................။


ဒီလိုရက်ကွက်သေးသေး လေးထဲမှာ ကြီးပြင်းခဲ့ပြီး မနေဖြစ်တော့တာ ဆယ်နှစ်ကျော်ခဲ့ပါပြီ။ တစ်ခါတစ်ခါ လည်းသတိရမိသလို တစ်ခါတစ်ခါ လည်းငယ်နာမည်လေး ခပ်မေ့မေ့ ဆိုသလို ဖြစ်နေပါပြီ။


ဖန်နေ၀န်း

Thursday, September 16, 2010

" လမ်းခွဲဇယား "



ဒီနေ့ ကျနော်နဲ့ လမ်းခွဲမယ်လို့ သူမပြောခဲ့တယ်။

မနေ့ညက တစ်ညလုံး ကျနော်အိပ်မပျော် နိုင်ခဲ့ဘူး။ ကံဆိုးစွာနဲ့ ဒီနေ့မနက်စောစော ကတည်းက မိုးရွာနေခဲ့ပြန်တယ်။ တစ်ကယ်ကို ကျနော်ဘာလုပ်သင့်လဲ သေချာစဉ်းစား ခဲ့တယ်။ ကျနော်ထီးမစောင်းပဲ ခပ်စောစော ထွက်လာခဲ့တယ်။ ကျနော်တို့ နောက်ဆုံး ချိန်းထားတဲ့ နေရာက ကော်ဖီဆိုင် အစွန်ဆုံးက စားပွဲဝိုင်းလေးမှာ။ ကျနော်ရောက်တော့ သူမကရောက်နှင့် နေပြီ။ သူမဘာသာ ကော်ဖီတစ်ခွက်မှာ သောက်နေတယ်။ ကျနော်ရောက်တော့ ခံစားချက်မဲ့တဲ့ မျက်လုံးနဲ့ ကြည့်နေခဲ့တယ်။ ကျနော်အသက်ပါပါ ပြုံးပြလိုက်ပေမယ့် သူမနှုတ်ခမ်းတွေ နှုတ်ဆိတ်နေခဲ့တယ်။ ကျနော်တို့ အတန်ကြာနှုတ်ဆိတ် နေခဲ့ကြတယ်။

" လမ်းခွဲတဲ့ အတွက်စိတ်မကောင်းပါဘူး..အဲဒီအတွက်လည်း ကျမ မတောင်းပန်နိုင်ဘူး...." လို့သူမပြောခဲ့တယ်။ ကျနော်တို့ အတန်ကြာ ဘာမှမပြော ဖြစ်ကြပြန်ဘူး။ ခဏကြာတော့ သူမလက်သန်းကြွယ်က ပလက်တီနမ် လက်စွပ်လေးကို ချွတ်လိုက်တယ်။ ကျနော့်ကို လှမ်းပေးခဲ့တယ်။ ကျနော့်မှာ ပြောစရာစကား ရှားပါးနေခဲ့တယ်။

" ကျမ သွားတော့မယ်..နှုတ်ဆက်ခဲ့ပါတယ်.." တဲ့။ ကျနော် သတိဝင်လာပြီး သူမလက်ကို လှမ်းဆွဲ လိုက်မိတယ်။ ပြီးမှ ပြန်တောင်းပန် လိုက်တယ်။

" ကိုယ်တို့ စာရင်းရှင်းကြရအောင်..." ကျနော်ခပ်တိုတို ပဲပြောပြီး အသင့်ယူထာတဲ့ မှတ်စုစာအုပ်လေး ကိုထုတ်လိုက်တယ်။

" လမ်းခွဲဇယား "

1.1st, June, ကျနော့်မွေးနေ့မှာသူ့ကိုပထမဆုံးလက်ဆောင်ပေးခဲ့တယ်။ (Sony Ericsson Handset = 150$)
2. 3rd, June , KFC စားကြတယ်..( 30$ / 2= 15$ per each )
3. 15th, June , သူအိမ်ပြောင်းတာ ( Taxi = 25$ for 13 minutes )
4. 30th, June , သူ့အမေအတွက် CG Brand လက်ဆွဲအိတ် ( 45 $ )
5. 15th, July, သူငယ်ချင်း မင်္ဂလာဆောင်သွားဖို့ အင်္ကျီဖိုး ( 39 $ )
6. 30th, July ,အိမ်လခစဖော်ဖိုး ခုထိပြန်မပေးရသေး ( 300 $ )
7. 17th, October, passport သက်တမ်းတိုးဖို့ အခွန်ဆောင်ပိုက်ဆံမလောက်လို့ စိုက်ထားတာ ( 50 $ )
( မှတ်ချက်။ လကုန်ရင် လွဲမယ်ဆိုပြီး ခုထိမလွဲရသေး )
8. Hari Raya Haji Holiday >> Zoo သွားတော့ လက်မှတ်ခ ( သူမနဲ့ သူမရဲ့သူငယ်ချင်းအတွက် 20 $ )
9. Phone Card ဖိုး ( Total 5 cards = 8x5= 40$ )
( Date မမှတ်မိတော့...)
10. 2006-07 New Year Night ( Party ဖိုးသူ့အတွက်စိုက်ခ = 30$ )

" ချစ်သူအတွက်နှစ်ချုပ် "

စုစုပေါင်း ရည်းစားသက်တမ်း - June to December ( 7 Months )
စုစုပေါင်း ကုန်ကျငွေ - 702 $
Remarks - ရည်းစားသက်တမ်း ၇ လအတွင်း သူမလက်ကိုသာ ကိုင်ခိုင်းခြင်း။
( ရုပ်ရှင်လက်မှတ်ဖိုးများ ထည့်မတွက်ထားပါ။ ကျနော်က လက်မှတ်ဝယ်၍ သူမကမုန့်ဝယ်သော ကြောင့်ဖြစ်သည်။ )


" ဟင်..နင်..နင်.." သူမတုန်လှုပ် စွာကျနော့်ကို အော်ခဲ့တယ်။

" နောက်တစ်နှစ်အတွက်က ဟိုဘက်စာမျက်နှာမှာပါ...." လို့ကျနော် သူမမျက်နှာကို မကြည့်ပဲ ပြောလိုက်တယ်။ ဖြတ်ကနဲ သူမလက်ညှိုးလေးနဲ့ 2007-08 နှစ်ချုပ်လေးကို တန်းခနဲ ထောက်ကြည့် လိုက်တယ်။

" 975$ and 50cents...ဟင် ပြားငါးဆယ်က ဘာအတွက်စွန်း နေရတာလဲ...." တဲ့။

" ချစ် ဒန်ပေါက်စားတဲ့နေ့ ကတစ်ရှူးလာရောင်းလို့ ၀ယ်လိုက်တာလေ..."

" ကို..ရယ်..အဲဒီလောက်တောင် မှတ်မိတာလားဟင်..." သူမပြောနေရင်း မျက်ရည်ဝိုင်းလာခဲ့တယ်။ ချစ်သူ သက်တမ်း တစ်လျှောက်လုံး ခေါ်လာတဲ့ " ကို " ဆိုတဲ့အသုံးအနှုန်း ရုတ်တရက် ပြန်ပေါ်လာ ခဲ့တယ်။ ရုတ်တရက် ဆိုသလို သူမမျက်နှာထားတင်း လာပြန်တယ်။

" အေး ..ကောင်းပြီလေ....ငါ ..နင့်ကို လကုန်ရင် ဒီငွေတွေ အားလုံးလွဲလိုက်မယ်..." သူမ ဒေါသသံနဲ့အတူ ငိုသံပါ ရောနေခဲ့တယ်။

" ကျန်သေးတယ်...." ကျနော်ခပ်ပြတ်ပြတ် ပြောမိလိုက်တယ်။

" ဘာလဲ..ဘာကျန်သေးလဲ..နင်ဘာပြန်လိုချင်သေးလဲ..." သူမနှုတ်ခမ်းတွေ တစ်ဆတ်ဆတ် တုန်ရီလာခဲ့တယ်။

" လက်ထဲက လက်ကိုင်ဖုန်း၊ ပြီးတော့ ဒီဖိနပ်ကလည်း Anniversary တုန်းက အမှတ်တရ ပေးခဲ့တဲ့ဟာမလား..."

သူမဆောက်တည်ရာမရ ထထွက်သွားခဲ့တယ်။ မြက်ခင်းပြင်ပေါ် ရောက်တော့ ဖိနပ်ချွတ်ပြီး ကျနော့် ရင်ဘတ်ကို ကောက်ပေါက်ခဲ့တယ်။ မိုးတွေကလည်း သဲကြီးမဲကြီးပါပဲ ရွာနေလိုက်ကြတာ။ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတဲ့ ပွဲကြည့်ပရိသတ်တွေ လိုပဲ။ သူမလှည့်ထွက် သွားခဲ့တယ်။ သူမငိုနေတာ ကျနော်မြင်နေရတယ်။ ကျနော်လည်း မတတ်နိုင်တော့ဘူး။

" ခဏ..ခဏ..."

သူမကိုက်စား လုမတတ်မျက်လုံးစိမ်းကြီးတွေနဲ့ လှမ်းကြည့်နေခဲ့တယ်။ သူမနဲ့ တော်တော် ဝေးတာတောင် အသက်ရှုသံတွေ ကြားနေရတယ်။ သူမပါးမှာ မိုးရေတွေလား၊ မျက်ရည်တွေလား ကျနော်မခွဲခြား တတ်တော့ဘူး

" ထီးလည်း ပြန်ပေးခဲ့ဦး..."

" ဘာ !!!!!! "

သူမ ခန္ဓာကိုယ် ရုတ်တရက်ဆိုသလို မိုးရေထဲမှာ ယိုင်လဲသွားခဲ့ တော့တယ်။

--------------------------------------။။။။။။။---------------------------------------------------

ခုတော့ ဒီအကြောင်းတွေကို ကျနော်တို့ရဲ့ မြေးတွေ၊ မြစ်တွေ အထိနှစ်ယောက်သား ဟာသ ပြောဖြစ်နေကြ ဦးမှာပါလေ။ စာဖတ်သူမောင်ဘွား မိတ်ဆွေတွေလည်း ချစ်သူက လမ်းခွဲမယ်ဆို ထုတ်သုံးဖို့ လက်နက်လေးပြင်ဆင် ထားကြဦးနော့။ ဒါမှ ချစ်သူကို အကြွေးနဲ့သိမ်းလို့ ရမှာ။



ဖန်နေ၀န်း

( မည်သူ့ကိုမျှ မရည်ရွယ်ပါ )

Thursday, September 9, 2010

Tuesday, September 7, 2010




" စာလုံးပေါင်းမှားတဲ့ ချစ်သူ"


စာလုံးပေါင်းမှား တဲ့ချစ်သူကြောင့်

ကျနော့်မှာ ပိုက်ဆံထက်

အချစ်က ပိုဆင်းရဲနေရတယ်။

လိမ်ညာတာ မကြိုက်လို့

သုံးဖူးတဲ့ မုသားက အပြာရောင်ပါ ချစ်သူရယ်…

နောက်ဆို အနည်းဆုံးတော့

ရင်ခုန်သံ စာလုံးပေါင်း မမှားစေရဘူး။

ရှင်းပြခွင့်၊ နာလည်မှု တိမ်လာပြီး

အက်ကွဲကြောင်းတွေ သာနက်လာခဲ့တယ်။

အချစ်ဥတုဒဏ်ကြောင့်

ငါ့နှလုံးသားလည်း စက်စက်ယိုနေပါပြီ

ပြန်မလာဘူး ပြောခဲ့တာတောင်

မိုက်မဲစွာ ငါစောင့်နေခဲ့တယ်။

ချစ်သူ

မင်းအတွက် ရူးခွင့်ရရင်တောင်

ငါသွက်သွက်ခါ ရူးပစ်လိုက်မယ်။

ချစ်သူ…

နင်မက်မက်မောမော ရှာနေတဲ့ ချစ်သူရင်ခွင်ဆိုတာ

နှစ်ပေါင်းများစွာက ပျက်စီးသွားတဲ့ နန်းတော်ဟောင်းကြီးလား…?????

“ တောက် “

တစ်ချက်ခေါက်သံနဲ့အတူ

ဂီတာရှိုတ်လေး လှည့်ထွက်သွားတာ

ခုထိပဲ။

လွမ်းလိုက်တာ ချစ်သူရယ်…….


ဖန်နေ၀န်း

" မီးလုံးလေးများ နဲ့ နိစ္စဓူဝ "



ကျနော်တို့က သူငယ်ချင်းတွေပါ။ သိပ်ကို ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေပါ။ ကျနော်တို့ လက်ချောင်းတွေ အကြိမ်ပေါင်းများစွာ နာကျင်တဲ့အထိ စကားတွေပြော ခဲ့ကြတယ်။ ဟာသတွေပြောရင်း အပျင်းဖြေကြတယ်။ သတင်းတွေပေးရင်း မျက်စိနဲ့နားကို ဖွင့်ကြတယ်။ တစ်ခါတစ်ရံ သီချင်း အသစ်လေးတွေ နားထောင်ဖို့ ပေးတယ်။ ရှေးဟောင်း နှောင်းဖြစ် လေးတွေပြောရင်း အလွမ်းသယ် ကြတယ်။ ဘာသာရေး ကအစ နိုင်ငံရေးပါမကျန် နှီးနှောဖြစ်ကြတယ်။ တစ်နေ့ထက်၊ တစ်နေ့သူငယ်ချင်း အသစ်တွေလည်း တွေထပ်တိုးလာခဲ့တယ်။ နာမည် တွေကလည်း ခောတ်ဆန်လာတယ်။ တစ်ချို့လည်း ကင်ပွန်းတပ်စရာ မလိုပဲ အမည်သစ်တွေ ဖြစ်လာကြတယ်။ ကျနော်တို့တွေ ကြားမှာ အချက်ပြမီးလုံး လေးတွေရှိတယ်။ မီးပွိုင့်တွေလိုပဲ အစိမ်း၊ အနီ နဲ့အ၀ါ နဲ့ကန့်သတ် ထားတယ်။ အစိမ်းရောင်သန်းနေရင် လျောလျောရှုရှု လေးပြောနိုင်တယ်။ မီးနီနေရင်တော့ “ R u busy? “ လေးနဲ့ အစပျိုးလေ့ ရှိကြတယ်။

မီးလုံးလေး တွေပေါ်က စာသားတွေက လည်းစွဲဆောင် မှုတစ်မျိုးပါပဲ။ လူအမျိုးမျိုး၊ စိတ်အထွေထွေ ဆိုတဲ့ အတိုင်း ခံစားချက်တွေက စုံလင်လို့။ တစ်ချို့က “ တရားနာယူနေပါသည်။ ကိစ္စမရှိရင် မခေါ်ပါနဲ့။ လူလိုနားလည်ပါ…” တဲ့။ တရားနာနေလည်း မီးလုံးလေး ဘာလို့ ပြထားသေးလဲ။ မခံနိုင်လောက်တဲ့ စာသားလေးသာ လှမ်းပြီး Enter ခေါက်ကြည့်လိုက်။ သူတော်စင်ကိုကို၊ မမတို့ ချက်ချင်းကို လက်တုံ့ပြန် တော့တာပါပဲ။ ဒီ Status တွေကလည်း စိတ်ထွက်ပေါက် တစ်ခုလိုပါ။ တင်ထားတဲ့ စာသားပေါ်မူတည် ပြီးသူ့ ခံစားချက်ကို ခန့်မှန်းနိုင်တယ်။ အချိန်တိုင်း ကိုယ်စိတ်ထဲခံစားနေရတာ မှန်သမျှ ချရေးလို့ ရတယ်။

တစ်ချို့လည်း "Never fear shadows. They simply mean there's a light shining somewhere nearby." ဒီလို စာသား လှလှလေးတွေ ရွေးတင်ကြသလို၊
“ ဘ၀ဆက်တိုင်း England မှာ ဘောလုံးသမား၊ Korea မှာ မင်းသား၊ ဂျပန်မှာ ယာကူဇာ၊ US မှာ Mafia၊ Myanmar နိုင်ငံမှာ ရာထူးကြီးတဲ့လူကြီးသား ဖြစ်ရပါစေ၊ အရှင်ဘုရား…”
“ အနိစ္စ~~~အရင်ရည်းစားကမမြဲ။ ဒုက္ခ~~~ဒီရည်းစားအတွက်သောကများရ။ အနတ္တ~~~နောင်လာမည့်ရည်းစားကလဲ အစိုးမရ။ ပြတ်သွားသမျှရည်းစားအားလုံး~~~အမျှ အမျှ….” မြင်တာနဲ့ ပြုံးချင်စရာဖြစ်အောင် တင်ကြတယ်။

ဆယ်ကျော်သက် ကောင်မလေး တွေကျပြန်တော့
“ ငါ့ရင်ဘတ်ထဲကို sign in နဲ့ဝင်လိုက် sign out နဲ့ပြန်ထွက်လိုက်နဲ့ မင်းငါ့ကို အင်တာနက်ဆိုင် ထင်နေလား? နောက်ဘယ်တော့မှ ပြန်ဝင်မလာနဲ့!!! မင်းအတွက် connection ကျသွားပြီ...”
“အိပ်မက်တပွဲ ပေးပါ။ မျှော်လင့်ချက် များများထည့်၊ အတိတ် ဆိုးတွေ မပါစေနဲ့၊ ခံစားချက်ကို ပါးပါးလေး ဖြူး၊ သံယောဇဉ်လည်း ပါပါစေ”
“ ငါ့ထက် ခွင့်လွှတ်တတ် သူကိုတွေ့ရင် ငါ့ကို စွန့်ခွာသွားခဲ့ပါ။ ငါ့ထက် တမ်းတတတ်သူကို ဆုံမိရင် ငါ့ကို မေ့ထားခဲ့ပါ။ ငါ့ထက် သံယောဇဉ် ကြီးသူကို ခလုတ် တိုက်မိရင် ငါ့ကို ချန်ထားခဲ့ပါ….” ဆိုပြီး
အဲလို စာသားနုနု လေးတွေနဲ့ စိတ်ဝင်စားအောင် ကလူသယောင်၊ မြူသယောင် တင်ကြပြန်ရော။

တစ်ချို့ကလည်း “ မိုးတွေရွာနေပြီ လွမ်းလဲလွမ်းလှပြီ အချစ်ရယ် အနီရောင်စာတိုက်ပုံးထဲ ငါကိုယ်တိုင်ပဲ ခုန်ချလိုက်ချင်တယ်…” ဆိုပြီး ချစ်သူကို ခပ်ကဲကဲလေး လွမ်းနေသလို တင်ကြတယ်။

တစ်ချို့ကလည်း တစ်မျိုးလေး။
“ပျော်ပျော်နေ သေခဲ … မော်တော်နေ ရေထဲ … အိမ်မှာနေ အမေဆဲ … ရန်ကုန်မှာနေ ဗုံးကွဲ … နေပြည်တော်မှာနေ အသားမည်း … အမြင့်ဆုံးကိုတက် အချစ်ဆုံးကို ဖက်ပြီး အော်လိုက်မယ် … မီးလာပြီ … မီးလာပြီ … ဟေး” ဆိုပြီး ရေးတင်ကြတယ်။ နေ့ထူးနေ့မြတ်လို နေ့မျိုးကျပြန်တော့ ကျနော်တို့ လူမျိုးတွေက ချစ်စရာအကောင်းသား။ ဘုရားပုံတော် လေးတွေနဲ့ အတူ ၀ါဆိုလပြည့်နေ့၊ ကဆုန်လပြည့်နေ့ စသဖြင့် တင်လေ့ ရှိကြတယ်။ သတိပေးလှုံ့ဆော် ပေးနေသလို ဖြစ်တာပေါ့။ နိုင်ငံတော်ရဲ့ နေ့ထူးနေ့မြတ်တွေ မှာလည်း နိုင်ငံတော် အလံနှင့်အတူ အမျိုးသားနေ့၊ ပြည်ထောင်စုနေ့ စသဖြင့် ကြွေးကြော်ကြပြန်ရော။

“ ခိုင်မြဲခြင်းနဲ့ပြိုကွဲခြင်းကြားမှာ တခုပဲရှိတယ်။ ရိုးသားမှု။ ဒါဆိုဘာဂုဏ်ငယ် နေဦးမှာလည်း ငါတို့မှာ ရိုးသားခြင်းအပြည့်ရှိခဲ့တဲ့ လူတယောက်ရှိခဲ့တယ် ဒါဆိုဒီနေ့ဟာငါတို့အတွက် ဂုဏ်ရှိခြင်းနဲ့ ပြန်ပြီးအမှတ်တရ နေစေမယ့်အချိန် (သို့) ဂျူလိုင်၁၉” ဒီနှစ်အာဇာနည်နေ့ မှာ တင်ထားတဲ့ စာပုဒ်လေးကို သဘောကျလို့ ခွင့်မတောင်းပဲ သိမ်းထားတာလေးပါ။ တစ်ခါတစ်လေ လူတွေဆိုတာက စကားအခွန်းပေါင်းများစွာ ထက်စာလေး တစ်ကြောင်းက ပိုထိမိကြတဲ့ သတ္တ၀ါမျိုး တွေမလား။

Globalization ခောတ်ကြီးထဲမှာ မြန်မာလူမျိုးတွေ အသုံးများတဲ့ Gtalk ဟာအတော်ကို နှစ်လိုဖွယ် ကောင်းပါတယ်။ ချစ်သူတစ်ယောက် လိုပါပဲ။ နေ့တိုင်းသူ့ကိုမှ မထိတွေ့ရရင် ရင်ထဲမှာဟာနေသလို။ ကျနော် တက္ကသိုလ်တက်တဲ့ အချိန်ထိ Internet, Email၊ Globalization ဆိုတဲ့ ဝေါဟာရတွေက သိပ်ကိုခေါတ်စားပြီး နာမည်ကြီးစကားလုံး တွေပါ။ သို့လော၊ သို့လောနဲ့ ဆိုလိုရင်းကို သိပ်မရှင်းခဲ့ဘူး။ ဆယ်တန်းမအောင်ခင် ကာလတုန်းကလည်း သိပ်ကိုနာမည်ကြီးတဲ့ ဝေါဟာရရှိခဲ့ဖူးသေးတယ်။ ကွန်ပြူတာတဲ့။ ပြန်တွေးပြီး ပြုံးမိတယ်။ တစ်ကျောင်းလုံးအတွက် ကွန်ပြူတာ နှစ်လုံးလောက်ကို တစ်ခမ်းတစ်နား ဖဲကြိုးဖြတ်ပြီး ဖွင့်ပွဲတွေ လုပ်ကြတယ်။ အဲဒီတုန်းက အတန်းထဲက ကောင်မလေးက ပြောတာမှတ်မိသေးတယ်။ ကွန်ပြူတာခန်းဖွင့်ပွဲ မှာဗန်းကိုင်ရမှာဆိုတော့ အဆင့်မြင့်တယ်တဲ့လေ။ ပြီးတော့ ဆရာမကမှာ လိုက်သေးတယ်။ မနက်ဖြန် ကွန်ပြူတာခန်းဝင်ဖို့ အ၀တ်အစားသန့်သန့်ပျံ့ပျံ့ ၀တ်လာကြတဲ့။ ကီးဘုတ်ကလေးကို လက်ကလေးနဲ့ တို့ထိရမှာတောင် ရင်တွေခုန်ခဲ့ လိုက်ရတာ။ အဲဒီတုန်းက ကွန်ပြူတာဆိုတာ မတော်တစ်ဆမှားနှိပ် မိလိုက်ရင် ဗုံးလိုပဲပေါက်ကွဲ တတ်သလိုလို။ အလုံပိတ် မှန်ခန်းမကြီး ထဲက လေးထောင့်တုံး ကွန်ပြူတာကို ချောင်းကြည့်ခဲ့ရတာလည်း ခဏခဏပါပဲ။

အင်တာနက်ဆိုတာ မသိခင်ကတည်းက တစ်သက်လုံး နေလာခဲ့ကြတာ ပြည့်စုံပါရဲ့။ ခုများ တစ်ရက်လောက် အင်တာနက်လေး မသုံးလိုက်ရရင် ကိုယ်တွေပူလာသလို၊ အဖျားပဲတက်လာသယောင် ခံစားနေကြရတယ်။ Gmail လေးစသုံးတတ်စက အရမ်းကိုခေါတ်မှီ သွားပြီလို့ ထင်ခဲ့မိတယ်။ Gtalk လေးပြော နေရရင်လည်း ဟင်မကောင်းပဲနဲ့တောင် ထမင်းမြိန်တယ်။ အရင်တုန်းကတော့ သူငယ်ချင်းတွေ အစိမ်းရောင်မီးလေး လက်ခနဲတွေ့တာနဲ့ လက်ကွက်တွေ သွက်လိုက်ကြတာ။ တစ်ရက်ကနေ တစ်လ၊ တစ်လကနေ တစ်နှစ် စကားလုံးတွေ ကိုစာလုံးပေါင်းပြီး ပြောနေလိုက်ကြတာ။ တစ်ယောက်နဲ့ တစ်ယောက် အပြင်မှာ မတွေ့ဖူးကြတာ ဘယ်လောက်ကြာပြီ မမှတ်မိကြတော့။ ဘယ်အချိန်ကာလ အထိ မမြင်ဖူးကြ တော့မလဲ ဆိုတာလည်း မတွေးမိကြတော့။ စကားလုံးချင်း ရင်းနှီးနေကြ ပေမယ့် ကျနော်တို့ နှလုံးသားချင်း တစ်ဖြည်းဖြည်းဝေး လာကြတယ်။ တစ်ဖြည်းဖြည်းနဲ့ ရင်းနှီးပါတယ်ဆိုတဲ့ သူငယ်ချင်းတွေ ကြားမှာ လက်ကွက်တွေ နှေးလာခဲ့တယ်။ စကားလုံးတွေ ဆိတ်သုဉ်းလာကြတယ်။ ရှားပါးလာကြတယ်။ ရံဖန်ရံခါ မိုးလင်းရင် ရေးမိတာက “ Good Morning….” တစ်လုံးတည်း။ ဆက်ပြီးဘာမှ မပြောဖြစ်ကြတော့။ အရင်ကထက် ကျနော်တို့မှာ ကိုယ်စီ၊ ကိုယ်စီကမ္ဘာပတ် စရာတွေများ လာတာလည်း တစ်ခုအပါအ၀င်ပဲ။ ဒါကိုပဲ Globalization လို့ဆိုရမလား။ တစ်ချို့ဆို သူငယ်ချင်းတွေကို မေ့ထားပြီး Face book မှာလယ်စိုက် နေကြတာလည်း ဒုနဲ့ဒေး။ တစ်ချို့များ ကြပြန်တော့ သူငယ်ချင်း Profile ထဲသာကြောင်း၊ မာကြောင်းတွေ နောက်ထား “ Help me “ ဆိုတဲ့ Links လေးချန်သွား ကြသေးတယ်။ တစ်ချို့ပုဂ္ဂိုလ်တွေ အတွက်တော့ ၀ါသနာပါရာ ဘလော့ပေါင်းစုံကို New page ကနေဟောတစ်ခု၊ ဟောတစ်ခု စိတ်ကြိုက်လည် ကြပေါ့။ အလုပ်ချိန်မှာဆို အလုပ်ဖိုင်က တစ်ခုတည်းလောက်ပါ။ တစ်ခြား Minimize Files တွေကတော့ အောက်ကဘားတန်း သေးသေးလေးထဲ အစီအရီပဲ။

ခုချိန်မှာတော့ ဒီအချက်ပြမီးရောင် လေးတွေဟာ ကျနော်တို့ကို အမှန်တစ်ကယ် ရင်းနှီးစေခဲ့ တာလား၊ ရင်းနှီးချင်ယောင်ဆောင် နေခဲ့တာလားဆိုတာ ဝေေ၀၀ါးဝါး ဖြစ်လာတယ်။ အရင်တုန်းကလို လက်ဘက်ရည်ဆိုင် အတူတူ ထိုင်ချင်တယ်။ စိတ်လိုလက်ရ တစ်ယောက်နဲ့ တစ်ယောက်ရိုက်လား၊ ပုတ်လား စကားလုံးတွေကို တိုက်ရိုက်ပြောချင်တယ်။ ဘောလုံးပွဲတွေ အကြောင်းကို ၀ါးလုံးကွဲအောင် ငြင်းချင်သေးတယ်။ ကောင်မလေးတွေ အကြောင်း၊ စာပေရေးရာနဲ့ အလာပသလာပ တွေပြော ခဲ့တဲ့ အချိန်တွေကို မက်မောနေသေးတယ်။ အရင်က ကျနော်တို့မှာ ပိုက်ဆံတွေ မလောက်ငှလည်း စိတ်မညစ်ကြဘူး။ လက်ဖက်ရည်တစ်ခွက်လည်း အတူသောက်နိုင်တယ်။ ဂျာနယ်တစ်စောင် ထဲလည်းအတူ ဖတ်နိုင်တယ်။ ဆေးလိပ်တစ်ဗူးကို ၀ိုင်းခဲပြီး အကြမ်းရည်နဲ့ လည်းအလုပ်ဖြစ်တယ်။ ငွေမလောက်လည်း ဘီယာကိုမျှ သောက်နိုင်ကြတယ်။ အဲဒီအချိန်တုန်းက ကျနော်တို့ ရင်ဘတ်ချင်းဖလှယ်ကြတယ်။ စိတ်ကူးချင်း ညှိယူခဲ့ကြတယ်။ ခံစားချက်တွေကလည်း ဆင်တူရိုးမှားပဲ။

ခုဒီမီးလုံးလေးတွေကြောင့် ကျနော်တို့ရင်ဘတ်ချင်း ဆက်သွယ်မှုဧရိယာ ပြင်ပကို တွန်းပို့ခံကြရတယ်။ အရင်တုန်းကထက် ငွေကြေးတွေ ပြည့်စုံလာခဲ့ပေမယ့် ပျော်ရွှင်မှုတွေ ခမ်းခြောက်လာတယ်။ လက်ကိုင်ဖုန်း အကောင်းစားတွေ ကိုယ်စီရှီနေကြပေမယ့် နံပါတ်တွေက အေးခဲနေကြတယ်။ သက်ရှိ သူငယ်ချင်းတွေက သက်မဲ့မီးလုံးလေး တွေအဖြစ်နေရာ ယူလာကြတယ်။ မီးအစိမ်းရောင် လေးတွေကပဲ နှလုံးသားတွေကို စိမ်းစေခဲ့တာလား။ အပြင်မှာ တစ်နေ့နေ့ ပြန်တွေ့ကြရင် ပြုံးပြနှုတ်ဆက်ရုံ ပဲလား။ အရင်ကလို ဖက်လည်း တစ်ကင်း ရှိနိုင်ဦးမှာလား။ တစ်ယောက်နဲ့ တစ်ယောက်မီးနီ မပြဖို့က အရေးကြီးဆုံးပါ။
ဘာပဲဖြစ်ဖြစ်ပါ။ ကျနော်တို့ရဲ့ နေ့စဉ်နိစ္စဓူဝ တွေကြားမှာ ဒီအချက်ပြ မီးလုံးလေးတွေ လင်းနေဖို့လည်း ဆက်လက်လိုအပ် နေဆဲမလား။


ဖန်နေ၀န်း