Wednesday, October 13, 2010

" ဘ၀ဆိုသည်မှာ..."


(၁) သင့်အပြုံးတစ်ပွင့်ဟာ ချစ်စရာ ကောက်ကြောင်းလေးနဲ့အတူ ကွေးညွှတ်နေပါလိမ့်မယ်။
ဒါပေမယ့် အရာရာတိုင်းကို ဖြောင့်မတ်တည်ကြည် မှုတွေပေးစွမ်းနိုင်တဲ့ သဘောဆောင်တယ်။


(၂) ကျနော်တို့ဘ၀မှာမှန်ကန်စွာ နေထိုင်နိုင်ဖို့ လွတ်လပ်မှု (Freedom)ဟာ အရေးပါတယ်။

(၃) လူတစ်ဦးချင်းစီရဲ့ ဘ၀ဟာ ကြီးမားကျယ်ပြန့်တဲ့ အမှန်တရားတွေထဲ ၄င်းတို့ကိုယ်တိုင်
နက်ရှိုင်းမှု အပြည့်နဲ့ နေထိုင်ရှင်သန်ကြရတယ်။


(၄) လူတိုင်းဘ၀မှာ လိုချင်တောင့်တမိတာက စစ်မှန်တဲ့ ပျော်ရွှင်မှုတွေ စဉ်ဆက်မပြတ်
စီးဆင်းနေဖို့ပါပဲ။


(၅) ဘ၀ဆိုတာ ၀ိညာဉ်တစ်ခုကို ရှင်သန်မွေဖွားဖို့ အခွင့်အလမ်း တစ်ခုမျှသာ ဖြစ်တယ်။

(၆) အများအကျိုးအတွက် ရှင်သန်တဲ့ ဘ၀သာလျှင် လုပ်သင့်လုပ်ထိုက်ပြီး အဓိပ္ပါယ်ရှိတဲ့
ဘ၀ဖြစ်စေတယ်။


(၇) အကယ်၍ လောကကြီးကသင့်ကို အရည်ရွှမ်းတဲ့ အသီးပေးခဲ့မယ်ဆို အကျိုးရှိရှိ
ထုတ်ယူသုံးစွဲနိုင်အောင် လုပ်ဆောင်ပါ။


(၈) ဘ၀ကို လိုလိုလားလား ရွက်လွင့်နေသူသာလျှင် အဓိပ္ပာယ်ရှိတဲ့သူ ဖြစ်နိုင်တယ်။

(၉) လောကကြီးကို အမြဲတမ်းကောင်းတဲ့ ဘက်ကကြည့်ပေးပါ။

(၁၀) ဘ၀ဆိုတာ တန်ဖိုးရှိစွာ ရှင်သန်နေထိုင်ဖို့ လိုအပ်သလို သင့်ယုံကြည်မှုတွေဟာလည်း
အမှန်တရားကိုဖန်တီးပေးနိုင်ဖို့ ကူညီနိုင်ပါလိမ့်မယ်။


(၁၁) တစ်ကယ်လို့ ဘ၀ခရီးလမ်းဟာ လှပဖြောင့်ဖြူး နေခဲ့မယ်ဆိုရင် ဘယ်နေရာ၊ ဘယ်အချိန်ထိ
ဦးတည်သွားမှာလဲ ဆိုတာကျွန်တော်တို့ကိုယ်တိုင် မမေးကြပါနဲ့စို့။


(၁၂) အဆုံးသတ်မှာ သင့်ရဲ့ လုပ်ဆောင်မှု၊ တာဝန်တွေအတွက် ဘ၀ကို ဖြတ်သန်းလာခဲ့တာ
မဟုတ် ဘူး။
သင်ဖြတ်သန်းလာခဲ့ခြင်းသာလျှင် " ဘ၀ " ဖြစ်တယ်။


တစ်ခါတစ်လေလည်း ဘ၀ဆိုတာကို ရိုးရိုးလေး ဘာသာပြန်ချင်မိသည်။ ရိုးရိုးလေးတွေးပြီး ဆန်းဆန်းလေး ရေးချင်မိသည်။ လှလှပပ စာသားတွေတွေထဲ အဓိပ္ပာယ်နှက်နှက် လေးတွေး စေချင်သည်။ အနုပညာဆန်လှတဲ့ စာရေးခြင်းအနုပညာ ဟာသိမ်မွေ့ပြီး နက်ရှိုင်းလွန်းလှပေသည်။ လူတိုင်းသည် စာရေးတတ်ကြ၏။ စာရေးသူသည် စာဖတ်အားနည်း၍ စာရေးမတော်သော
" စာရေးသူ " မျှသာဖြစ်သည်။ စာရေးသူ ဘာသာပြန်မိသော " ဘ၀ဆိုသည်မှာ..." သည် ပတ်ဝန်းကျင် တွင် မြင်တွေ့သမျှကို ဥာဏ်စွမ်းရှိသ၍သာ ဖော်ပြထား ခြင်းဖြစ်၏။ မူရင်းစာသားများမှာ တစ်ပိုင်းတစ်စ များသာဖြစ်၍ မဖော်ပြတော့ပါ။



ဖန်နေ၀န်း

Thursday, October 7, 2010

" အချစ်ညီမျှခြင်းလမ်းခွဲ "



(၁)
သူမနာမည် သီရိမြတ်လင်း။
လူတွေက သူမကို သီရိလို့ပဲခေါ်ကြတယ်။ ဒါပေမယ့် ကျနော်က " မြတ်လင်း " လို့ သူမအဖေနာမည်နဲ့ တပ်ခေါ်တယ်။ သူမနှင့် ကျနော်က ကုမ္မဏီတစ်ခုမှာ လုပ်ဖော်ကိုင်ဖက် အနေနဲ့ တွေ့ခဲ့ကြတာပါ။ ၀န်ခံရရင် သူမကိုမြင်မြင်ချင်း ရင်ခုန်ခဲ့မိတယ်။ မှတ်မှတ်ရရ သူမနဲ့စသိတဲ့နေ့က အ၀ါရောင် အင်္ကျီလက်ပြတ် နဲ့အလှကြီးလှနေခဲ့တယ်။ အဲဒီနေ့က သူမရုံးကို နောက်ကျမှ ရောက်ခဲ့တယ်။ ခမန်းကတန်း ၀င်လာတဲ့သူမ တစ်ပိုင်းတစ်စ မိုးတွေလည်းရွှဲလို့။ သူမရဲ့ကပိုကရိုအလှကို ငေးနေမိတာ မျက်တောင်ခတ်ဖို့မေ့ပြီး မျက်ရည်တောင် ၀ိုင်းလာခဲ့တယ်။ သူမခါချလိုက်တဲ့ မိုးရေတစ်စက် ဖျတ်ကနဲ မျက်လုံးထဲဝင်သွားမှ ဆူးကနဲအကြည့် ရပ်သွားခဲ့တော့တယ်။ မျက်လုံးခတ်လိုက်တော့ ကျနော်မျက်ရည် ကျသွားခဲ့တယ်။ အံ့သြစိုးရိမ်တစ်ကြီး နဲ့လှမ်းကြည့်လာတဲ့ သူမကိုမျက်နှာချင်း ဆိုင်ဖို့ တော်တော်လေး ရှက်သွားခဲ့တယ်။ သူမက ကျနော့်ထက် နှစ်နှစ်သာသာ ငယ်ပေမယ့် နင်နဲ့ငါ ပဲသုံးတယ်။ ကံကောင်းချင်တော့ ကျနော့်ဘ၀မှာ ရင်ခုန်ဖူးတဲ့သူနဲ့ တွေ့ခဲ့ရတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ သူမမှာ ချစ်သူရှိနှင့် နေခဲ့တယ်။ ကျနော်က သူမရဲ့ ဒုတိယချစ်သူ ဖြစ်လာခဲ့တယ်။ ဘ၀မှာ အနည်းဆုံးတစ်ခါတော့ အချစ်အတွက် ရူးကြည့်ချင်တဲ့ အရွယ်လေ။ သူမရဲ့ ပထမချစ်သူနဲ့ လမ်းမခွဲသေးပဲ ကျနော်နဲ့ တရားဝင်တွဲသွား တွဲလာရှိနေခဲ့တယ်။ ရင်ခုန်သံတွေက ကဗျာတစ်ပုဒ်လို လှပနေခဲ့တယ်။ သူမကကျနော့်နားမှာ နေပြီး နှလုံးခုန်နှုန်းကို ရမ်သမ်ညှိပေး နေခဲ့တယ်။ အဲဒီတုန်းက ကျနော်အမုန်းဆုံးက နေညိုချိန်တွေကိုပဲ။ ချစ်သူပုခုံးပေါ် ခဏတစ်ဖြုတ် နားတဲ့လိပ်ပြာ ကိုတောင်မသတီနိုင်ခဲ့ဘူး။ ကျနော်ချစ်တာ သူမ။ သူမမိသားစုအကြောင်း၊ ဆွေမျိုးအကြောင်း၊ သူမရဲ့ချစ်သူက မိဘ သဘောတူထားတဲ့ ငယ်ကျွမ်းဆွေ တွေစတဲ့ အကြောင်းပေါင်းများစွာ တို့ကို နားမထောင် ချင်ယောင်ဆောင်ရင်း ကျနော်အလွတ်ရနေခဲ့တယ်။ ကျနော်သိထားတာက ကျနော်တို့နှစ်ယောက် အပြန်အလှန် ချစ်မိနေကြပြီ ဆိုတာပဲ။

သူမချစ်သူအတွက် ကျနော့်အရှေ့မှာ ကျခဲ့တဲ့မျက်ရည်စက်တိုင်း ကျနော့်ရင်ခုန်သံကို ရာခိုင်နှုန်းလျော့စေခဲ့တယ်။ ဒေါသစိတ်တွေကို ရင်ခုန်သံထဲကနေနုတ်တဲ့ နည်းကို ကျနော်ရှာဖွေခဲ့မိတယ်။ သူမမျက်ရည်တွေကို သုတ်ဖို့ကျနော့်လက်တွေ မသုံးချင်ခဲ့မိဘူး။ ကျနော့်အချစ်က နှစ်သိမ့်ဖို့မဟုတ်ဘူး။ ပျော်ရွှင်စရာ ကောင်းတဲ့အချစ်မျိုး။ ချီတုံချတုံ မသဲကွဲတဲ့ ပိုင်ဆိုင်မှုအတွက် အလုပ်သင့်ဆုံးကို ကျနော်ရွေးချယ်ခဲ့တယ်။ ကျနော်တို့ သုံးယောက်လုံး မြလမ်းထဲက နာမည်ကြီး ရခိုင်မုန့်တီဆိုင် မှာပုစ္ဆာတစ်ပုဒ် ကိုအဆုံးသတ် တွက်ခဲ့ကြတယ်။ အဲဒီနေ့က ကျနော်တို့ စကားတစ်လုံး မှမပြော ဖြစ်ခဲ့ကြဘူး။ ရခိုင်မုန့်တီ အရည်နဲ့သုံးပွဲကို ကျနော်ကပဲ ဦးဆောင်မှာခဲ့တယ်။ ကျနော့်ဘ၀မှာ အဲဒီနေ့က ရခိုင်မုန့်တီဟာ မပူ၊ မငန်၊ မစပ်ပဲ အရသာမရှိဆုံး ဖြစ်မယ်ထင်တယ်။ မုန့်တီသုံးပွဲလုံး အငွေ့တစ်ထောင်းထောင်း နဲ့ကျနော်တို့ တစ်ယောက်ချင်းစီ ရှေ့မှာ စီစီရီရီ လေးရောက်လာခဲ့တယ်။ သူမရဲ့ ပထမချစ်သူက သူမအလွယ်တစ်ကူ ခပ်ရလွယ်အောင် မသိမသာလေး သူမနားကို သူ့ရဲ့ပန်းကန်ရွှေ့ လိုက်တယ်။ ကျနော်က သိသိသာသာလေး သူမခပ်မရအောင် ပန်းကန်ကို သူမနဲ့ခပ်လှမ်းလှမ်းကို ရွှေ့လိုက်တယ်။ သူမပထမချစ်သူရော၊ ကျနော်ရောသူမ လက်ကိုမမှိတ်မသုန် ကြည့်နေခဲ့တယ်။ သူမလက်ဟာ အတန်ကြာမလှုပ်ယှက် နိုင်ဘူး။ သူမမျက်တောင်ခတ်တဲ့ အကြိမ်ကသာမန်ထက် ပိုများနေတာ ရိပ်မိလိုက်တယ်။ ရင်ခုန်သံတွေအတွက် သေချာလေ့ကျင့် ခဲ့တာတောင် ကျနော် အမှားမှားအယွင်းယွင်းနဲ့။ ရုတ်တရက် ဆိုသလိုသူမရဲ့ ဇွန်းကိုင်ထားတဲ့ညာဖက် လက်ဟာ ကျနော့်ပန်းကန်ဘက်ကို ရွှေ့လာခဲ့တယ်။ ကျနော့်ရင်ခုန်သံတွေက မိုးခြိမ်းသံလို ကြားနေရတယ်။ ဖျက်ကနဲ ရှေ့နားကနံနံပင်ခွက်ကို ယူပြီးတစ်ခွက်လုံးကို ကျနော့်ပန်းကန်ထဲ မှောက်ချပစ်လိုက်တယ်။ ကျနော်သူတို့ နှစ်ယောက်ကို ပြုံးပြုံးလေးနဲ့ နာကျင်စွာ နောက်ဆုံးနှုတ်ဆက်ခဲ့တယ်။

သူမက နံနံပင်ကို အမုန်းဆုံးလေ။


(၂)
သူမနာမည် မြမဉ္ဖူ။
နာမည်လှသလို လူလည်းလှတယ်။ သူမက ငါးပေဆယ်လက်မရှိတဲ့ ကျနော့်အရပ်နဲ့ ပုခုံးချင်းတန်းတူပဲ။ သူမရဲ့အိမ်နာမည်က အရှည်ကြီးတဲ့။ ကျနော်တို့စတွေ့ကြတာက သီချင်းဆိုပြိုင်ပွဲ တစ်ခုမှာပါ။ လူအများကြားမှာ ထင်ပေါ်လှတဲ့ သူမအရပ်ထက် ကျနော့်ကို တုန်လှုပ်စေတာက သူမရဲ့သီချင်းဆို ကျွမ်းကျင်မှုပါ။ သူမကနာမည်ကြီး အနုပညာရှင် တစ်ယောက်ရဲ့ တူမလည်း ဟုတ်တယ်။ သူမရဲ့ သီချင်းဆိုဟန်နဲ့ စတိုင်တွေက အဆိုတော် ယုဇနနဲ့ တစ်ထပ်တည်း။ ကျနော်တို့ ဆုံဖြစ်ကြတဲ့ ပြိုင်ပွဲမှာလည်း သူမကယုဇန သိချင်းဆိုတယ်။ အဲဒီကတည်းက ကျနော်ကသူမကို " ယုဇန " လို့ပဲခေါ်ခဲ့တယ်။ သူမနဲ့တွေ့ဖြစ်ကြတိုင်း သီချင်းအကြောင်း ချည်းပဲပြောကြတယ်။ သူမကဂစ်တာလည်း ကျနော့်ထက် တီးတတ်တယ်။ သူမနဲ့ကျနော်က သီချင်းကြိုက်ပုံ ချင်းတူတယ်။ အသံမာမာနဲ့ ခပ်အေးအေးလေး ဆိုပြီးခံစားရတဲ့ စာသားလေးတွေကို ကြိုက်တယ်။
" My Love...There's only you in my life..The only thing that's bright......
My First Love....You're every breath that I take...You're every step I make........" Endless Love ထဲကစာသားလေး တွေကိုစာရွက်မှာ ရေးပြီးအလွတ်ကျက် ခဲ့ကြတယ်။ ဂစ်တာကောဒ့်တွေ ကြားထဲမှာ ကျနော်တို့ ကြည်နူးခဲ့ကြတယ်။ ပျင်းလာရင်ကျားထိုးတန်း ကစားကြတယ်။ ရှူံးတဲ့သူကို ရောင်စုံခဲတံတွေနဲ့ မျက်နှာပေါ် ပေါက်တတ်ကရ ရေးရတယ်။ လူတွေအများကြီး မရှိပဲ ကျနော်တို့ အူလိုက်သဲလိုက် ပျော်ခဲ့ကြတယ်။ သူ့ကိုနောက်တစ်ခု တိုးပြီးခင်မိတာက ရောင်စုံစက္ကူကြယ်လေးတွေ ကိုလှလှပပ ခေါက်တတ်တာပဲ။ ငှက်ပုံလေးတွေ ဖြစ်အောင်လည်း ခေါက်တတ်သေးတယ်။ သူ့အဖြေရဖို့ ကျနော့်မှာ သူပေးတဲ့ ရောင်စုံစက္ကူကြယ် ပုလင်းတစ်လုံးကို အကုန်ခေါက်ရိုးလိုက် ဖြေရသေးတယ်။ သူကအထဲကစာရွက် သေးသေးလေးထဲမှာ " ချစ်တယ် " လို့ရှင်းရှင်းလေး ရေးထားခဲ့တာ။ ကျနော်ကိုမှ အတာပါ။ နောက်မှသူပြန်ပြောပြတာက ကျနော်ပင်ပန်းမှာ ဆိုးလို့ ဆိုပြီးရောင်စုံစက္ကူကြယ် လေးတွေထဲကမှ အချစ်ရဲ့သက်သေ ပန်းရောင်ကို သုံးလေးခုလောက်ပဲ ထည့်ပြီးခေါက် ထားခဲ့တာတဲ့။ ဒါပေမယ့် ကျနော်ခေါက်ရိုးဖြေလိုက်တာ ပန်းရောင်ကနောက်ဆုံးမှလေ။ " ချစ်တယ် " လို့ရေးထားတဲ့ ပန်းရောင်စက္ကူကိုတောင် နောက်ဆုံးမှ ဖွင့်နိုင်ခဲ့တယ်။ ရုပ်ရှင်ကားကောင်းရင်လည်း မလွတ်တမ်းကြည့် ဖြစ်ကြတယ်။ သူမကရုပ်ရှင်ဇာတ်ကားထက် ရုပ်ရှင်ရုံထဲမှာ ကျနော့်ပုခုံးကို မှီပြီးနေခွင့်ရတာ ပိုနှစ်သက်တယ်။
တစ်ခါတစ်ရံ ဇာတ်လမ်းထဲ စိတ်ရောက် နေတာနဲ့သူမနမ်းလိုက်တာ ကို သတိမပြုလိုက်မိဘူး။ သူခပ်ဖွဖွလေး ဆွဲစိတ်လိုက်မှ သတိပြန်ဝင် လာတတ်တဲ့ ကျနော်ပါ။ ကျနော်သိပ်ချစ်သလို၊ သူမလည်းကျနော့်ကို သိပ်ချစ်ပါတယ်။ သူမကကျနော့်နာမည်ကို တစ်လုံးတည်း အဖျားဆွတ်ခေါ်တယ်။ ".........." တဲ့။

သူမနဲ့ အပတ်စဉ်သွားနေကြ ဘုရားကျောင်းရှေ့ကို ဒယ်ဒီလာစောင့်နေတဲ့နေ့။ ထိုနေ့က သဲကြီးမဲကြီး ရွာနေတဲ့မိုးဟာ ကျနော့်အတွက် ကံဆိုးစေခဲ့ တာပဲလား။ ကျနော့်ရင်ခုန်သံတွေကလည်း လေကြီးမိုးကြီးနဲ့ပါ။ " မင်းဘာလာလုပ်တာလဲ " ဆိုပြီး တစ်ခွန်းတည်း မေးခဲ့တယ်။ ဒယ်ဒီ့စကားတွေဟာ ပြတ်သားလွန်းနေခဲ့တယ်။ ကျနော်ရော သူမပါ ရှင်းပြခွင့် တောင်မရှိခဲ့ကြဘူး။ စကားလုံး တစ်လုံးစီတိုင်း ဟာသူမကိုသာမကပဲ သူမယုံကြည် အားကိုးရာ ပတ်ဝန်းကျင် တစ်ခုလုံးကိုပါထိခိုက် နာကျင်စေခဲ့တယ်။ သူမအတွက်ကာကွယ် ခဲ့တဲ့ကျနော့်ရဲ့ စကားလုံးတွေဟာ ဒယ်ဒီ့ရဲ့ခပ်ပြင်းပြင်း လက်သီးတစ်ချက်ကို မကျော်လွန်နိုင် ခဲ့ပါဘူး။ ကျနော်တို့ကားခပ်ဝေးဝေး ရောက်နေတဲ့အချိန်ထိ သူမကျနော့်ကို ငေးကြည့်နေဆဲ။ သူမခြေလှမ်းတွေက သူမရဲ့ယုံကြည်ရာ ဘုရားကျောင်းကြီးဆီကို ဦးတည်သွားနေမယ် ဆိုတာ ကျနော်သိနေခဲ့ပါတယ်။

အပြာရောင် ခေါက်ထီးတစ်လက် တည်းမြေပြင်ပေါ်မှာ ပိုင်ရှင်မဲ့နေခဲ့တယ်လေ။


(၃)ကျမနာမည်က မိချောပို။
ကျမမိဘတွေက ကျမကို မိချောပို လို့ပဲခေါ်တယ်။ ကျမနားမှာ ကြားရတာအခါးဆုံးပဲ။ ကျမဘော်ဒါရောင်းရင်း တွေကိုကတော့ " မောင်ပို " ဆိုသွားမထိ နဲ့။ နားကားသွားမယ်တဲ့။ ကျမကို အဖေနဲ့အမေကလွဲလို့ ရက်ကွက်ထဲ မိချောပို ခေါ်လို့ကတော့ တန်းမရွေးဘူး။ လာထားပဲ။ ကျမမှာ ငယ်ဖော်သူငယ်ချင်း " ငနေ " ရှိတယ်။ ဒီကောင်က ကျမအပေါ်ကောင်းပေမယ့် ဆရာကြီးသိပ်လုပ် ချင်တယ်။ မတည့်အတူနေပေါ့။ ဒီကောင်က ယောင်္ကျားအစစ်ဖြစ်ပြီး တစ်ခါတစ်ရံ သရဲဘောကြောင် တတ်တဲ့ကောင်။ ငယ်ငယ်ကတည်းက တစ်လကို တစ်ကြိမ်လောက်တော့ အနည်းဆုံး ဒီကောင်နဲ့ နားပန်းသတ်နေကြ။ ကျမအရွယ်လေး ရောက်လာတော့ လက်သီးကြေးပဲ ချတော့တယ်။ နပန်းသတ်ရင် အဖေကကျမကို ပြန်သတ်မှာလေ။ ကျမနဲ့ ငနေက ကျောင်းတက်ကတည်းက တစ်တန်းတည်း နေလာခဲ့တာ။ နည်းပညာတက္ကသိုလ် ရောက်တော့လည်း အတူတူပဲ။ ကျောင်းမှာအပြင်ဆောင် နေကြတော့ ကျမက ငနေတို့ ယောင်္ကျားလေးဆောင်မှာ နေဖို့ အပူတစ်ပြင်း ကြိုးစားခဲ့သေးတယ်။ အဖေလိုက်လာပြီး ဗျင်းတော့မှ ကျမကျောကော့ခဲ့ရတယ်။ မှတ်မှတ်ရရ ကျမက ကိုးတန်းရောက်မှ ကျောင်းလုံချည်စ၀တ်ခဲ့တာ။ အဲဒီနေ့ ငနေကျမကို ကြည့်ပြီးရီလို့ လုံချည်ကိုချွတ်ချလိုက်ပြီး ဒီကောင့်နောက် တုတ်နဲ့လိုက်တာ တစ်ကျောင်းလုံးကို ပွဲဆူခဲ့ဖူးသေးတယ်။ ကျမက လုံချည်အောက်အမြဲ ဘောင်းဘီရှည်ကို ခေါက်ဝတ်ထားတာ။ နောက်နေ့ကျမအဖေ ထမင်းတစ်နပ်မကျွေးပဲ တိုင်မှာကြိုးတုတ်ဖူး ကတည်းက ကျမခါးမှာ လုံချည်မြဲလာ ခဲ့တယ်။ ငနေက တက္ကသိုလ် ရောက်တော့ရည်းစား ကိစ္စပွေချင်သေးတယ်။ ကျမကို ဒေါသထွက်စေတာက ကျမနဲ့သူ ကြိုက်တဲ့ မိန်းကလေးက အမြဲလာလာ တူနေတတ်တာပဲ။ ဘာပဲဖြစ်ဖြစ် ကျမကတော့ အနေနီးဖို့ တစ်ဗန်းသာသာပေါ့။ ကောင်မလေးတွေက ဒီကောင့်ကို ဘာကြည့်ပြီး King ပေးသလဲ မသိပါဘူး။ ကျမကတော့ သူ့ကိုနှပ်ချီးတွဲလောင်း နဲ့ပုံပဲတွဲမြင်တယ်။ ကျမနဲ့ငနေ ကျောင်းက Queen ကိုအပြိုင်ပိုးရာကနေ ရန်သူတွေ ဖြစ်မှန်းမသိ ဖြစ်သွားကြတော့ တာပဲ။

ဒုတိယနှစ် အောင်စားရင်းထွက်တော့ ငနေနဲ့ သူမက တရားဝင်ချစ်သူတွေ ဖြစ်သွားခဲ့ကြတယ်။ ကျမကျောင်းကနေ အပြီးထွက်လိုက်တယ်။ ကျမမိဘတွေကို အတိုက်အခံလုပ်ပြီး ပညာရေးတက္ကသိုလ်ကို ပြောင်းတက်ခဲ့တယ်။ ကျမကျောင်းပိတ်လည်း အိမ်မပြန် ဖြစ်ခဲ့တော့ဘူး။ ကျမအတွက်အဖော်ဟာ စာအုပ်တွေဖြစ်လာခဲ့တယ်။ စာပေထဲကနေ အမှန်တရားကို လက်ခံနိုင်အောင် ကျမကြိုးစားခဲ့တယ်။ သဘာဝတရား တွေကိုချစ်တတ်လာ ခဲ့တယ်။ ကျေကျေနပ်နပ် လည်းလက်ခံတတ် လာခဲ့တယ်။ ဆံပင်တွေဆက် မညပ်ဖြစ်တော့ဘူး။ အဖေကျမကို လာတွေ့တော့ အဖေ့မျက်လုံးတွေကို ကျမဖတ်တတ်ခဲ့တယ်။ ကျမစေလိုရာစေ နဲ့တောင်တန်းဒေသ ဘက်ကိုတာဝန် ထမ်းဆောင်ဖို့ လျှောက်ခဲ့တယ်။ ကျမတစ်ပည့်လေးတွေရဲ့ " မင်္ဂလာပါဆရာမ " ဆိုတဲ့ စကားချိုးက ကျမစိတ်တွေကို ပိုပြီးပျော့ပြောင်း လာစေခဲ့တယ်။ တည်ငြိမ်တဲ့ မိန်းမသား တစ်ယောက်ရဲ့ ဘ၀ကို ကျမမြတ်နိုးတတ် လာခဲ့တယ်။ ဒါပေမယ့် ဒါဇင်ပေါင်းများစွာ သိမ်းထားခဲ့တဲ့ ကျမရဲ့ ရင်တွင်းဖြစ် ကဗျာတွေကို အဓိပ္ပာယ်ပြန်ဖို့ ရှက်နေခဲ့တယ်။ ခေါင်းစဉ် နဲ့စာသားသာ ကွဲပြားပြီး ခံစားချက်က တစ်ခုတည်းပဲ ဦးတည်နေလို့ပါပဲ။ ကျမသေတဲ့ အထိ သူ့ကိုထပ်မတွေ့ဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။

-----------------------------------------။။။။။။။။။။။။။။။။။။။။။----------------------------------------

အချစ်မှာ ရယူပိုင်ဆိုင်ခြင်းနဲ့ စွန့်လွတ်အနှစ်နာခံခြင်း ရယ်လို့လူတွေက ပညတ်ထားကြတယ်။ အချစ်ကို ပုံဖော်ရင်းပဲ သီအိုရီတွေ အန်ကျလာတတ်တယ်။ စာရေးသူက ရိုးသားတဲ့အချစ်မျိုးကိုပဲ မြတ်နိုးတယ်။ သူ့မှာ ပညတ်မှု၊ နှောင်ဖွဲ့မှု တွေမလိုအပ်ဘူး။ သိပ်ခါးတဲ့ ကော်ဖီတောင် အချစ်ခတ်ရင် ချိုလာနိုင်မှာပါ။ အချစ်ဆိုတာ ပျစ်ချွဲချွဲမဟုတ်ပဲ အနေတော်လောက် ချိုနေရင်တောင် တန်ဖိုးရှိလှပါပြီ။ အချစ်ကို ခမ်းခမ်းနားနား စာဖွဲ့ ရလောက်အောင်လည်း စာရေးသူ မကျွမ်းကျင်ပါ။ တတ်နိုင်တာက ရိုးသားမှုနဲ့ သစ္စာရှိမှုပါပဲ။ ဒီထက်ပိုပြီး အချစ်အတွက် ဘာမှ မချမ်းသာပါ။ တစ်ခါတစ်ရံလည်း အချစ်ဆိုတာ ဒိုင်ယာရီထဲက နံပါတ်စဉ်တွေလိုပဲ၊ အလွဲလွဲ အချော်ချော် နဲ့ပေါ့။ အချစ်အတွက် သီတင်းကျွတ်က ပြက္ခဒိန်ပြင်ပ ရောက်မနေဖို့က အရေးကြီးဆုံးပါ။ စာရေးသူအတွက်တော့ အချစ်ဆိုတာ လမ်းခွဲပါပဲ။



ဖန်နေ၀န်း

Tuesday, October 5, 2010

" အမေများ...."


(၁)

တစ်ချို့အမေတွေက ကိုယ့်သားသမီး နိုင်ငံခြားရောက်နေတာကို ခပ်ကြွားကြွားလေး ဂုဏ်ယူတတ်ကြတယ်။ သားကလေ နိုင်ငံခြားကနေဆိုပြီး စကားကို အတင်းစပ်ပြော တတ်ကြတယ်။ နိုင်ငံခြားနဲ့ ဖုန်းပြောရင် အသံကို ခပ်ကျယ်ကျယ်ပြော တတ်တယ်။ အလှူ၊ မင်္ဂလာပွဲတွေကို နိုင်ငံခြားက ပို့လိုက်တဲ့ အ၀တ်အစား၊ လက်ကိုင်အိတ်၊ လက်ကိုင်ဖုန်း တွေနဲ့ တမင်တန်ဆာ ဆင်သွားတတ်တယ်။ လူစုံရင် မသိမသာနှင့် သိသိသာသာ နဲ့ဒါလေးက သမီးပို့လိုက်တာ ဘာဘာညာညာ စသဖြင့် ရှင်းပြတတ်တယ်။ တစ်လကုန်တိုင်း သားသမီးဆီက ငွေပို့တာ မျှော်တတ်ကြတယ်။ အခါကြီး၊ ရက်ကြီးတွေမှာ ကုသိုလ်ရဖို့ထက် ကြွားဝါဖို့ အလှူတွေ အမျိုးမျိုးအဖုံဖုံ ပြုလုပ်တတ်တယ်။ သားသမီးတွေကို နိုင်ငံရပ်ခြားမှာပဲ အိမ်ထောင်ကျပြီး အခြေချေစေချင် ကြတယ်။ ဖြစ်နိုင်ရင် သားသမီး တွေ နဲ့ အတူ နိုင်ငံရပ်ခြားမှာပဲ လိုက်နေချင်တယ်။ ကိုယ့်ရေမြေ၊ ကိုယ့်ဒေသကို မကောင်းတာပဲ ရွေးပြောတတ်တယ်။ ပတ်ဝန်းကျင်မှာ နိုင်ငံခြားရောက်နေတဲ့ သားသမီးများရဲ့ အမေတွေ နှင့်သာအရေးတယူ ဆက်ဆံလေ့ရှိတတ်တယ်။ စကားလုံးတွေကြားမှာ နိုင်ငံခြားဖြစ်တွေက ညပ်ညပ်ပါလာ တတ်တယ်။ Internet Connection ကမကောင်းလို့၊ သူ့သမီးက ဟိုက PR နဲ့အိမ်ထောင်ကျနေတာ၊ Work permit နဲ့ Spass ကအခွန်ဘယ်လို ဆောင်ရတာ စသဖြင့် သားသမီးပြောသမျှ သေချာမသိပဲ လူတွေရှေ့ပြော တတ်ကြသေးတယ်။ ဒေါ်လာဘယ်ဈေးရှိလဲ ဆိုတာကို ဆန်တစ်ပြည်ဘယ်လောက်ထက် စိတ်ဝင်စားတတ်တယ်။ သားသမီးပြောပြ တဲ့လစာကို ပိုပိုသာသာလေးမြှောက်ပြီး ရင်ခုန်တတ်ကြတယ်။ ဘုရားသွားလည်း ဒီစကား၊ ရိပ်သာသွားလည်း ဒီစကား မရိုးနိုင်အောင်ပြောတတ်ကြတယ်။

(၂)

သားသမီးဆီ ကဖုန်းလာရင် ၀မ်းနည်း၊ ၀မ်းသား ဖြစ်တတ်ကြတယ်။ ဘယ်တော့လောက် ပြန်လာမှာလဲလို့ မေးလေ့ရှိတယ်။ ကျန်းမာရေးဂရုစိုက်ဖို့ အတန်တန်မှာကြား တတ်တယ်။ ငွေကအရေးမကြီးကြောင်း၊ ကျန်းမာအောင်အစားပုံမှန် စားဖို့လိုကြောင်းမှာ ထပ်တစ်လဲလဲ ပြောတတ်ကြတယ်။ ဘာစားချင်လည်း၊ ဘာပို့ပေးရမလဲ အမြဲမေးတတ်တယ်။ သားသမီးပို့လာတဲ့ ပိုက်ဆံကိုသုံးတန်သုံး၊ စုတန်စုပေးထားတတ်ကြတယ်။ လူကြုံဘယ်သူရှိလဲ အမြဲစုံစမ်း နေတတ်တယ်။ သားသမီးတွေအကြိုက် ကြိုတင်ပြင်ဆင် ထားတတ်ကြတယ်။ ဘာသာတရားကိုင်း ရှိုင်းဖို့အာပေးတတ်ကြတယ်။ အိမ်ပြန်လာရင် ၀မ်းပန်းတစ်သာ ဖြစ်အောင် စုစုဆောင်းဆောင်း နဲ့ ခမ်းခမ်းနားနားလေး ပြင်ဆင်ထားတတ်တယ်။ ပို့လာတဲ့ငွေကြေးတွေကို ဘယ်လိုတိုးပွားအောင် လုပ်မလဲဆိုတာ ကြံဆတတ်ကြတယ်။ ဒီနှစ်ပြန်လာမလား ဆိုတဲ့ မေးခွန်းထက် အဘွားကတောင် မေးနေတာ စသဖြင့် သွေးတိုးစမ်းတတ် ကြတယ်။ ဖုန်းပြောနေရင်း မတော်တစ်ဆ ချောင်းဟန့်မိတာနဲ့တင် ဆေးမသောက်ဘူးလား၊ အအေးမိတာလား၊ ရေချိုးမှားတာလား နဲ့လားပေါင်းများစွာ မေးခွန်းတွေ ပေါ်လာတတ်တယ်။ ဘာတွေစားသောက်နေလဲ ဆိုတာလည်း ဖြေပြီးတိုင်း ထပ်မေးတတ်ကြတယ်။ ရတနာသုံးပါး မမေ့ဖို့လည်း တစ်တွတ်တွတ်မှာကြား တတ်ကြပြန်တယ်။

(၃)

သိပ်ချမ်းသာတဲ့ မိသားစုတွေရဲ့ အမေကတော့ သိပ်မထူးဆန်းလှ။ သားသမီးဖုန်းလာသည့်တိုင် ဘာမှမတုန်လှုပ်၊ လုပ်လက်စအလုပ် မပျက်။ ပိုက်ဆံပို့ချင်ပို့ မပို့ချင်နေ ဘာမှမပြောကြဘူး။ မျှော်လည်းမမျှော်တတ်ကြ။ သားသမီးနဲ့ဖုန်းပြောတိုင်း နောက်ဆုံးပေါ် လက်ကိုင်ဖုန်း၊ ကား၊ လက်ဝတ်လက်စား တွေဈေးနှုန်း ဘယ်လောက်ကွာတဲ့ အကြောင်း၊ တစ်ခြားနိုင်ငံကြီးတွေကို ဘယ်လိုလမ်းကြောင်းနဲ့ သွားရင်အဆင်ပြေမယ့် အကြောင်းတွေ ပြောတတ်ကြတယ်။ သူတို့ပြောတဲ့ အထဲမှာ နိုင်ငံရေးမပါဘူး။ ဘာသာရေးမပါဘူး။ ဘ၀ကိုဘယ်လို တိုးတက်အောင်ဆက်လုပ် မလဲပဲ အကြံဥဏ်ပေးတတ်ကြတယ်။ တစ်ခါတစ်လေ ညသန်းခေါင်ကြီးဖုန်း မဆက်နဲ့လေလို့ တောင်းပန်သယောင်နဲ့ ဟန့်တားတတ်ကြသေးတယ်။ ပတ်ဝန်းကျင်က အကြောင်း၊ ဆွေမျိုးအကြောင်း စီကာပတ်ကုံး မပြောတတ်ကြဘူး။ ကိုယ့်ဘ၀ကို အမြင့်ဆုံးထိရောက်အောင် လမ်းစရှာပေးကြတယ်။ သားသမီးကို ချစ်တာတို့၊ ဂရုစိုက်ဖို့ ပြောနေတာထက် ဘာဆက်လုပ်ဖို့ပဲ တာဆူနေတတ်ကြတယ်။ ဖုန်းပြောပြီး " ဘိုင် ဘိုင် " လို့ဘိုလိုလေး အဆုံးသတ်ကြတယ်။

(၄)

ရွာထဲက သားသမီးနိုင်ငံခြားရောက် လို့ကတော့ တစ်ရွာလုံးသိပဲ။ ဖုန်းဆိုလည်း ရွာသူကြီးအိမ်မှာ သွားပြောရတာကိုးမလား။ ဥပမာ- တနင်္ဂနွေနေ့တိုင်း ညနေ ၇ နာရီးဆို ပုံမှန် သူကြီးအိမ်မှာ သွားထိုင်စောင့်နေပြီ။ အမေရော၊ အဖေရော၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားခြင်းပါ မကျန်ပါဘူး။ အိမ်နီးနားချင်းတွေက အမေတွေကလည်း ကလေးကတစ်ခွပိုက်လို့ နားစွင့်နေတတ်ကြတာပါပဲ။ ပြောတဲ့ အကြောင်းအရာတွေထဲက ရွာဦးကျောင်းဆရာတော်က စလို့ အရက်သမားဖိုးအေး အထိ ဆွေတစ်ရာ၊ မောင်တစ်ကျိတ်ပါမကျန် ပါတတ်ကြတယ်။ အိမ်ဦးခန်းမှာ အဲဒီသားသမီးပုံက ဘုရားပြီးရင် ကားချပ်အကြီးဆုံး မန်ဘောင်နဲ့ ကွတ်ထားတတ်ကြတာ။ အလည်ပြန်လာရင် မိသားစုအတွက်တင်မကပဲ လက်ဆောင်တွေဝယ်ရတာ မနည်းဘူး။ သူတို့ကလည်း လာမယ့်ရက်ကြိုတွက်ပြီးတော့ အိုးစည်ကနားနဲ့တောင် ကြိုဆိုချင်ကြတာမလား။ သားသမီးပို့တဲ့ ပိုက်ဆံထက် သားမျက်နှာမြင်ရဖို့က ပိုကြတယ်။ ရွာမှာက ခောတ်မှီပစ္စည်းထက် အလှူကြီးပေးနိုင်ရင် ပျော်လို့မဆုံးတော့။ လယ်ရှိရင်ထမင်း ငတ်ဖို့ပူစရာမှ မလိုတာလေ။ ပြီးတော့သူတို့ စိတ်ဝင်စားတာ ပါတိတ်လုံချည်မဟုတ်ဘူး၊ လက်ဆွဲအိတ်မဟုတ်ကြဘူး။ သားသမီးကောင်းကောင်း မွန်မွန်နေရတာမြင်ရ၊ ကြားရရင် ပျော်နေတတ်ကြတဲ့ မိခင်မျိုးတွေပါ။ ကြွားဝါဖို့ထက် သားသမီးပြောခဲ့သမျှကို မျက်ရည်စမ်းစမ်းနဲ့ ပီတိဖြာပြီး ပြောပြ တတ်ကြပြန်ရော။ ဖုန်းလာရင် ဘုန်းကြီးပါစေ၊ အသက်ရှည်ပါစေလို့ ဆရာတော်ကလည်း မေတ္တာပို့ပေးတယ် ဆိုတဲ့အကြောင်း ပြောတတ်တယ်။ တစ်ဖက်က ဖုန်းမချမချင်း စကားတွေ မရပ်မနားပြော တတ်သေးတယ်။ တစ်ဖက်က ဖုန်းချပြီးတာတောင် " ဟယ်လို ဟယ်လို" ဆိုပြီး ထပ်ပြောချင်ကြ ပြန်သေးရဲ့။


ဒီနံပါတ်စဉ်တွေက သားသမီးနိုင်ငံရပ်ခြားမှာ နေပြီးဝေးနေကြရတဲ့ အမေတွေပါ။ အမေအမျိုးမျိုး၊ စိတ်တွေကလည်း အထွေထွေပေါ့။ ဘယ်လိုပဲအယူစွဲမှား နေပါစေ အမေဟာ အမေပါပဲ။ တစ်ခြားခေါင်းစဉ် ပြောင်းတပ်လို့ မရဘူးလေ။ သားသမီးအပေါ် ချစ်ကြတာချင်းတော့ အတူတူပါပဲ။ သားသမီးအားလုံး အတွက် မာတာမိခင် ဆိုတာ မပယ်ကောင်း တဲ့ပုဂ္ဂိုလ်မျိုးပါ။ မွေးလာကတည်းက အတူတူနေစဉ်တုန်းအချိန်မှာ စာရေးသူတို့သာ အသက်ကြီးလာတာ။ အမေတွေက အသက်မကြီးလာသလိုလို၊ မအိုလာသယောင်ယောင် ထင်ခဲ့ကြတာပါ။ အကြာကြီးခွဲခဲ့ပြီး ရုတ်တရက်ပြန်တွေ့ရင် အမေတွေမျက်နှာကို သေချာကြည့်လိုက်ပါ။ အမေ့မျက်နှာပေါ်က အရေးအကြောင်းတွေ၊ တစ်ခါမှမတွေ့ဖူးတဲ့ အမေ့ခေါင်းပေါ်က ဆံပင်ဖြူတွေက အိုမင်းလာတယ်ဆိုတဲ့ သက်သေတွေပါ။ ဇရာရဲ့ လှည့်စားမှုတွေက အမေအားလုံးရဲ့ နုပျိုမှုတွေကို စုတ်ယူသွား စေခဲ့တာပါ။ " အမေရယ် အိုစာသွားလိုက်တာ..." လို့ဘယ်သားသမီးက ပြောထွက်မှာလဲ။ ရင်ထဲမှာ လူတိုင်းဒီလို ခံစားရကြမှာပဲ။ ဒါပေမယ့် အမေကို အလွန်အမင်း ရှုတ်တွနေတဲ့ မျက်နှာလိုအိုဇာသွားမှာတော့ စိုးရိမ်နေမိတယ်။ တစ်ကယ်လို့ အမေ့မှာ သွားတွေမစုံ၊ ဆံပင်တွေတစ်ခေါင်း လုံးဖွေးဖွေး ဖြူပြီး၊ ပါးရေနားရေ တွေရဲ့တွန့်ခေါက်မှုဟာ ကြည့်မကောင်းတော့အောင် အိုသွားတဲ့အချိန်ကျရင် အမေနဲ့ အခုလို ခွဲပြီးမနေချင်တော့ဘူး။ အမေ့ကိုချစ်တဲ့ သားသမီးဆိုတာ အမေကိုခြေဆုတ်လက်နှယ် ပြုစုပေးရမယ်လို့ စာရေးသူခံယူထားပါတယ်။

မလိမ္မာခဲ့တဲ့ စာရေးသူဟာ အမေကိုမျက်နှာချင်းဆိုင် မရှိခိုးပဲ အမေမမြင်အောင်ပဲ ဦးချဖူးတယ်။ အမေ့ကိုပွေ့ဖက်ရမှာ အပိုအလုပ်၊ ပတ်ချွဲနှပ်ချွဲဆိုပြီး ထင်ခဲ့မိသေးတယ်။ " အမေ့ကိုချစ်တယ် " လို့ပြောရမှာ ခုထိရှက်နေသလို ခံစားနေရတယ်။ ဖုန်းဆက်ရင် " နေကောင်းကြတယ်မလား အားလုံး " ၊ " ဒီနေ့ဘာဟင်းစားကြတာလဲ.." စသဖြင့် အပိုအလိုမရှိ စပြီးအမြဲပြော နေမြဲပါပဲ။ ရင်ထဲက ဆန္ဒအတိုင်း ခုထိဘာကြောင့် ပြောမထွက်တာလဲဆိုတာ ကိုယ်တိုင်ခဏခဏ မေးဖူးတယ်။ သူများတွေများ ပြောထွက်လိုက်ကြတာ။ စာရေးသူတော့ သူများ ပြောနေသံကြားရင်တောင် အပိုတွေ၊ ကဲလိုက်တာလို့ ဝေဖန်နေဆဲ။ ခွဲခွာခဲ့ရတာတွေ ကြာလွန်းလို့ အမေ့ရင်ခွင်ရဲ့ နွေးထွေးမှု အရသာဟာ ဖော်ပြရလောက်အောင် မရင်းနှီးတော့ပါဘူး။ ဘယ်ကိုပဲရောက်ရောက်ပါ။ ဘယ်ရင်ခွင်ဟာ အလုံခြုံဆုံးလည်း ဆိုတာသဘောပေါက်နိုင် ကြပါစေ။



ဖန်နေ၀န်း

Friday, September 24, 2010

" မှာပါရစေ ပြောပါရစေ "



(၁)

ကိုယ်သေရင် မငိုနဲ့

ပါးစိုရုံ ရှိမှာပေါ့။

သပိတ်မသွတ်နဲ့

လွတ်ပြီးသား ကျွတ်ပြီးသား။

ထမင်းမထုပ်နဲ့

သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။

အိုးမခွဲနဲ့ အိုးမလို

ဘာကိုမှ ကိုယ်မစွဲဘူး။

အပွင့်အခက် ယူမသွားနဲ့

ပြန်လိုက်ရမယ့်အစား မဟုတ်ဘူး။

ရက်လည်၊ လလည်၊ နှစ်လည်

ဘာကိုမှ မလည်နဲ့

သံသရာကြီးမှာ လည်ခဲ့သူ။

(၂)

ကိုယ်သေရင် မငိုနဲ့

ကြိုကြိုပြီး သေထားသူ။

“ဘုရားရှင်ရဲ့ ဂုဏ်တော်”ကို

မြတ်နိုးပူဇော်ရင်း

အကြိမ်ကြိမ် အသေရင်းထားသမို့

မရဏမင်းဆီ ပျော်ပျော်သွားမှာ။

ပြီးတော့ ဆက်ပြောပါရစေ...

သာသနာ၊ စာပေ၊ ပရဟိတ

လုပ်လက်စတွေကို ဆက်လုပ်ဖို့

ဟောဒီ ချစ်ရတဲ့ မိခင်မြေကို

ပြန်လာခဲ့မယ် မုချ။

ဒီတော့ ကိုယ်သေရင် မငိုနဲ့

ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ။

" လူသာဆုံးတာ ကျန်တာ မရှုံးဘူး "

မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။


မိုးဟိန်း (သားဂျာနယ်ကျော်) (၁၉၄၂-၂၀၁၀)

၁၃၇၂ ခုနှစ် ၀ါဆိုလပြည့် ဓမ္မစကြာနေ့မှာ နောက်ဆုံးရေးခဲ့တဲ့ ကဗျာ

(၂၀၁၀ပြည့်နှစ် သြဂုတ် ၂၀ ရက်ထုတ် Bi Weekly Eleven ဂျာနယ်၊ အတွဲ ၃ အမှတ် ၂၁ ဖော်ပြပါရှိခဲ့ပါတယ်။)

( မှတ်ချက်။ သက်ဆိုင်သောသူများအား ဆရာ့ကဗျာကို သိမ်းထားခွင့်ပြုရန် ခွင့်တောင်းအပ်ပါသည် )

Friday, September 17, 2010

" ကျနော်တို့ရပ်ကွက်အထာ..."


- မနက်တိုင်း အမေတွေစုပြီး ဈေးအတူတူသွား လေ့ရှိတယ်။

- ဈေးမသွားခင် " ဘာမှာဦးမလဲဟေ့ " လို့ တစ်အိမ်နဲ့ တစ်အိမ်မေးလေ့ရှိတယ်။

- ကိုယ့်အိမ်သား တစ်ယောက်ယောက် ရက်ကွက်ထဲသွားလို့ ပြန်မလာသေးရင် အသံကုန်ဟစ်ပြီး အော်ခေါ်ကြတယ်။ လိုက်ရှာဖို့ ၀ါသနာမပါကြဘူး။

- ဇာတ်လမ်းတွဲတွေကို အတွဲလိုက်ငှားပြီး တစ်အိမ်အိမ်မှာ စုပြီးကြည့်ကြတယ်။

- သာရေး၊ နာရေးရှိရင် အထွေအထူး လိုက်ခေါ်စရာ မလိုပဲတစ်အိမ် တစ်ယောက်ကူပြီး မီးခိုးတိတ်စား ကြတယ်။

- အသီးအနှံတွေကို အလုံးလိုက်ခွဲပြီး အိမ်နီးနားချင်းဝေစားလေ့ ရှိတယ်။ ဥပမာ ဖရဲသီး ၊ နာနတ်သီး။

- အပြင်သွားရင် ခြံတံခါးမခတ်ထားကြဘူး။ ခြံထဲရှိတဲ့ စားပင်တွေကို ကြိုက်သလို ခွင့်မတောင်းပဲ ခူးလို့ရတယ်။ နောက်မှ " မြခက်ရေ..ကျုပ်ဒန့်သလွန်ညွှန့်လေး ခူးလိုက်သယ်နော့်...." အဲလိုလေး ပြောတတ်ကြတယ်။

- ဘေးအိမ်က ချဉ်ပေါင်ဟင်းရည်ချက်လို့ အနံ့မွှေးလာရင် " တစ်ခွက်လောက် လုပ်ဦးဟေ့.." လို့ပွင့်ပွင့် လင်းလင်းတောင်းစား တတ်ကြတယ်။

- ဧည့်သည်လာလို့ ထမင်းမလောက်ရင် မီးဖိုချောင်မှာ သွားယူသလိုလိုနဲ့ သူများအိမ်ကနေ တိတ်တိတ်လေး တောင်းကျွေး လေ့ရှိတယ်။

- မိန်းမတိုင်း စကားကို ကျယ်ကျယ်ပြောလေ့ ရှိကြတယ်။

- ....................................

- ...................................................

- ...............................................................။


ဒီလိုရက်ကွက်သေးသေး လေးထဲမှာ ကြီးပြင်းခဲ့ပြီး မနေဖြစ်တော့တာ ဆယ်နှစ်ကျော်ခဲ့ပါပြီ။ တစ်ခါတစ်ခါ လည်းသတိရမိသလို တစ်ခါတစ်ခါ လည်းငယ်နာမည်လေး ခပ်မေ့မေ့ ဆိုသလို ဖြစ်နေပါပြီ။


ဖန်နေ၀န်း

Thursday, September 16, 2010

" လမ်းခွဲဇယား "



ဒီနေ့ ကျနော်နဲ့ လမ်းခွဲမယ်လို့ သူမပြောခဲ့တယ်။

မနေ့ညက တစ်ညလုံး ကျနော်အိပ်မပျော် နိုင်ခဲ့ဘူး။ ကံဆိုးစွာနဲ့ ဒီနေ့မနက်စောစော ကတည်းက မိုးရွာနေခဲ့ပြန်တယ်။ တစ်ကယ်ကို ကျနော်ဘာလုပ်သင့်လဲ သေချာစဉ်းစား ခဲ့တယ်။ ကျနော်ထီးမစောင်းပဲ ခပ်စောစော ထွက်လာခဲ့တယ်။ ကျနော်တို့ နောက်ဆုံး ချိန်းထားတဲ့ နေရာက ကော်ဖီဆိုင် အစွန်ဆုံးက စားပွဲဝိုင်းလေးမှာ။ ကျနော်ရောက်တော့ သူမကရောက်နှင့် နေပြီ။ သူမဘာသာ ကော်ဖီတစ်ခွက်မှာ သောက်နေတယ်။ ကျနော်ရောက်တော့ ခံစားချက်မဲ့တဲ့ မျက်လုံးနဲ့ ကြည့်နေခဲ့တယ်။ ကျနော်အသက်ပါပါ ပြုံးပြလိုက်ပေမယ့် သူမနှုတ်ခမ်းတွေ နှုတ်ဆိတ်နေခဲ့တယ်။ ကျနော်တို့ အတန်ကြာနှုတ်ဆိတ် နေခဲ့ကြတယ်။

" လမ်းခွဲတဲ့ အတွက်စိတ်မကောင်းပါဘူး..အဲဒီအတွက်လည်း ကျမ မတောင်းပန်နိုင်ဘူး...." လို့သူမပြောခဲ့တယ်။ ကျနော်တို့ အတန်ကြာ ဘာမှမပြော ဖြစ်ကြပြန်ဘူး။ ခဏကြာတော့ သူမလက်သန်းကြွယ်က ပလက်တီနမ် လက်စွပ်လေးကို ချွတ်လိုက်တယ်။ ကျနော့်ကို လှမ်းပေးခဲ့တယ်။ ကျနော့်မှာ ပြောစရာစကား ရှားပါးနေခဲ့တယ်။

" ကျမ သွားတော့မယ်..နှုတ်ဆက်ခဲ့ပါတယ်.." တဲ့။ ကျနော် သတိဝင်လာပြီး သူမလက်ကို လှမ်းဆွဲ လိုက်မိတယ်။ ပြီးမှ ပြန်တောင်းပန် လိုက်တယ်။

" ကိုယ်တို့ စာရင်းရှင်းကြရအောင်..." ကျနော်ခပ်တိုတို ပဲပြောပြီး အသင့်ယူထာတဲ့ မှတ်စုစာအုပ်လေး ကိုထုတ်လိုက်တယ်။

" လမ်းခွဲဇယား "

1.1st, June, ကျနော့်မွေးနေ့မှာသူ့ကိုပထမဆုံးလက်ဆောင်ပေးခဲ့တယ်။ (Sony Ericsson Handset = 150$)
2. 3rd, June , KFC စားကြတယ်..( 30$ / 2= 15$ per each )
3. 15th, June , သူအိမ်ပြောင်းတာ ( Taxi = 25$ for 13 minutes )
4. 30th, June , သူ့အမေအတွက် CG Brand လက်ဆွဲအိတ် ( 45 $ )
5. 15th, July, သူငယ်ချင်း မင်္ဂလာဆောင်သွားဖို့ အင်္ကျီဖိုး ( 39 $ )
6. 30th, July ,အိမ်လခစဖော်ဖိုး ခုထိပြန်မပေးရသေး ( 300 $ )
7. 17th, October, passport သက်တမ်းတိုးဖို့ အခွန်ဆောင်ပိုက်ဆံမလောက်လို့ စိုက်ထားတာ ( 50 $ )
( မှတ်ချက်။ လကုန်ရင် လွဲမယ်ဆိုပြီး ခုထိမလွဲရသေး )
8. Hari Raya Haji Holiday >> Zoo သွားတော့ လက်မှတ်ခ ( သူမနဲ့ သူမရဲ့သူငယ်ချင်းအတွက် 20 $ )
9. Phone Card ဖိုး ( Total 5 cards = 8x5= 40$ )
( Date မမှတ်မိတော့...)
10. 2006-07 New Year Night ( Party ဖိုးသူ့အတွက်စိုက်ခ = 30$ )

" ချစ်သူအတွက်နှစ်ချုပ် "

စုစုပေါင်း ရည်းစားသက်တမ်း - June to December ( 7 Months )
စုစုပေါင်း ကုန်ကျငွေ - 702 $
Remarks - ရည်းစားသက်တမ်း ၇ လအတွင်း သူမလက်ကိုသာ ကိုင်ခိုင်းခြင်း။
( ရုပ်ရှင်လက်မှတ်ဖိုးများ ထည့်မတွက်ထားပါ။ ကျနော်က လက်မှတ်ဝယ်၍ သူမကမုန့်ဝယ်သော ကြောင့်ဖြစ်သည်။ )


" ဟင်..နင်..နင်.." သူမတုန်လှုပ် စွာကျနော့်ကို အော်ခဲ့တယ်။

" နောက်တစ်နှစ်အတွက်က ဟိုဘက်စာမျက်နှာမှာပါ...." လို့ကျနော် သူမမျက်နှာကို မကြည့်ပဲ ပြောလိုက်တယ်။ ဖြတ်ကနဲ သူမလက်ညှိုးလေးနဲ့ 2007-08 နှစ်ချုပ်လေးကို တန်းခနဲ ထောက်ကြည့် လိုက်တယ်။

" 975$ and 50cents...ဟင် ပြားငါးဆယ်က ဘာအတွက်စွန်း နေရတာလဲ...." တဲ့။

" ချစ် ဒန်ပေါက်စားတဲ့နေ့ ကတစ်ရှူးလာရောင်းလို့ ၀ယ်လိုက်တာလေ..."

" ကို..ရယ်..အဲဒီလောက်တောင် မှတ်မိတာလားဟင်..." သူမပြောနေရင်း မျက်ရည်ဝိုင်းလာခဲ့တယ်။ ချစ်သူ သက်တမ်း တစ်လျှောက်လုံး ခေါ်လာတဲ့ " ကို " ဆိုတဲ့အသုံးအနှုန်း ရုတ်တရက် ပြန်ပေါ်လာ ခဲ့တယ်။ ရုတ်တရက် ဆိုသလို သူမမျက်နှာထားတင်း လာပြန်တယ်။

" အေး ..ကောင်းပြီလေ....ငါ ..နင့်ကို လကုန်ရင် ဒီငွေတွေ အားလုံးလွဲလိုက်မယ်..." သူမ ဒေါသသံနဲ့အတူ ငိုသံပါ ရောနေခဲ့တယ်။

" ကျန်သေးတယ်...." ကျနော်ခပ်ပြတ်ပြတ် ပြောမိလိုက်တယ်။

" ဘာလဲ..ဘာကျန်သေးလဲ..နင်ဘာပြန်လိုချင်သေးလဲ..." သူမနှုတ်ခမ်းတွေ တစ်ဆတ်ဆတ် တုန်ရီလာခဲ့တယ်။

" လက်ထဲက လက်ကိုင်ဖုန်း၊ ပြီးတော့ ဒီဖိနပ်ကလည်း Anniversary တုန်းက အမှတ်တရ ပေးခဲ့တဲ့ဟာမလား..."

သူမဆောက်တည်ရာမရ ထထွက်သွားခဲ့တယ်။ မြက်ခင်းပြင်ပေါ် ရောက်တော့ ဖိနပ်ချွတ်ပြီး ကျနော့် ရင်ဘတ်ကို ကောက်ပေါက်ခဲ့တယ်။ မိုးတွေကလည်း သဲကြီးမဲကြီးပါပဲ ရွာနေလိုက်ကြတာ။ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတဲ့ ပွဲကြည့်ပရိသတ်တွေ လိုပဲ။ သူမလှည့်ထွက် သွားခဲ့တယ်။ သူမငိုနေတာ ကျနော်မြင်နေရတယ်။ ကျနော်လည်း မတတ်နိုင်တော့ဘူး။

" ခဏ..ခဏ..."

သူမကိုက်စား လုမတတ်မျက်လုံးစိမ်းကြီးတွေနဲ့ လှမ်းကြည့်နေခဲ့တယ်။ သူမနဲ့ တော်တော် ဝေးတာတောင် အသက်ရှုသံတွေ ကြားနေရတယ်။ သူမပါးမှာ မိုးရေတွေလား၊ မျက်ရည်တွေလား ကျနော်မခွဲခြား တတ်တော့ဘူး

" ထီးလည်း ပြန်ပေးခဲ့ဦး..."

" ဘာ !!!!!! "

သူမ ခန္ဓာကိုယ် ရုတ်တရက်ဆိုသလို မိုးရေထဲမှာ ယိုင်လဲသွားခဲ့ တော့တယ်။

--------------------------------------။။။။။။။---------------------------------------------------

ခုတော့ ဒီအကြောင်းတွေကို ကျနော်တို့ရဲ့ မြေးတွေ၊ မြစ်တွေ အထိနှစ်ယောက်သား ဟာသ ပြောဖြစ်နေကြ ဦးမှာပါလေ။ စာဖတ်သူမောင်ဘွား မိတ်ဆွေတွေလည်း ချစ်သူက လမ်းခွဲမယ်ဆို ထုတ်သုံးဖို့ လက်နက်လေးပြင်ဆင် ထားကြဦးနော့။ ဒါမှ ချစ်သူကို အကြွေးနဲ့သိမ်းလို့ ရမှာ။



ဖန်နေ၀န်း

( မည်သူ့ကိုမျှ မရည်ရွယ်ပါ )

Thursday, September 9, 2010